ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အချက်နှစ်ချက် သေချာရင် မြောက်ပိုင်းလေးဖွဲ့နဲ့ တွေ့မယ်လို့ အစိုးရပြော
အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလေးဖွဲ့ အနေနဲ့ အစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးဖို့ အချက် နှစ်ချက် သေချာရင် တွေ့ဆုံဆွေးနွေးမယ်လို့ သမ္မတရုံး ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
ငြိမ်းချမ်းရေးလမ်းကြောင်း အမှန်တကယ်လျှောက်မှာလား ဆိုတာနဲ့ ပဏာမအပစ်ရပ်ရေး လက်မှတ်ထိုးပြီးနောက် ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်မယ်ဆိုရင် အစိုးရက တွေ့ဆုံမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာ ဖြစ်ပါတယ်။
နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို အခုလို ထုတ်ပြောတာ ဖြစ်ပါတယ်။
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ ဆွေးနွေးမယ်လို့ သတ်မှတ်ထားတဲ့ နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်ကို ကျော်လွန်လာပေမဲ့ အခုထိ တွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒီကြားကာလမှာ "လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်းလေးဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံမှုတွေရှိပါတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် "သူတို့ဘက်ကလည်း အဆိုပြုချက်နဲ့ ညှိနှိုင်းမှုတွေ ရှိတယ်။ အခုလောလောဆယ် အနေအထားမှာ မကြာခင်မှာလည်း တွေ့ဆုံဖို့ရှိတယ်" လို့ပြောပါတယ်။
ဒါပေမဲ့ အစိုးရဘက်က မတွေ့ဆုံခင် အချက်နှစ်ချက်ကို အဓိက လုပ်နေတယ်လို့ ပြောပါတယ်။
"နံပါတ် ၁ အချက်က မြောက်ပိုင်းလေးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသလား။ အမှန်တကယ် ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်ချင်တာလား သေချာဖို့ လိုတယ်"
"နံပါတ် ၂ အချက်က ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး Preliminary Bilateral Ceasefire Agreement လုပ်ဖို့ လုပ်တယ်။ အဲဒါလည်း ကျိုင်းတုံဆွေးနွေးပွဲမှာ ဆွေးနွေးထားတယ်။ တော်တော်များများလည်း သူ့သဘောထား ကိုယ့်သဘောထား သိပြီးသားဖြစ်တယ်။ အဲဒီမှာ အစိုးရအနေနဲ့ လက်မခံနိုင်တဲ့ အပိုင်းတွေ သူတို့ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ သူတို့ဘက်ကလည်း သူတို့လိုလားချက်တွေ ပွင့်ပွင့်လင်းလင်း ပြောထားတယ်" လို့ ဆိုပါတယ်။
"Bilateral Ceasefire Agreement ပြီးရင် နောက်တစ်ဆင့် နောက်လမ်းကြောင်း ဘယ်သွားမှာလဲ သေချာဖို့လိုတယ်။ သေချာအောင်လည်း မေးထားပြီးပြီ။ မေးထားတဲ့အပေါ်မှာလည်း ထပ်ဆင့်သေချာအောင် လုပ်ဖို့လိုတယ်" လို့ သူက ပြောပါတယ်။
"ဒီနှစ်ချက်ရရင် တွေ့ဆုံပွဲလုပ်မယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဒါ့အပြင် ပဏာမ အပစ်ရပ် လက်မှတ်ထိုးပြီးရင် ရပ်နေလို့ မရဘူးလို့လည်း ဆိုပါတယ်။
"ဒီကာလအတွင်းမှာ ဒီလေးဖွဲ့ရဲ့ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ သုံးသပ်ပါတယ်။ လှုပ်ရှားမှုတွေကိုလည်း သုံးသပ်တယ်။ သူတို့ရဲ့ သဘောထားတွေကိုလည်း သုံးသပ်တယ်။ နောက်ဆုံးလွှတ်တော်ကိုယ်စားလှယ် အဖမ်းခံရတဲ့အထိ သုံးသပ်ပါတယ်" လို့ ပြောပါတယ်။
RCSS နဲ့ရော ဘယ်နေ့ပြန်တွေ့မှာလဲ
အပစ်ရပ် လက်မှတ်ထိုး NCA လေးနှစ်ပြည့်ပွဲကို နေပြည်တော်ကို လာတက်ဖို့ စီစဉ်ထားပြီးမှ ခရီးလမ်းကြောင်း တပ်မတော်နဲ့ ညှိနှိုင်းမရခဲ့လို့ ခရီးစဉ်ဖျက်ခဲ့တဲ့ RCSS နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လာမယ့် သီတင်းပတ်မှာ တွေ့မယ်လို့လည်း ဦးဇော်ဌေးက ထုတ်ပြောလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့မယ်လို့ ပြောပါတယ်။
ဒီတွေ့ဆုံမှုမှာ တပ်မတော်ကိုယ်စားလှယ် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်တို့ ပါမယ်လို့လည်း သိရပါတယ်။
ဒီခရီးစဉ်မှာ RCSS ဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့အပြင် NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့တွေ့မယ်လို့လည်း အဆိုပြုထားတဲ့အကြောင်းလည်း ပြောခဲ့ပါတယ်။