ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဲအပြတ်အသတ်အနိုင်ရဖို့လိုတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် ဝေဖန်နေကြ
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အပြတ်အသတ်အနိုင်ရဖို့ အရေးကြီးခဲ့တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ သွယ်ဝိုက်သောအားဖြင့် မဲဆွယ်နည်းဖြစ်တယ်လို့ တိုင်းရင်းသား နိုင်ငံရေးပါတီတခုက ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူသို့ ပြောကြားခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂါနေ့ညနေပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် အဲဒီလို ပြောကြားခဲ့တာပါ။
" ပြည်ထောင်စု အဆင့်ကနေ တိုင်းပြည်နယ်အဆင့်အထိ လွှတ်တော်အသီးသီးမှာဆိုရင် ၇၅ ရာခိုင်နှုန်းကသာလျှင် ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကတော့ တပ်မတော်ကနေ ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ၅၀ ရာခိုင်နှုန်းကျော် ပြည်ထောင်စုလွှတ်တော်ထဲမှာ ရပြီးတော့ နိုင်ငံတော်အစိုးရဖွဲ့နိုင်ဖို့ဆိုတာဟာ ကျွန်မတို့က အပြတ်အသတ်နိုင်ဖို့ အင်မတန်မှ အရေးကြီးခဲ့ပါတယ်။
သာမန် ဒီမိုကရေစီတွေမှာလို ၅၀ ရာခိုင်နှုန်းကျော် နိုင်ယုံနဲ့ မရပါဘူး။ ကျွန်မတို့ဟာ ပြတ်ပြတ်သားသား အစိုးရတခု ဖွဲ့နိုင်ဖို့ဆိုရင် ပြတ်ပြတ်သားသား နိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်" လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒီပြောကြားချက်ဟာ ရွေးကောက်ပွဲမှာ မဲများများရဖို့အတွက် သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်နည်းဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ဒုဥက္ကဌ စိုင်းညွန့်လွင်က မှတ်ချက်ပြုပါတယ်။
"တည့်တည့်မဲပေးပါလို့တော့ သူမပြောဘူး။ ဒါပေမဲ့ ဒါဟာ များများနိုင်အောင် လုပ်တဲ့ မဲဆွယ်နည်းပဲလေ။ အစိုးရဆိုတော့ သူက သိပ်မကြောက်ဘူး။ လုပ်တာပဲ။
တခြားသူ လုပ်ရင် တရားစွဲခံရမှာ။ အခု မစွဲဘူး။ ပြီးသွားမှ ရွေးကောက်ပွဲနိုင်ပြီဆိုမှ စွဲမှာ။ အဲဒီတုန်းက မဲဆွယ်ချိန်မရောက်ခင်မှာ မဲဆွယ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ စွဲမှာ" လို့လည်း စိုင်းညွန့်လွင်က ဆိုပါတယ်။
ဒါဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အခြေအနေကို ပြန်လည်သုံးသပ်ပြခဲ့တာမှန်ပေမယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန် အခြားပါတီတွေ အားလုံး မဲဆွယ်စည်းရုံးခွင့် မရသေးတဲ့အချိန်မှာ ပါတီခေါင်းဆောင်တဦးက အခုလို ပြောဆိုတာဟာ အာဏာရပါတီက မဲဆွယ်တာတွေ စလုပ်နေတာ ဖြစ်တယ်လို့လည်း နိုင်ငံရေးပါတီတချို့က ပြောဆိုနေကြပါတယ်။
၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တရားဝင် ခွင့်ပြုထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးနေကြတာတွေ၊ ပြည်သူတချို့ကို အခြားထောက်ပံ့မှုတွေ ပေးနေကြတာတွေ၊ အားပေးထောက်ခံတဲ့ နိုင်ငံရေး ပါတီတွေဘက်က ရပ်တည်ကာ စကားရည်ပြိုင်ပြောကြတာတွေက အခုကာလအတွင်းမှာ အများအပြား ရှိနေပါတယ်။
ပြည်ထောင်စု အဆင့် ရာထူးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ ဖြစ်မယ်ဆိုရင် တည်ဆဲဥပဒေအတွေအရ ပါတီစည်းရုံးရေး လုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ ပြောကြားခြင်း ဆိုကာ အခုလို ပထမဆုံး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ဇူလိုင်၂ ရက်က စပြီး ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ကြေညာထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။