အမေရိကန်တဝန်း ဆန္ဒပြပွဲတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ သမ္မတထရမ့်ပြောတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဆန္ဒပြရာမှာ အကြမ်းဖက်ဆူပူသူတွေကို ဗဟိုအစိုးရရဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ အကူအညီကို ရယူပြီး အဆုံးသတ်မယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Chip Somodevilla/Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြရာမှာ အကြမ်းဖက်ဆူပူသူတွေကို ဗဟိုအစိုးရရဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ အကူအညီကို ရယူပြီး အဆုံးသတ်မယ်လို့ ပြော
ရေးသားခဲ့သည်။

(၁) ဆန္ဒပြပွဲတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ သမ္မတထရမ့်ပြော

လူမည်းအမျိုးသား သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုတဝန်း ဆန္ဒပြမှုတွေ ပြင်းထန်နေချိန်မှာပဲ သမ္မတထရမ့်က ဆန္ဒပြရာမှာ အကြမ်းဖက်ဆူပူသူတွေကို ဗဟိုအစိုးရရဲ့ စစ်တပ်နဲ့ ရဲတွေရဲ့ အကူအညီကို ရယူပြီး အဆုံးသတ်မယ်လို့ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းမှာ အိမ်ဖြူတော်မှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ လုယက်တာ၊ ဖျက်ဆီးတာ၊ စတဲ့ ဆူပူတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ပြီး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောပါတယ်။

လိုအပ်လာရင် ဗဟိုအစိုးရ စစ်တပ်နဲ့ ရဲတွေ ထပ်စေလွှတ်မယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်သူတွေ၊ အကြမ်းဖက်သူတွေဟာ ကြီးမားတဲ့ ပြစ်ဒဏ်တွေ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဝါရှင်တန်ဒီစီမှာ ထုတ်ပြန်ထားတဲ့ ည ၇ နာရီကနေစတဲ့ ညမထွက်ရ အမိန့်ကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အများစုဟာ ဆန္ဒပြပွဲတွေ ကိုင်တွယ်ရာမှာ ပျော့ညံ့ကြောင်းနဲ့ ဦးဆောင်သူတွေကို ပြစ်ဒဏ်ကြီးတွေ ပေးလိုက်ရင် ဒါမျိုး ထပ်ဖြစ်တော့မှာ မဟုတ်တော့ဘူးလို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ဖြိုခွဲခဲ့သလို ဆန္ဒပြသူတချို့ကလည်း ရဲကားတွေ မီးရှို့၊ ဆိုင်တချို့ကို ဖောက်ထွင်း လုယက်တာတွေ လုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဒီဆန္ဒပြပွဲတွေ ပြင်းထန်နေတာ ခြောက်ရက်ရှိလာပြီး မြို့ပေါင်းလေးဆယ်ကျော်ကို ကူးစက်သွားပါပြီ။

အမေရိကန်ပြည်ထောင်စု၊ မီနီဆိုးတားပြည်နယ်မှာ ရဲတွေဖမ်းဆီးထားစဉ် သေဆုံးခဲ့ လူမည်းအမျိုးသားနဲ့ ပတ်သက်လို့ နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ပြင်းထန်နေချိန်မှာပဲ သမ္မထရမ့်က အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောလိုက်ပါတယ်။

အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသား George Floyd ဟာ မေလ ၂၅ ရက်နေ့တုန်းက ရဲတွေရဲ့ ဖမ်းဆီးတာခံခဲ့ရစဉ် လူမြင်ကွင်းမှာ သူ့ရဲ့ လည်မျိုကို ဒူးခေါင်းနဲ့ တက်ဖိထားတဲ့ ရဲတစ်ဦးရဲ့ အပြုအမှုကြောင့် အသက်ရှုကျပ် သေဆုံးခဲ့ရပါတယ်။

အဲ့ဒီဗွီဒီယိုဖိုင်ဟာလည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့သွားပြီးတဲ့နောက် လူတွေ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတထရမ့်ကတော့ လူမည်းအမျိုးသား သေဆုံးခဲ့ရမှုဟာ အချည်းနှီး မဖြစ်စေရပါဘူးလို့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဝါရှင်တန်ဒီစီမှာ ပြည်နယ် ၅ ခုက လုံခြုံရေးတပ်ဖွဲ့ ရာနဲ့ချီချထားပြီး ဖြစ်ပြီး နောက်ထပ်လည်း တပ်ဖွဲ့ဝင် ၁ ထောင်ကျော်လောက်က လုံခြုံရေးယူထားပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။

မိန့်ခွန်းအပြီးမှာတော့ သမ္မတထရမ့်ဟာ အိမ်ဖြူတော်အနီးက စိန့်ဂျွန်းဘုရားရှိခိုးကျောင်းရှေ့ကို သွားရောက်ပြီး ခရစ်ယာန် သမ္မာကျမ်းစာ စာအုပ်နဲ့ ဓာတ်ပုံ အရိုက်ခံခဲ့ပြီး ဒီလို ထူးခြားတဲ့နေရာမှာ သူ့ရဲ့ လေးစားမှုကို ပြသတာပါလို့ ပြောခဲ့ပါတယ်။

(၂) တပ်မတော်နဲ့ အပစ်ရပ်ဖို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ ကမ်းလှမ်း

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ကျောက်တော်ကို ဇန်နဝါရီလတုန်းက ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ကျောက်တော်ကို ဇန်နဝါရီလတုန်းက ရောက်လာကြတဲ့ စစ်ဘေးရှောင်တွေ

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့် MNDAA၊ တအာင်းပလောင် TNLA လက်နက်ကိုင်တပ်ဖွဲ့တွေက ဇွန်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ တပ်မတော်နဲ့ ၃ လကြာ သက်တမ်းထပ်မံတိုးပြီး နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းတယ်ဆိုပြီး ဇွန်လ ၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကမ်းလှမ်းချက်မှာတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့၊ အစိုးရ၊ တပ်မတော်နဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့၊ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့၊ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးမှာ အထောက်အကူပြုဖို့ အချက် ၆ ချက်ကို ထည့်သွင်း ဖော်ပြပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ တပ်မတော်နဲ့ အပစ်ရပ်ဖို့ ၂၀၁၉ ကတည်းက ကြေညာလာခဲ့တာ ၅ ကြိမ်မြောက် ရှိခဲ့ပြီး၊ မေလ ၃၁ ရက်နေ့မှာ အပစ်ရပ်ကာလ ကုန်ဆုံးသွားတာကြောင့် အခု ၃ လတာ အပစ်ရပ်ကာလကို ၆ ကြိမ်မြောက် သက်တမ်းတိုးရတာလို့လည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါပေမဲ့တော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

တပ်မတော်ကတော့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ မေလကနေ သြဂုတ်လကုန်အထိ တဖက်သတ် အပစ်ရပ်တယ်လို့ ကြေညာထားပေမယ့် အဲ့ဒီထဲမှာ အကြမ်းဖက်လို့ ကြေညာထားတဲ့ AA အဖွဲ့ လှုပ်ရှားနေတဲ့ နေရာတွေတော့ မပါပါဘူး။

ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မတော်နဲ့ နှစ်ဦးနှစ်ဖက် အပစ်ရပ်ရေးကို အတူတကွ ပူးတွဲကြေညာပေးပါ ဆိုပြီးတော့လည်း ဖော်ပြပါတယ်။

ကမ်းလှမ်းချက်ကို တပ်မတော်ဘက်က တစုံတရာ တုံ့ပြန်မှုမရှိဘဲ ထိုးစစ်ဆင်တာတွေကို ဆက်လုပ်နေမယ်ဆိုရင်တော့ တုံ့ပြန်ကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

(၃) ပြည်ပဝင်ခွင့် ကန့်သတ်ချက်တွေ ၂ ပတ် သက်တမ်းတိုး

ရန်ကုန်က ကားမှတ်တိုင်တချို့မှာရှိတဲ့ လက်ဆေးစင်မှာ သန့်ရှင်းရေးပြုလုပ်နေကြစဉ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/GettyImages

ဓာတ်ပုံ ပုံစာ, ရန်ကုန်က ကားမှတ်တိုင်တချို့မှာရှိတဲ့ လက်ဆေးစင်မှာ သန့်ရှင်းရေးပြုလုပ်နေကြစဉ်

မြန်မာနိုင်ငံကို နိုင်ငံခြားတိုင်းပြည်တွေက လာရောက်ကြမယ့် ခရီးသည်တွေအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာကနေ ဇွန်လ ၁၅ ရက်နေ့အထိ တိုးမြှင့် ကန့်သတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

ထုတ်ပြန်ထားတဲ့အထဲမှာ ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်တွေနဲ့ အတူ ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရောနစ်ဗီဇာ ထုတ်ပေးတာကို ယာယီရပ်ဆိုင်းတာ၊ နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခွင့်နဲ့ လူမှုရေးဗီဇာ အပါအဝင် မည်သည့် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းတာ စတာတွေ ပါပါတယ်။

ဒါပေမဲ့တော့ အစိုးရကိစ္စနဲ့ ဖြစ်စေ၊ မလွှဲမရှောင်သာ ကိစ္စတွေကြောင့် ဖြစ်စေ ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ လာဖို့ရှိကြတဲ့ ပြည်ပနိုင်ငံသား သံတမန်တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေကတော့ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကင်းလွတ်ခွင့်တွေ ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်တဲ့ လူနာသစ်တွေထဲမှာ နိုင်ငံခြားက ပြန်လာသူတွေပဲ တိုးလာနေပြီး နိုင်ငံတွင်း ခရီးသွားရာဇဝင် မရှိသူတွေကြား ကူးစက်မှုမရှိတာက သီတင်း ၂ ပတ်လောက် ရှိလာပြီ ဖြစ်ပေမယ့်လည်း စိတ်ချရတဲ့ အနေအထားတော့ မရောက်သေးဘူးလို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကူးစက်လူနာ ၂၂၈ ဦး ရှိနေပြီ ဖြစ်ပါတယ်။