တပ်မတော်က သာသနာရေးဝန်ကြီးကို အရေးယူပေးဖို့ တောင်းဆိုမယ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ အစိုးရ အုပ်ချုပ်မှုအောက်မှာ မရှိဘူးလို့ ပြောကြားခဲ့တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို အရေးယူပေးဖို့ တပ်မတော်ဘက်က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြည်ထောင်စုဝန်ကြီး ပြောကြားမှုနဲ့ပတ်သက်လို့ အခုလို ပြောလိုက်တာပါ။

"အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဒီလို ဝန်ကြီးတစ်ဦးပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူပေးဖို့ တင်ပြလိုပါတယ် " လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီအနေနဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်အပြီး ၁၀ ရက်အကြာမှာပဲ သတင်းစာရှင်းလင်းပွဲနောက်တစ်ကြိမ်လုပ်တာ ဖြစ်ပြီး ပုံမှန် သတင်းစာရှင်းလင်းပွဲ ထက် ရက်စောပြီး ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့ချုပ်က ဦးစီးလုပ်တဲ့အခမ်းအနားမှာ ဝန်ကြီးသူရဦးအောင်ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး "ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ဥပဒေလက်လွတ်ပြောသွားတာ" ကျွန်တော်တို့တွေ့ရပါတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စီမံကိန်းတွေလုပ်တိုင်းလုပ်တိုင်း ကန့်ကွက်တဲ့သူတွေ ရောက်လာတယ်။ ကန့်ကွက်တဲ့သူတွေကလဲ ဒီမျက်နှာတွေပဲ။ ဘူးလက်တို့ ခင်ဝိုင်းကြည်တို့ ကန့်ကွက်သူကို ဖမ်းမှာလား မေးတဲ့အခါ ဖမ်းမှာလို့ပြောတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဖမ်းခိုင်းရမှာဖြစ်တယ်။ ရဲတပ်ဖွဲ့ကို အဓိက အုပ်ချုပ်နေတာဟာ အစိုးရမဟုတ်ဘဲနဲ့ ဘယ်အဖွဲ့အစည်းက အားလုံးအုပ်ချုပ်နေတယ်ဆိုတာကို သိတယ် လို့ ဝန်ကြီးသူရဦးအောင်ကိုက ပြောခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၂ အရ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတွေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းရတာဖြစ်ပါတယ် ။

ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲနဲ့ ပတ်သက်တဲ့ ကွပ်ကဲအုပ်ချုပ်မှုဟာ အစိုးရအဖွဲ့ထံမှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိပြီး၊ အခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံတော်သမ္မတ ရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များကို ပြန်ပြီးလေ့လာကြည့်ပါက တွေ့ရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုပြောကြားချက်တွေဟာ ဥပဒေနဲ့ မညီတဲ့ အခြေအမြစ်မရှိတဲ့ ပြောကြားချက်တွေဖြစ်တယ်လို့ ပြောလိုတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်မှာ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီး ဖြစ်လာသူ သူရဦးအောင်ကိုဟာ တပ်မတော်မှာ ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ယူခဲ့သူတဦး ဖြစ်ပါတယ်။

ရန်ကုန်မှာကျင်းပတဲ့ မြန်မာနိုင်ငံမွတ်ဆလင်လူငယ်များ ဘာသာရေးအဖွဲ့ချုပ်က ဦးစီးလုပ်တဲ့အခမ်းအနားမှာ ဝန်ကြီးသူရဦးအောင်ကို ကဦးဝီရသူ အပါအဝင် ဘူးလက်လှဆွေစတဲ့ တရားခံပြေးတွေကို ရဲတပ်ဖွဲ့ကို ဖမ်းခိုင်းထားကြောင်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က ပြည်ထောင်စု အစိုးရက ညွှန်ကြားလို့ ရန်ကုန်တိုင်း အစိုးရက ဦးဝီရသူကို တရားစွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဟာ ဦးဝီရသူ ကို ဖမ်းဆီနိုင်ခြင်းမရှိသေးပါဘူး ။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အစိုးရကတရားစွဲထားတဲ့ ဦးလှဆွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၂အရ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမဆို ဖမ်းနိုင်တဲ့ ဖမ်းဝရမ်းကို တရားရုံးက၂၀၁၉ ခုနှစ် သြဂုတ်လ၂၈ ရက်နေ့ မှာ ထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင်သတင်းစာရှင်းလင်းပွဲမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာကို လက်နက်ကြီး ကျည် ကျရောက်ပြီး လူ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရတဲ့ကိစ္စဟာ အေအေ အဖွဲ့ရဲ့လုပ်ဆောင်ချက် ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထောက်အထားအချို့နဲ့ ရှင်းခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းရေးသားခဲ့တဲ့ မီဒီယာများထဲက ရိုက်တာ သတင်းဌာနကိုလည်း တပ်မတော်ကို စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားပြီး ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ သူကပြောသွားပါတယ် ။