ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်တိုက်ပွဲကြားကဘဝ- 'ညာဖိနပ်ကလေးတစ်ဖက်'
- ရေးသားသူ, မြင့်လွင်
- ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း
- ရေးသားခဲ့သည်။
စစ်တွေမြို့ ဓညဝတီရပ်ကွက် အလိုတော်ပြည့်ကျောင်းထဲ လာခိုလှုံနေသူတွေရဲ့ အခန်းတွဲတစ်ခု ဝင်ပေါက်မှာ ညာဘက် ဖိနပ်ကလေးတစ်ဖက်ကို တွေ့ရတတ်ပါတယ်။
ဘုန်းကြီးကျောင်း မြောက်ဘက် အခန်းတွဲတွေထဲမှာ ဖိနပ်ကလေးတစ်ဖက်ထဲ အမြဲတမ်းတွေ့နေရတဲ့ အခန်းကတော့ စက်ချုပ်သင်ရင်း မမိုးမိုးနွယ်တည်းခိုနေတဲ့အခန်း ဖြစ်ပါတယ်။
သူက မနက်တိုင်း အဲဒီအခန်းကနေ ချိုင်းထောက်တစ်စုံနဲ့ လျှောက်လမ်းလေးအတိုင်း ထွက်လာပြီး ဓမ္မာရုံထဲမှာ စက်ချုပ်သင်နေတာပါ။
သူဟာ ရခိုင်ပြည်နယ်ထဲက တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြား လက်နက်ငယ်ကျည်ထိရာက ခြေတစ်ဖက် ဖြတ်လိုက်ရပြီး မိသားစု ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာအသစ်ကို မဖြစ်မနေ သင်နေရသူ မိန်းကလေးပါ။
"ခြေတစ်ဖက်မပါဘဲ ကျွန်မရွာကိုမပြန်ချင်ဘူး။ သူများတွေခြေအစုံနဲ့ သွားလာနေတဲ့အချိန် ကျွန်မက မသွားနိုင်တာကို အားငယ်မိတယ်။ စစ်သားတွေကို အရမ်းမုန်းတယ်"လို့ အသစ်စက်စက် ချိုင်းထောက်တစ်စုံကို အနားမှာ မှီထားရင်း မိုးမိုးနွယ်က ပြောပြပါတယ်။
စစ်ရှောင်ရင်းထိတဲ့ကျည်
မမိုးမိုးနွယ်ဟာ ကျောက်တော်မြို့နယ် သရက်အုပ် သင်္ဘောကွေ့ကျေးရွာက ဒိုင်းနက် မျိုးနွယ်စုဝင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးပါ။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်၊ နူးနူးညံ့ညံ့ ပုံစံနဲ့ပါ။
အသက် ၁၀ နှစ် လေးတန်းကျောင်းသား မောင်လေးတစ်ဦး ရှိပြီး သူတို့နှစ်ဦးက အသက် ၆၀ ကျော် အဒေါ်မုဆိုးမရဲ့ စောင့်ရှောက်ပေးမှုကြောင့် ကြီးပြင်းလာခဲ့ကြတဲ့ သူတွေပါ။
မိုးမိုးနွယ် အသက် ၅ နှစ်၊ မောင်လေးအသက် ၅ လသားအရွယ်မှာ သူ့တို့အမေ ရုတ်တရက်ဆုံးပါးသွားခဲ့လို့ အဒေါ်က သူတို့ကို စောင့်ရှောက်ခဲ့ရပြီး အဒေါ် ဒေါ်မယိုင်ကို သူတို့က "မေမေ" လို့ ခေါ်ပါတယ်။
သူတို့မိသားစုဟာ ကျောက်တော်မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ သင်္ဘောကွေ့ကျေးရွာမှာ နေထိုင်ရင်း နွေရာသီမှာ ထင်းခုတ်၊ မိုးရာသီမှာ ပျိုးနုတ်ကောက်စိုက် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်ကြပါတယ်။
မိုးမိုးနွယ်က ကျောင်းသူအရွယ်ပေမယ့် အုတ်ဖိုတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မောင်လေးပညာရေး နဲ့ အသက်ကြီးပြီဖြစ်တဲ့ အဒေါ်တို့အတွက် ဝင်ငွေရှာနေတဲ့သူပါ။
၂၀၂၀ မတ်လ ၃၀ ရက် မနက် ၄ နာရီလောက်မှာ သင်္ဘောကွေ့ကျေးရွာနဲ့ ရွာနီးချင်း ဖြစ်တဲ့ သရက်အုပ် ရခိုင်ကျေးရွာကို တပ်မတော် စစ်ကြောင်းတစ်ခု ကားသုံးစီးနဲ့ ဝင်ရောက်လာပြီး ရွာသားတွေကို စုပြီး စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီနေ့ တစ်နေကုန် ရွာသားတွေကို စစ်ဆေးပြီး တချို့လည်း အဖမ်းခံခဲ့ရပါတယ်။ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီးတော့ သင်္ဘောကွေ့ကျေးရွာသားတွေလည်း နီးစပ်ရာကို ထွက်ပြေးကြပါတယ်။
မိုးမိုးနွယ်တို့ကတော့ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်း ၄ နာရီလောက်မှာ စစ်ကြောင်းကားတန်းဟာ သရက်အုပ်ကျေးရွာက ပြန်ထွက်လာခဲ့ပြီး မကြာခင် ကျောက်တော်မြို့အဝင်လမ်းဆုံ အရောက်မှာ ပစ်ခတ်သံတွေ ကြားရပါတယ်။
မြို့ထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်တဲ့အတွက် အရပ်သား လူကြီးလူငယ်၊ ယောက်ျား၊ မိန်းမ တော်တော်များများ ထိခိုက်ခဲ့ကြပြီး သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
ပစ်သံကြားတာနဲ့ မိုးမိုးနွယ်က သူတို့ ရောက်ရှိခိုလှုံနေတဲ့ အိမ်မှာ ပြားပြားဝပ်နေတဲ့အချိန် လက်နက်ငယ် ကျည်တစ်တောင့်က သူ့ရဲ့ ဘယ်ဘက် ဒူးဆစ်အထက်နားလေးကို လာထိပါတယ်။
ကျည်ထိတာနဲ့ သူက "ခြေထောက် အရိုးကျိုးသွားပြီ မေမေ"လို့ ပြောတယ်လို့ အဒေါ်ဖြစ်သူ ဒေါ်မယိုင်က ပြောပါတယ်။
ဒါပေမဲ့ ဆေးရုံကို ချက်ချင်းမသွားနိုင်လို့ သွေးထွက်လွန်ပြီး မိုးမိုးနွယ် သတိလစ်သွားပါတယ်။
ပစ်ခတ်သံတွေ ပြီးမှ ဆေးရုံကို သွားခဲ့ရပြီး နောက်နေ့မနက်မှာ ဆရာဝန်ကြီးက စစ်တွေဆေးရုံကို ပို့ရမယ်ဆိုတော့ စရိတ်မရှိတဲ့အတွက် သတိလစ်နေတဲ့ မိုးမိုးနွယ်ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ရွှေဆွဲကြိုးကို ဖြုတ်ရောင်းပြီး သုံးခဲ့ရတယ်လို့ ဒေါ်မယိုင်က ပြန်ပြောပြပါတယ်။
ဆေးရုံရောက်ပြီး မကြာခင်မှာတော့ မိုးမိုးနွယ်ရဲ့ ဘယ်ဘက်ခြေထောက် ပေါင်တဝက်လောက်ကနေ ဖြတ်ပစ်လိုက်ရပါတယ်။
စစ်ပွဲတွေရပ်
"ကျွန်မကို သူလုပ်ကျွေးတာ နှစ်နှစ်ရှိပြီ။ … သမီးလေးခြေဖြတ်လိုက်ရတော့ ရင်ထဲမခံစားနိုင်ဘူး။ အခု ပိုက်ဆံတွေလာပေးကြတော့ မျက်ရည်ကျပြီး လက်ခံရတယ် "လို့ ဒေါ်မယိုင် ပြောပါတယ်။
အခုတော့ မိသားစုကို ပြန်ပြီးလုပ်ကျွေးနိုင်ဖို့ စက်ချုပ်တဲ့အလုပ်ကို သင်နေပြီလို့ မိုးမိုးနွယ်က ပြောပါတယ်။
မပြည့်စုံတဲ့ ဘဝကနေ ခြေတစ်ဖက်ပါ ဖြတ်လိုက်ရတာ သူ့အတွက် ဆုံးရှုံးမှုကြီး ဖြစ်ပေမဲ့ မိသားစု စားဝတ်နေရေးအတွက် ကျန်တဲ့ခြေတစ်ဖက်နဲ့ ဘဝကို ရပ်တည်ဖို့ သူက ဆုံးဖြတ်ထားပါတယ်။
အုတ်ဖုတ်စက်မှာ လုပ်တုန်းက ပင်ပန်းပေမဲ့ အသားကျနေခဲ့ပြီ ဖြစ်ပြီး အခု စက်ချုပ်သင်တာက သိပ်မပင်ပန်းပေမဲ့ တစ်ခါမှ မလုပ်ဖူးတော့ သူ့အတွက် ခက်ခဲလွန်းနေပါတယ်။
ပိုဆိုးတာက စက်ကို ခြေတစ်ဖက်တည်းနဲ့ နင်းရတာပါ။
"အစကတော့ ကျွန်တော်တို့အဖွဲ့က သူ့ကို မော်တာပါတဲ့ စက်ဝယ်ပေးမလို့။ ဒါပေမယ့် သူတို့ရွာမှာက လျှပ်စစ်မီးမရှိဘူး။ ဒါကြောင့် ရွာမှာနေရင်း လုပ်လို့ရမယ့် ခြေနင်းစက်နဲ့ပဲ သင်ခိုင်းနေရတယ်"လို့ စစ်တွေဆေးရုံရောက် ဒဏ်ရာရလူနာတွေကို ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့တစ်ခုက ဦးသန်းထွန်းက ပြောပါတယ်။
စစ်တွေကနေ ရွာကိုပြန်ရင် အဝတ်စတွေ ဝယ်၊ အထည်တွေ ကိုယ်တိုင်ချုပ်ရောင်းပြီး မောင်လေးနဲ့ အဒေါ်ကို အရင်လို ပြန်ပြီး လုပ်ကျွေး ပြုစုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်တစ်ခုနဲ့ အပ်ချုပ်ပညာကို သူက ခဲခဲယဥ်းယဥ်း သင်နေတာပါ။
စစ်ကြောင့် ကိုယ်တိုင် ခြေတစ်ဖက် အဖြတ်ခံလိုက်ရပေမယ့် နောက်ထပ် ဘယ်သူ့ကိုမှ သူ့လို မဖြစ်စေချင်တော့ပါဘူး။
စစ်ပွဲတွေကိုလည်း မဖြစ်စေချင်တော့ဘူးလို့ ဆိုပါတယ်။
"သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ပွဲတွေကို ရပ်ပေးကြပါ " လို့ မိုးမိုးနွယ်က ပြောပါတယ်။