မြန်မာရင်ဆိုင်နေရတဲ့ အမှုတွေမှာ လူ့အခွင့်အရေး စံညွှန်းတွေလိုက်နာဖို့ ကေအန်ယူတိုက်တွန်း

ရေးသားခဲ့သည်။

မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ တရားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံမူတွေနဲ့ စံချိန်စံညွှန်းတွေကို လေးစားလိုက်နာလုပ်ဆောင်ဖို့ အပစ်ရပ် လက်မှတ် ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကေအန်ယူက ကြေညာချက် ထုတ်ပြန်တိုက်တွန်းပါတယ်။

ဒီလို တိုက်တွန်းတာကို ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ၁၆ ကြိမ်မြောက် ကွန်ဂရက်အပြီးမှာ နိုဝင်ဘာ ၂၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာတရားစွဲထားတာကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ရင်ဆိုင်ဖို့ ရှိနေတဲ့အပေါ် အပစ်ရပ် လက်မှတ်ထိုးအဖွဲ့တွေ ဘက်က ကူညီဖို့ ဆန္ဒ ရှိနေ တယ်ဆိုတာ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွ တွေ့ဆုံတဲ့ အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးတွေမှာ ဒီကိစ္စကို ထည့်သွင်း ဆွေးနွေးခဲ့တာတွေ ရှိခဲ့တယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကို ခုလို တရားစွဲထားတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဂျီနီဗာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ အခုလို ICJ မှာ သွားရောက် ရင်ဆိုင်ဖို့ ဆုံးဖြတ်တာကို သဘောတူတယ်လို့ ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမှူးက ဘီဘီစီကို ပြောပါတယ်။

အစိုးရရဲ့ အခုလို တရားရင်ဆိုင် ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ပဒို စောတာဒိုမှူးပြောတာက "အစိုးရကို ကျွန်တော်တို့ တိုက်တွန်းနိုင်တာကတော့ ဥပဒေကြောင်းအရ ရှင်းတဲ့ လမ်းကြောင်းသာ အသင့်တော်ဆုံးပေါ့"

"အမှန်တရားရယ်၊ တရားမျှတမှုရယ် ကျွန်တော်တို့ရှေ့ကနေ ရဲရဲတင်းတင်း ရပ်တည်ပြီးတော့ ရင်ဆိုင်တာ ဒါ ဂုဏ်ယူရမယ့် ကိစ္စပေါ့"

"နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆိုတာကလည်း အမှန်တရားနဲ့ တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးမှုက အဓိက ဖြစ်တာကိုး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း အမှန်တရားကို ရှာဖွေပေးမယ့် ဥပဒေ စိုးမိုးမှုကို ကြိုးပမ်းခြင်းပေါ့။ ဒီအပေါ်မှာ အားလုံးအတူတကွ ရဲရဲကြီး ရင်ဆိုင်တာကတော့ အကောင်းဆုံးပါပဲ" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ နိုဝင်ဘာ ၁၆ ကနေ ၂၂ ရက်အထိ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ အပစ်ရပ် စာချုပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ကိုယ်စားလှယ်တွေ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံမှုမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခြေအနေကို ရှင်းပြခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း မြန်မာအစိုးရကို ဝိုင်းဝန်းကူညီဖို့ ဆန္ဒရှိတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

"ဒီအစည်းအဝေးသုံးခုလုံးမှာ သူတို့ဘက်က ဒီအမှုအကြောင်း မေးမြန်းတာလည်းရှိသလို ကျွန်တော်တို့ ဘက်က လက်ရှိဖြစ်ပေါ် နေတဲ့ကိစ္စရပ်တွေနဲ့ အစိုးရဘက်က ပြင်ဆင်နေတဲ့ကိစ္စရပ်တွေကို အသိပေးတယ်"

"သူတို့လည်း မြန်မာနိုင်ငံထဲမှာ အတူနေကြတဲ့ ပြည်ထောင်စုသားတွေပဲလေ"

"အခု ဒီဇင်ဘာလဆန်း လုပ်မယ့် PPST(အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) အစည်းအဝေးမှာ ဒါကိုတင်ပြပြီးတော့ သူတို့ဘက်က တစ်စုံတစ်ခု ဘာတွေဆောင်ရွက်နိုင်မလဲ ဆိုတာ ဆွေးနွေးနိုင်တာမျိုးရှိပါတယ်" လို့ သူက ပြောပါတယ်။

အခြား အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းရာမှာ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းအဖြေရှာ ကူညီဖို့ရှိတယ်လို့ ပြောကြားထားပါတယ်။

အနောက်အာဖရိကက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဘက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။