ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကရင်ပြည်နယ် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲ အပါအဝင် သိသင့်တဲ့ သတင်းများ
တလကျော်ကြာရေကြီးမှုကြောင့် ကရင်ပြည်နယ်ကမြို့နယ်တချို့ အခက်အခဲကြုံနေရ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ဘုရားသုံးဆူ မြို့နယ်တွေမှာ သြဂုတ်လ လဆန်းပိုင်းကနေ အခု စက်တင်ဘာ လဆန်းပိုင်းအထိ တစ်လကျော်ကြာ မိုးအဆက်မပြတ်ရွာသွားနေတာကြောင့် ဒေသခံတွေ သွားလာရ ခက်ခဲနေပါတယ်။
တစ်လကျော်ကြာ မိုးရွာသွန်းတာကြောင့် လမ်းတွေပျက်စီးမှုတွေ ရှိသလို တချို့နေရာတွေမှာလည်း ရေပြန်မကျသေးတာကြောင့် သွားလာရ ခက်ခဲနေတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
ကားလမ်းတချို့ ရေကျော်နေတဲ့ အတွက် ဝါးဖောင်နဲ့ စက်လှေတွေကို အသုံးပြုပြီး ဖြတ်ကူး သွားလာနေရပြီး ဒီလိုကူးတဲ့နေရာမှာလည်း ကားအသေးတွေပဲ ကူးလို့ရတဲ့အတွက် ကုန်တင်ကားကြီးတွေကတော့ ရေကျမယ့် အချိန်ကိုပဲ စောင့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိ ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပိုင်း ချောင်းဝကျေးရွာရှိ ချောင်းဝ တံတားမှာ ရေကျော်နေပြီး ချောင်းနှစ်ခွကနေ ကြာအင်းဆိပ်ကြီးကိုသွားတဲ့ သံပုရာလမ်းပိုင်း မရီးရေကျော်မှာလဲ လမ်းတွေ ပိတ်နေဆဲ ဖြစ်ပါတယ်။
အခုလို လမ်းပိုင်းတွေဟာ နှစ်စဉ် နှစ်တိုင်း ရေကျော်နေကျဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့ သက်ဆိုင်ရာက ပြင်ဆင်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးတက္ကသိုလ်ဆန္ဒပြမှုအတွက် ဒုဝန်ကြီး ဦးဆောင် စစ်ဆေး
မန္တလေးတက္ကသိုလ်မှာ စားသောက်ဆိုင် ဖွင့်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ အရေးယူပေးဖို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ကျောင်းသူ ကျောင်းသားတွေက တိုင်ကြားခဲ့ပါတယ်။ အဲဒီတိုင်ကြားမှုအပေါ် အခုအခါ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်ပြီး စုံစမ်း စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
မန္တလေး တက္ကသိုလ်ထဲမှာ Food Court စားသောက်ဆိုင် ဖွင့်လှစ်ရေး လုပ်ဆောင်ရာမှာ နိုင်ငံတော် သမ္မတ ညွှန်ကြားချက် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းကို အရေးယူပေးဖို့ မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တိုင်ကြားခဲ့တာဖြစ်ပါတယ်။
ကျောင်းသားတွေရဲ့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး သြဂုတ်လအတွင်းက စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့ထားပေမယ့်လည်း ကျောင်းသားတွေဘက်က လက်မခံဘဲ စက်တင်ဘာ ၂ ရက်နေ့ကစပြီး ကျောင်းဝန်းအတွင်းမှာ ဆန္ဒထုတ်ဖော်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်က ဒေသခံလုံခြုံရေးအတွက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ တိုက်တွန်း
အရပ်သားတွေ သေဆုံးရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ တပ်မတော်နဲ့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကို လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ သြဂုတ်လ ၇ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ သြဂုတ်လကတည်းက ဖြစ်လာတဲ့တိုက်ပွဲဟာ အခုဆိုရင် အနည်းဆုံး အရပ်သား ၁၇ ယောက်သေဆုံးပြီး ၂၇ ယောက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ ကလေးနဲ့ အမျိုးသမီးတွေလည်းပါတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်က တချို့မြို့တွေမှာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တပ်မတော်နဲ့ TNLA အပါအဝင် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့ရဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တဲ့အတွက် ပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့ အခုလိုတိုက်တွန်းရတာဖြစ်ပါတယ်။
ဒါ့အပြင် အရပ်သား ၇၅၀ဝ နီးပါး အိုးအိမ်စွန့်ခွာခဲ့ရသလို လူပေါင်း ၃၅၀ဝ နီးပါးဟာလည်း စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။