ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောကြားချက်အပေါ် တုံ့ပြန်မှုများ

ရေးသားခဲ့သည်။

မိဘတွေ စီးပွားရေးပိုလုပ်နိုင်ဖို့ အခြေခံပညာကျောင်းတွေကို တစ်လတိုးဖွင့်ရတာဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ပြောကြားချက်အပေါ် ဆရာဆရာမတွေနဲ့ ကျောင်းသား မိဘတွေ အပါအဝင် လူထုကြား ဝေဖန်ကန့်ကွက်မှုတွေ ပြင်းထန်ကျယ်လောင်နေပါတယ်။ ဝန်ကြီးရဲ့ ပြောကြားချက်က ဆရာတွေကို ကလေးထိန်းသဘောပြောကြားတဲ့အတွက် လက်မခံနိုင်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းကပြောကြားပြီး ကလေး မိဘတွေဘက်ကလည်း စီးပွားရေးလုပ်နိုင်အောင်လို့ ဒီလိုကျောင်းတစ်လ ထပ်တိုးတက်ခိုင်းဖို့မလိုဘူးလို့ ကန့်ကွက်တာတွေရှိလာနေပါတယ်။ ဒါနဲ့ပတ် သက်ပြီး ပြည်သူတွေရဲ့အမြင် တချို့ကိုကို စုစည်းဖော်ပြလိုက်ပါတယ်။

ဒေါ်နီလာဝင်း(မူလတန်းပြ၊ အထက ၃၅၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး)

အခုပညာရေစနစ်က တအား ကသိကအောက်နိုင်တယ်။ မတ်လမှာ တက္ကသိုလ်ဝင်စာမေးပွဲတွေရှိတယ်။ ၄ တန်းနဲ့ရှစ်တန်းကလည်း မတ်လထဲ ရောက်သွား တယ်။ စာမေးပွဲရဲ့လုပ်ထုံးလုပ်နည်းနဲ့ ပြင်ဆင်ရတာကြောင့် ဆရာဆရာမတွေရော အင်အားအကုန်လုံးကို သုံးရတယ်။ တက္ကသိုလ်ဝင်တန်းဆိုလည်း မူလတန်းဆရာ ဆရာမတွေရဲ့ အင်အားကိုပါ သုံးရတာ။ အတန်းကြီးတွေစာမေးပွဲဖြေချိန်မှာ အတန်းငယ် ကလေးတွေကို ပိတ်ထားမှာ။ အဲဒီမှာ တစ်လကျော်လောက် ဟသွားပြီ။ ကျောင်းဖွင့်ရက်သာတိုးတယ်။ ကလေးတွေအတွက် သင်ကြားရေးအတွက်လည်းမဟုတ်ဘူး။ ဒီအခြေအနေကြီးကို ဘယ်လိုမှစဉ်းစားလို့မရဘူး။ ကျန်တဲ့ အတန်းရဲ့ ၅ တန်း၊ ၆တန်း ၊ ၇တန်း ၊ ၉တန်း တွေ ဖြေဖို့ကျ ဒီအတန်း တွေပြီးမှဆိုတော့ ဒီကလေး တွေ ကျောင်းကို ပြန်စုမိဖို့က လက်လုပ်လက်စားမိသားစုက ပေါက်ဖွားလာတဲ့ကျောင်းသားတွေနဲ့ မိဘတွေအနေ အထားကျတော့ ပြန်စုဖို့ ခက်ခဲတယ်။ ၁၂ ပွဲဈေးသည်ကျောင်းသားကလေးငယ်တွေရှိတယ်။ သူတို့စာမေး ပွဲ အမီပြန်လာနိုင်မှာလား။ မမီဖို့များပါတယ်။ အခု သူပြောတဲ့စကားက ဝန်ကြီးအဆင့်နဲ့ညီတဲ့ ပညာရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့မူဝါဒကို သုံးသပ်ပြီး ပြောတဲ့စကားမဟုတ်ဘဲ လက်လွတ် စပယ်ပြောတဲ့စကားဖြစ်နေတယ်။ မြေပြင်အခြေအနေကို လည်း သူမတွေးဘူး။ ဒါကို ညွှန်ချုပ်က ဇွတ်လုပ်တယ်။ ဝန်ကြီးကလည်း ဒီလိုပြောတယ်။ ဝန်ကြီးပြောသလိုဆို ကျွန်မ တာဝန်ကျတဲ့နယ်မြေမှာ ကလေးတွေကို မိဘတွေက စီးပွားရှာဖို့အတွက် ကျောင်းကိုပို့တာမဟုတ်ဘူး။ ကလေတွေရဲ့အားကို ယူပြီးစီးပွားရေး လုပ်နေရတဲ့မိဘတွေပါ။ ဒါ ကျွန်မတု့ိလို ဆင်ခြေဖုံးလက်လုပ်လက်စားများတဲ့ဒေသက မြေပြင်အခြေအနေပါ။ ကျွန်မတို့က ကျောင်းမတက်ချင် လို့ပြောနေတာမဟုတ်ပါဘူး။ တကယ်လက်တွေ့ကျတဲ့မြေပြင်အခြေအနေကို သုတေသနလုပ်ပြီးမှ အားလုံးနဲ့ ညှိနှိုင်းဆုံးဖြတ်သင့်တာကိုပြောချင်တာပါ။

ဒေါ်ဖြူဝင်း(မူလတန်းကလေးမိခင်)

မဖြစ်နိုင်တာမှန်း ကလေးက အစ သိပါတယ် ။ အရာရာကို စဉ်းစား ဆင်ခြင်ပြီးမှ ပြည်သူနဲ့ တစ်သားတည်း ကျတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်သင့်တယ် ။ ငါတကော ကောပြီး ငါ လုပ်တာ အမှန်၊ ကျန်သူတွေ စောဒက တက်ခွင့်မရှိဘူး ဆိုရင်လည်း အာဏာရှင် က အာဏာရှင်ပါပဲ ။ စီးပွားရေးဆိုတာ တစ်လတည်း လုပ်လို့ တိုးတက် လာတယ် ဆိုရင် ကျောင်းတွေ ဖွင့်နေတဲ့ ကာလ တွေ မှာ အဲဒီ လူတွေ က စိတ်မဖြောင့် လက်မဖြောင့် လုပ်နေကြရလို့လား ။ မြန်မာနိုင်ငံ က စီးပွါးရေး ဟာ အချိန် နဲ့ အမျှ အလျဉ်မီအောင် အပြေး အလွှား လုပ်နေရတာတွေ တစ်လနဲ့ ကြီးပွားသွားတာတွေ ရှိနေပြီလား လို့ပဲ မေးချင်ပါတယ် ။ ရှိနေရင် ၁၂ လ လုံး တစ်လ မှ မပိတ်ပါနဲ့ .. ။ ကလေးထိန်း ပေးကြပါ လို့ပဲ ပြောပါရစေ ။ ခု ဆို ဆရာဆရာမတွေ ရဲ့ stress တွေ အရမ်းများလာပြီ ။ ပညာရေးဝန်ထမ်းတွေ ဒီ ပိတ်ရက်လေးတွေ မှာ အခြားစီးပွါးရေး ပိုရှာဖို့ ပိတ်ပေးလိုက်တယ် ဆိုရင်တောင် အဓိပ္ပာယ် ရှိပါသေးတယ် ။ အတန်းကြီး လို့ စာများတဲ့ ၁၀ တန်း ကို အရင်ဖြေတော့ရော .. ကောင်းကျိုးက ဘာလဲ၊ ဆိုးကျိုးက ဘာလဲ ။

အတန်းငယ်လို့ စာ အရမ်းမများ တဲ့ ကလေးတွေ ကရော .. စာမေးပွဲ ဆိုတဲ့ pressure ကြီး နဲ့ .. မိဘတွေက တွန်း၊ ကလေးတွေ ပိုဖိအားများ ၊ မိဘတွေ လည်း အလုပ်ဖြောင့်အောင် မလုပ်နိုင် တွေ ဖြစ်ပြီး .. သူပြောတဲ့ ရည်ရွယ်ချက် နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေတဲ့ ပကတိ အနေအထား ကို များ မသိလေရော့လားလို့ တွေးမိပါတယ်။

ဦးဇော်မျိုးလှိုင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်)

သူ ပါးစပ်ထဲတွေ့ရာပြောပုံရတယ်။ သင်ရိုးညွှန်းတမ်းက တစ်နှစ်လုံးစာ ၃၆ ပတ်ဆွဲထားပြီးသား။ သင်ရိုး သစ်ရော၊ သင်ရိုးဟောင်းရော။ ဒါတွေက ဖေဖော်ဝါရီလကုန်မှာ အကုန်ပြီးပြီ။ ဒါတွေကို သူမသိလို့လား။ ခုလိုပြောတာအံ့သြစရာပဲ။ နောက်တစ်ခုက ကလေးတွေရဲ့ အခြေခံပညာရေးမှာ မိဘတွေ စီးပွားရေး လုပ်နိုင်အောင် လို့ဆိုတဲ့ ရည်ရွယ်ချက်မျိုး တစ်ခါမှ ကျွန်တော်တို့မကြားဖူးဘူး။ ကျွန်တော်တို့ကြားချင်တာ သင်ရိုးက ၃၆ ပတ်မကလို့ ၃၈ ပတ်ဆွဲထားလို့ မတ်လထိပါတယ်။ သင်ရိုးကတော့ ဒီလိုအပြည့်သင်မှရမှာမို့ ထပ်ဆွဲတယ်ဆို ဒါမျိုးက ပညာရေးနဲ့သက်ဆိုင်တဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ကိ ုကြားချင်တာ။

ကျွန်တော်တို့အခြေခံပညာကျောင်းတွေက နေ့ကလေးထိန်းကျောင်းမှမဟုတ်တာ။ ပညာရပ်ကိုလိုအပ်လို့ သင်ပေးတဲ့ကျောင်းပဲဖြစ်ရမယ်လေ။ မိဘတွေစီးပွားရှာဖို့ ကျွန်တော်တို့က ကလေးတွေကိုထိန်းပေးမယ်ဆို တာလည်း သဘာဝမကျဘူး။ ဆရာဆရာမတွေကလည်း ဒီစကားပေါ် တော်တော်မကျေမချမ်းဖြစ်ကြတယ်။ ကျွန်တော်တို့က စာသင်ပေးဖို့လိုအပ်လို့ တစ်လတိုးတယ်ဆိုရင် ဘယ်သူမှ မငြီးငြူကြပါဘူး။ သင်ပေးကြမှာ ပါ။

အစိုးရပညာရေးမူဝါဒကို ရေးဆွဲတဲ့ တခြားသော သုတေသနအဖွဲ့တွေနဲ့ သူ အလှမ်းဝေးနေလား စဉ်းစားမိ တယ်။ ဦးကိုလေးဝင်းကလည်း အထက်က ပေါ်လစီမိတ်ကာတွေခိုင်းတယ်ပြောတယ်။ အဲဒါ နိုင်ငံ တော် အစိုးရလား၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ကလား ၊ အမျိုးသားပညာရေးကော်မရှင်က ညွှန်ကြား တာလား ဒါလည်းရှင်းရှင်းလင်းလင်းမပြောဘူး။

ပြီးတော့ ကျောင်းတက်ချိန်တစ်လပဲတိုးတာ။ စာသင်ချိန်တိုးတာလည်းမဟုတ်ဘူး။ ဖေဖော်ဝါရီမှာ စာသင်ပြီးတာနဲ့ လေးတန်း ရှစ်တန်း၊ ဆယ်တန်း စာမေးပွဲတွေဖြေချိန် သုံးပတ်လုံးမှာ ကျန်တဲ့အတန်း တွေကို ကျောင်းပိတ်ထားမှာ။ အဲဒီစာမေးပွဲတွေပြီးမှ ကျန်တဲ့အတန်းတွေက ကျောင်းလာပြီး စာမေးပွဲဖြေရုံလေး လုပ်ရမှာ။ ခိုင်မာတဲ့မူဝါဒနဲ့ ကျောင်းချိန်တိုးတယ်လို့ ကျွန်တော်တို့မယူဆဘူး။

ဒေါက်တာတင်အောင် (ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ)

ထိရောက်မှုရှိရင်တော့ အကျိုးများမှာပေါ့။ အကျိုးများမယ်ဆိုရင်တော့ လုပ်သင့်တာပေါ့။ KG+12 ပညာရေးစနစ်ကို သွားနေတဲ့အချိန်မှာ ဒီစနစ်ရဲ့သင်ရိုးပြောင်းလဲမှု၊ သင်နည်းစနစ်ပြောင်းလဲမှုကို ထိရောက်မယ်ဆိုရင် ဒါက အကျိုးများမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဒါက ဆရာဆရာမတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မယ်။ မိဘတွေအတွက်လည်းအကျိုးမရှိဘူးဆိုရင်တော့ မလုပ်ရုံပေါ့နော်။ ကျွန်တော် သိသလောက်ကတော့ ဒီနှစ် ဒါကို သူ(ပညာရေးဝန်ကြီး) လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့် ဒီနှစ် သူလုပ်ကြည့်မယ်။ လုပ်ကြည့်တဲ့အခါမှာ အခက်အခဲတွေရှိမယ်ဆိုရင်နောင်နှစ်သူမလုပ်ရုံပေါ့။ ဒါက စမ်းပြီးလုပ်ကြည့်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။