ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မှတ်တမ်းတင်ခံရတဲ့ မိုးပျံလမ်းနဲ့ အခြားစီမံကိန်းတွေကိစ္စ တိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲ ဝေဖန်ခံနေရ အပါအဝင်မနက်ခင်းသတင်းများ
မှတ်တမ်းတင်ခံရတဲ့ မိုးပျံလမ်းနဲ့ အခြားစီမံကိန်းတွေကိစ္စ တိုင်းအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲ ဝေဖန်ခံနေရ
ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိခဲ့တဲ့ ရန်ကုန်ဒေသန္တရစီမံကိန်း ၁၄၀ ကျော်အကြောင်းနဲ့ ပက်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဝန်ကြီးအချို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာအများစုက သိရှိလိုက်မှု မရှိတာရယ်၊ ဖိတ်ကြားမှုမရှိခဲ့တာတွေကြောင့် အဲဒီသတင်းစာရှင်းလင်းပွဲအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
ရန်ကုန်လွှတ်တော်အတွင်း မှတ်တမ်းတင်ခံရတဲ့ စီမံကိန်းတွေမှာ ရန်ကုန်မြို့သစ်စီမံကိန်း၊ မိုးပျံလမ်း စီမံကိန်း၊ ဒလမြို့သစ်စီမံကိန်းအပြင်အခြားသော ပြည်သူတွေစိတ်ဝင်စားမှုရှိတဲ့ စီမံကိန်းတွေပါဝင်နေ ပါတယ်။
အောက်တိုဘာ ၂၂ရက်နေ့၊ နံနက် ၉နာရီမှာ အဲဒီမှတ်တမ်းတင်ခံရတဲ့ စီမံကိန်းတွေကိစ္စကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က စီမံ၊ ဘဏ္ဍာဝန်ကြီးဦးမြင့်သောင်းနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးတို့က သတင်းစာရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးအချို့လုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ သတင်းမီဒီယာ အရေအတွက်က အနည်းအကျဉ်းသာရှိတာကို တိုင်းအစိုးရရဲ့ လူမှုကွန်ရက် စာမျက်နှာက ဖော်ပြချက်မှာ တွေ့ရပါတယ်။
အခြားနေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်က သတင်းသမားတွေကတော့ အဲဒီတင်ပြတဲ့ အကြောင်းအရာအောက်မှာ သတင်းစာရှင်းလင်းပွဲကို မသိခဲ့ရတာ၊ မဖိတ်ကြားတာနဲ့ နီးစပ်ရာကိုသာ ခေါ်ပြီး ရှင်းလင်းတာ အစရှိသဖြင့် ဝေဖန်ပြောဆိုကြပါတယ်။
The Voice နေ့စဉ်သတင်းစာက အယ်ဒီတာ ကိုဇေယျာစိုပြေကလည်း အဲဒီသတင်းစာရှင်းလင်းပွဲအတွက်သူတို့ကို ဖိတ်ကြားတာမရှိဘူးလို့ဆိုပါတယ်။
သူကပဲ အခုသတင်းစာရှင်းလင်းပွဲနဲ့ပက်သက်ပြီး "သူတို့လုပ်ချင်သလိုလုပ်တာ၊ သူတို့ပြောလို့ရတဲ့ သတင်းဌာနလိုဟာမျိုးတွေကိုပဲ ဖိတ်ပြီးပြောတဲ့ပုံမျိုး၊ သူတို့ပြောတာတွေ လုပ်တာတွေအပေါ် မေးခွန်း ပြန်ထုတ်တဲ့ ဌာနမျိုးတွေကို မဖိတ်ချင်တဲ့သဘော" လို့ မှတ်ချက်ပြုပါတယ်။
အဲဒီစီမံကိန်းတွေက စာရင်းတခုထဲမှာ စုပြုံပြီးထည့်သွင်းကာ၊ ရေတို ရေရှည်စီမံကိန်းတွေလည်းပါဝင်ပြီး ကျန်ရှိတဲ့ အစိုးရသက်တမ်းအတွင်းမှာလည်း အားလုံးကိုပြီးဆုံးအောင် လုပ်နိုင်မယ့် အနေအထား မရှိတာကြောင့် လွှတ်တော်က မှတ်တမ်းတင်ခဲ့တာလို့ ရန်ကုန်တိုင်းလွှတ်တော်အမတ်တွေဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ ဦးတင်ဝင်းတို့က ဘီဘီစီရဲ့ Friday Live အစီအစဉ်မှာ ဖြေကြားထား ပါတယ်။
ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်တည်ထောင်ထားသူတဦးလည်းဖြစ်၊ ပြီးခဲ့တဲ့ ရန်ကုန်လွှတ်တော်ရဲ့ အမတ်ဟောင်းလည်းဖြစ်သူ ဒေါ်ညိုညိုသင်းကလည်း မှတ်တမ်းတင်ခံရတဲ့ စီမံကိန်းတွေကို အစိုးရက အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေသလို၊ အဲဒီစီမံကိန်းတွေကို လည်း ပွင့်လင်းမြင်သာအောင် ချပြသင့်တယ်လို့ ပြောဆိုထားပါတယ်။
သတင်းစာရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်အချို့ကိုလည်း ဘီဘီစီက မေးမြန်းခဲ့ရာ မှတ်တမ်းတင်ခံရတဲ့ စီမံကိန်းတွေနဲ့ ပက်သက်ပြီး သက်ဆိုင်တဲ့ ဝန်ကြီးအချို့က သတင်းစာရှင်းလင်းတဲ့ ပွဲပုံစံမျိုးသာဖြစ်တယ်လို့ ဆိုကြပါတယ်။
ကာဒ့်တွေကို တူရကီနယ်စပ်က မောင်းထုတ်ဖို့ ပူတင်နဲ့ အာဒိုဝမ်သဘောတူ
တူရကီနဲ့ ဆက်စပ်နေတဲ့ ဆီးရီးယားထဲက ကာဒ့် တွေကိုတိုက်ထုတ်ဖို့အတွက် သမိုင်းဝင် သဘောတူညီ ချက်ကို နှစ်ဖက် သဘောတူခဲ့ကြပါတယ်။
ဒီလကစပြီးတော့ တူရကီ နိုင်ငံရဲ့ တောင်ပိုင်းမှာ ကာဒ့်တွေကိုထိုးစစ်ဆင်မှုစတင်ခဲ့ပြီး အဲဒီနေရာမှာ စစ်ကင်းမဲ့ဇုန်အဖြစ်ဖန်တီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ရှရှားကတော့ သူကျောထောက်နောက်ခံပြုထားတဲ့ အာဆတ်အစိုးရတပ်တွေရှိနေတဲ့ ဆီးရီးယားမှာ အခြားနိုင်ငံတကာက ဝင်ရောက် ခြယ်လှယ်၊ စိုးမိုးမှာကို စိုးရိမ်မှုရှိနေပါတယ်။
အခုတော့ ရှရှားနဲ့ တူရကီက ဆီးရီးယားနယ်စပ်တလျှောက်မှာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်တော့မှာပါ။
အမေရိကန်ရဲ့ တပ်တွေကိုရုတ်တရုတ် ပြန် ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ဆီးရီးယားထဲမှာ ရှရှားနဲ့ တူရကီတို့ရဲ့ ဝင်ရောက် ခြယ်လှယ် မယ့် အခုလိုသဘောတူညီချက်မျိုး ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရှရှားနဲ့ တူရကီတို့ သဘောတူညီမှုရပြီး နာရီပိုင်းမှာပဲ ထိုးစစ်ကို အသစ်ပြန်လုပ်မှာ မဟုတ်သလို ကာဒ့်တွေ လည်း တူရကီထဲက ထွက်ခွာအောင် အပစ်ရပ်ထားတာကို ရပ်ဆိုင်းထားမှာလို့ တူရကီဘက်က ပြောဆို ပါတယ်။
ဘရာဇီးကမ်းခြေမှာ လာတင်တဲ့ ရေနံစိမ်းတွေကို ဖယ်ဖို့ ကယ်ဆယ်ရေးထောင်ချီကာ အသုံးပြုနေရ
ဘရာဇီးနိုင်ငံမှာတော့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နိုင်ငံ့ကမ်းရိုးတန်း တလျှောက်မှာ လာတင်နေတဲ့ ရေနံစိမ်းတွေကို ရှင်းလင်းရေးလုပ်ဖို့ တပ်ဖွဲ့ဝင်ထောင်ချီဟာ နိုင်ငံအရှေ့မြောက်ပိုင်းက ပီယာနမ်ဘိုကို ပြည်နယ်ကို ရောက်ရှိနေပါပြီ။
ဘရာဇီးရဲ့နာမည်ကျော်ကမ်းခြေတွေရှိရာ တခြားပြည်နယ် ၃ ခုကိုလည်း တပ်ဖွဲ့တွေ စေလွှတ်ထား ပြီးဖြစ် ပါတယ်။
ရေနံစိမ်းတွေဟာ ဗင်နင်ဇွဲလားနိုင်ငံဘက်ကနေ စ ပျံ့နှံ့ လာတာဖြစ်ပေမဲ့ အခုလို ပင်လယ်ထဲ ဖိတ်စင်ရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲလို့ ဘရာဇီး သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက ပြောပါတယ်။
ပျံ့နှံ့နေတဲ့ရေနံစိမ်းတွေကို ရှင်းလင်းရေးမှာ စေတနာ့ဝန်ထမ်းတွေ၊ ရဲတွေ၊ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီ ပတ်ထရိုဘတ်စ်က ပညာရှင်တွေပါဝင်နေပြီး ရေနံစိမ်း တန် ၉၀၀ ကို ဒါဇင်နဲ့ ချီတဲ့ဘရာဇီးကမ်းခြေတွေကနေ ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်။