အပစ်ရပ်ကြေညာတာ ၊သူတို့တွေ မပျော်နိုင်ပါ ။

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ အခုလက်ရှိ ဖြစ်နေတဲ့ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကာကွယ်ထိမ်းချုပ်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ချက်နဲ့ မေလ (၁၀) ရက်နေ့ကစပြီး သြဂုတ်လ (၃၁) ရက်နေ့အထိ သုံးလကျော် ပစ်ခတ်တိုက်ခိုက်မှု တွေရပ်နားတယ်လို့ တပ်မတော်ဘက်က စတင် ကြေညာလိုက်ပါတယ်။

ဒါပေမယ့် ထုတ်ပြန်ချက်မှာ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ ဒေသတွေ မပါဘူးလို့လည်း ဆိုပါတယ်။

အစိုးရက အကြမ်းဖက်လို့ကြေညာထားတဲ့ ရခိုင်တပ်တော် အေအေနဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲ ပွဲဖြစ်ရာဒေသတွေထဲမှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်၀ ဒေသတို့ပါဝင်ကြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့ ပလက်ဝ မှာ မေလ ၁၀ရက်နေ့ကတော့ ဒေသအတွင်းတိုက်ပွဲတွေငြိမ်သက်နေတယ် လို့ဆိုပါတယ်။ ပလက်ဝ က ချင်းလူမျိုးစစ်ဘေးရှောင်တွေ က တော့ သူတို့ဟာ တပ်မတော် အပစ်ရပ်ကြေညာပေမယ့် အေအေ အဖွဲ့နဲ့ တပ်မတော် တို့တိုက်ပွဲတွေဖြစ်ရာ ဒေသမို့ မပျော်နိုင်သေးတဲ့အကြောင်းဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဝေးနေသူများ

" ကျွန်မတို့ရွာမှာနေတုန်းက လေယာဉ်တွေလာပစ်တယ်၊ ရွာထဲ ရှိတဲ့အိမ်တွေမီးလောင်တယ်။ ကျွန်မတို့လည်း ပြေးကြတာ အခုပလက်၀ အထက ၁မှာ နေနေရတယ်။ ပစ်တော့ ဒဏ်ရာရသူတွေလည်းရှိတာပေါ့ ၊ခုထိ ဆေးကုနေရတုန်း၊ တပ်ကတော့ သူတို့ပြောတာ ရွာမှားပစ်တယ် ပြောတယ်" လို့တပ်မတော်က ပြီးခဲ့တဲ့ ရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပလက်ဝမြို့နယ်ထဲက နန်းချောင်း၀ ကျေးရွာကနေ ထွက်ပြေး လာရတဲ့ ဒေါ်အောင်ထင်း ကပြောပါတယ်။။

ပလက်ဝ အနီးက မိတ်စာဝကျေးရွာ သုံးရွာ၊ ဝက်မကျေးရွာအုပ်စု၊ ပြိုင်တိန်ကျေးရွာတွေမှာလည်း တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒေသခံရွာသား ၂၁ ဦးသေဆုံးခဲ့ရသလို ၂၈ ဦးဒဏ်ရာရခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်ခံရတဲ့ ရွာတွေဟာ ချင်းလူမျိုးတွေပဲ နေထိုင်တဲ့ ရွာတွေဖြစ်ပါတယ်။

ဒီလို မြေပြင်နဲ့ လေကြာင်း တိုက်ပွဲတွေကြောင့် မီးချောင်းတလျှောက် နေထိုင်တဲ့ ရွာသားတွေဟာရွာလုံးကျွတ် ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်နေကြ တဲ့အတွက် ဆမီးမြို့ ကစစ်ဘေးရှောင် စခန်းတွေမှာ ဒေသခံပြည်သူ နှစ်ထောင်လောက် ရှိနေတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။

ဆမီးမြို့ဟာ လမ်းပန်းဆက်သွယ်ရေးအရ မင်းတပ်၊ မတူပီမြို့တွေနဲ့လည်း နီးတဲ့အတွက် အလှူရှင်တွေလက်လှမ်းမှီ တဲ့နေရာလည်း ဖြစ်ပါတယ်။

တိုက်ပွဲကြားက ပိတ်မိနေတဲ့မြို့ကလေး

ချင်းပြည်နယ် ပလက်ဝမြို့နယ်အနီး တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွား ခဲ့တာကြောင့် ဧပြီလ၂၂ ရက်နေ့ ညနေပိုင်းက ပလက်ဝ မြန်မာ့စီးပွားရေးဘဏ် ပရဝဏ် အတွင်း လက်နက်ကြီးကျည်ကျခဲ့ကာ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ပလက်ဝမြို့နယ်အနီးမှာ ဧပြီ ၇ ရက်က လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၇ ဉီး သေဆုံး၊ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေလည်း မီးလောင်ခဲ့တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ(KACC)ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

ပလက်ဝရဲ့ လက်ရှိ အခြေအနေကတော့ ပြင်ပ အကူအညီအဖြစ် ဆန်အိတ်တစ်ချို့ရောက်ရှိတာကလွဲရင် ကုန်စည်သယ်ယူပို့ဆောင်ရေး အဓိက လမ်းကြောင်းဖြစ်တဲ့ ပလက်၀ ကျောက်တော် ရေကြောင်းလမ်းကို မတ်လကတည်းက ပိတ်ထားတာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ အကြီးအကျယ် ကြုံတွေ့နေရတယ် ဆိုပါတယ်။

" ဆန်အိတ်တွေတော့ ရောက်လာပြီ၊ ဒါပေမယ့် ဆန်တစ်ခုတည်း စားတာ မဟုတ်တော့ ကျွန်တော်တို့အနေနဲ့ လိုအပ်ချက်တွေ ရှိပါသေးတယ်။ ပလက်ဝမြို့ပေါ်မှာလည်း ရွာတွေကနေ လာရှောင်တဲ့ စစ်ဘေးရှောင်တွေနဲ့ အများကြီး ။ အဓိကကတော့ အိမ်သာအခက်အခဲပေါ့ " လို့ ပလက်ဝဒေသခံ တစ်ဦးဖြစ်တဲ့အိုက်ထွန်းမင်းက လက်ရှိ ပလက်၀ အခြေအနေကို ပြောပြပါတယ်။

စစ်ဘေးရှောင်တွေလည်းပိတ်မိနေ

ပလက်ဝမြို့နယ်ထဲက ထွက်ပြေးလာတဲ့ရွာသားတွေကတော့ လက်ရှိအခြေအနေမှာ သုံးထောင်လောက်ရှိပြီး ပလက်ဝမှာလည်း မလုံခြုံတာကြောင့် မိမိတို့ရွာတွေကို ပြန်ပြောင်းသွားသူတွေလည်းရှိတယ်လို့ အိုက်ထွန်းမင်း က ဆိုပါတယ်။

ပလက်ဝမြို့နယ်ထဲက နန်းချောင်း၀ ၊ တုန်းမ၀ စတဲ့ရွာတွေမှာလည်း တပ်တွေချထားပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ရွာသားတွေဟာ ရွာပြင်ကို မထွက်ရဲပဲ ပိတ်မိနေတာတွေလည်း ရှိပါတယ်။

ဒါကြောင့်ဆန်ဈေးတွေလည်း အဆမတန်တက်ကာ၊ စားစရာဆန်သာမက အခြေခံစားသောက်ကုန် နဲ့ ဆေးဝါးတွေလည်း ပြတ်လပ်နေပြီဖြစ်တယ်လို့ တုန်းမဝနဲ့နန်းချောင်းဝရွာတွေက ဒေသခံတွေက အခြေအနေကို ပြောပါတယ်။

တိုက်ပွဲ အခြေအနေအရတော့ ဧပြီလ ဒုတိယအပတ်ကတည်းက မပစ်ခတ်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အမြှောက်ပစ်သံတွေဟာ မေလ၈ ရက်နေ့လောက်က စတင်ပြီး ပြန်လည်ကြားနေရတဲ့အတွက် ပလက်ဝမြို့ခံတွေဟာ ရေချိုးတာတောင် အချိန်နဲ့ ချောင်းထဲ သွားချိုးနေရတယ်လို့ အိုက်ထွန်းမင်းက ဆိုပါတယ်။

ရွာတွေကနေ ထွက်ပြေးလာတုန်းက ဘာပစ္စည်းမှ မယူလာခဲ့ရသလို ကျန်ခဲ့တဲ့ နေအိမ်တစ်ချို့ တိုက်ပွဲတွေကြောင့် မီးလောင် သွားတဲ့အတွက် ခုလက်ရှိ ထွက်ပြေးလာသူတွေအတွက် အသုံးအဆောင်ပစ္စည်းတွေ လိုအပ်သလို နေစရာတွေလည်း လိုအပ်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို ကူညီသူတွေကောက်ယူထားတဲ့ စာရင်းအရ ပလက်ဝမြို့မှာ ၃၇၀၀ ဦး၊ ဆမီးမြို့ စစ်ဘေး ရှောင်စခန်း မှာ ၂၆၀၀ ဦး၊ မီးဇာမှာ ၂၀၀၀ ကျော်နဲ့ စုစုပေါင်း စစ်ဘေး ရှောင်သူ ရှစ်ထောင်နီးနီးရှိတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ပလက်ဝဟာ ရခိုင်ပြည်နယ် နဲ့ထိစပ်နေတဲ့အတွက် လုံခြုံရေးအရ ဆမီးမြို့အထိသာ မတူပီကနေ တဆင့် သွားလာနိုင်ပြီး၊ မကြာခင် မိုးရာသီမှာတော့ မတူပီ - ဆမီးကားလမ်း အသုံးပြုရန် ခက်ခဲတဲ့အတွက် အဆက်အသွယ်တွေ ပြတ်တောက်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

အခုလို တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြေညာလိုက်ပေမယ့် အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရာဒေသမပါဝင်လို့ဆိုတဲ့အတွက်လည်း တိုက်ပွဲတွေဆက်ဖြစ်လာမှာ ကြောက်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလို ကြေညာခဲ့တဲ့ မေလ ၁၀ ရက်နေမှာတော့ ပလက်၀ တမြို့လုံး အရင်ရက်ပိုင်းက ကြားနေကြ အမြှောက်ပစ်သံတွေနဲ့ လေယာဉ်ပျံဝဲသံတွေဟာ ထူးထူးခြားခြား ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။