ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရတ်က အမေရိကန်သံရုံးအနီး ဒုံးကျည် ထပ်ကျ၊ အီရန်နဲ့ ဆွေးနွေးမယ်လို့ အမေရိကန်ပြော
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က လုံခြုံရေး ထူထပ်စွာ ချထားတဲ့ အစိမ်းရောင် နယ်မြေထဲကို ဒီဇင်ဘာ ၈ ရက် ဗုဒ္ဓဟူး ညနေပိုင်းက အနည်းဆုံး ဒုံးကျည်နှစ်စင်း ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
အမေရိကန်သံရုံးအပါအဝင် နိုင်ငံခြား အစိုးရပိုင် အဆောက်အအုံတွေ ဒီနယ်မြေမှာ တည်ရှိတာပါ။ ဒုံးကျည်တွေကျလို့ မီးလောင်ခဲ့တယ်လို့လည်း အီရတ်စစ်ဘက်က ပြောဆိုပါတယ်။
အမေရိကန်သံရုံးကို ပစ်မှတ်ထားပေမယ့် တိုက်ရိုက်မထိဘူးလို့လည်း အဲဒီမှာ ရှိတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်သူက လုပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်ဗိုလ်ချုပ်ကြီးကို အမေရိကန်က လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို အီရန်က လက်တုံ့ပြန်ခဲ့ပြီးနောက်ပိုင်း အီရတ်မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု ထပ်ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ အီရန်နဲ့ အမေရိကန်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် စစ်ပွဲအရှိန်မြင့်မလာရေးအတွက် အီရန်နဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားဘဲ အလေးအနက်ဆွေးနွေးမယ်လို့ အမေရိကန်က ပြောပါတယ်။
အမေရိကန်က ကုလကို ပေးပို့တဲ့စာထဲမှာ အီရန်ဗိုလ်ချုပ်ကြီးကို လုပ်ကြံသတ်ဖြတ်လိုက်တာဟာ ကိုယ့်နိုင်ငံကိုယ် ခုခံကာကွယ်တဲ့ လုပ်ရပ်လို့ အမေရိကန်က ပြောပါတယ်။
အီရန်ဘက်ကလည်း ဗိုလ်ချုပ်ကြီး တိုက်ခိုက်သတ်ဖြတ်ခံရလို့ အီရတ်မှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ တိုက်ခိုက်တုံ့ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှု မရှိပါဘူး။
ဒီ အီရန်ရဲ့တိုက်ခိုက်မှုကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ တိုက်ခိုက်မှုလို့ အီရန်က ကုလကို ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ အီရန် ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီဟာ အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီပြီးရင် ဒုတိယ သြဇာအာဏာ အရှိဆုံးလို့ ယူဆခံထားရသူ ဖြစ်ပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ကွဒ်စ် အထူးတပ်ဖွဲ့ရဲ့ ခေါင်ဆောင်ဖြစ်တဲ့ ဒီဗိုလ်ချုပ်ကြီးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အီရန်ရဲ့မူဝါဒတွေ ချမှတ်သူဖြစ်ပါတယ်။
အီရန်ဘက်က လက်တုံ့ပြန်မှုတွေ ပြင်းပြင်းထန်ထန်လုပ်မယ် ပြောထားပြီး အခု ဒုံးကျည်နဲ့ တိုက်ခိုက်တုံ့ပြန်မှုဟာ အမေရိကန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲလို့ အီရန် ခေါင်းဆောင် ခါမေနီက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးနဲ့အတူ သေဆုံးသွားတဲ့ အီရန်ထောက်ခံတဲ့ အီရတ်စစ်သွေးကြွတွေရဲ့ အုပ်စုတွေကလည်း လက်စားချေမယ်လို့ ကြိမ်းဝါးထားပါတယ်။
ဒါပေမဲ့ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်ကတော့ သူတို့ရထားတဲ့ သတင်းတွေအရ အဲဒီ စစ်သွေးကြွ အဖွဲ့တွေ အမေရိကန် ပစ်မှတ်တွေကို မတိုက်ကြဖို့ အီရန်က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာလည်း ဇန်နဝါရီ ၉ ရက် ကြာသပတေးနေ့မှာ သမ္မတ ထရမ့်အနေနဲ့ လွှတ်တော်ရဲ့ သီးခြား အတည်ပြုချက်မပါဘဲ အီရန်နဲ့ စစ်တိုက်တာကို ကန့်သတ်ဖို့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။