လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံအမိန့်ချမည် အပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

လိပ်ကျွန်းလူသတ်မှု အယူခံအမိန့်ချမည်

ထိုင်းနိုင်ငံ ကော့တောင် လိပ်ကျွန်း လူသတ်မှုမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုးတို့ရဲ့ နောက်ဆုံး အယူခံကို ဒီကနေ့ အမိန့်ချမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်း မှာ ကမ္ဘာလှည့်ခရီးသွား ဗြိတိန် လူငယ်စုံတွဲ နှစ်ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒီလူသတ်မှုမှာ ကျူးလွန်သူတွေအဖြစ် မြန်မာရွှေ့ပြောင်း အလုပ်သမားလူငယ်နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး (ခ) ကိုဝင်းဇော်ထွန်းတို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ မြို့နယ် တရားရုံးမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီသေဒဏ်နဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့ အမိန့်ကို ဆက်လက်အတည်ပြု ကြောင်း ချမှတ်ခဲ့ပြီး ထိုင်းဗဟိုတရားရုံးကို အခုလို နောက်ဆုံးအယူခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အခုအယူခံတင်ထားတဲ့ တရားရုံးဟာ ထိုင်းနိုင်ငံမှာ အမြင့်ဆုံးတရားရုံးဖြစ်ပြီး ဒီတစ်ကြိမ် အယူခံဟာလည်း ဝင်းနဲ့ ဇော်တို့အတွက် နောက်ဆုံးအပြီးသတ် အယူခံဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုအပေါ် ထိုင်းရှေ့နေများ ကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ လိုက်ပါကူညီဆောင်ရွက်နေကြပါတယ်။

ဒီအယူခံအမိန့်ကို သြဂုတ်လ ၂၉ ဒီမနက်မှာ နွန်သာဘူရီ တရားရုံးချုပ်က အမိန့်ချမှတ်မှာဖြစ်ပါတယ်။

မြောက်ဦးနဲ့ ကျောက်တော်မှာ တိုက်ပွဲတွေဆက်ဖြစ်ပွား

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရခိုင်တပ်မတော် (AA) က လင်းမြွေတောင် အမြောက်စခန်းကို ဝင်ရောက် တိုက်ခိုက်သလို စကခ ၉ နဲ့ ဒေါင်းတောင်ယိုးတပ်ရင်း၊ ကျောက်တော်မြို့အနီး ကုလားတန်မြစ်ထဲက ရေတပ်သင်္ဘောတစ်စီးကိုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်ခံရတဲ့အတွက် ရန်ကုန်နဲ့ စစ်တွေ ကားလမ်းမကြီးလည်း ပိတ်ထားခဲ့ရပါတယ်။

လင်းမြွေတောင်ကို အေအေက သိမ်းမိသွားတယ်လို့ ဒေသအတွင်း သတင်းတွေထွက်နေပေမယ့် နှစ်ဖက်ပြောခွင့်ရသူတွေကတော့ ဒီအပေါ်မှာ အတည်မပြုပါဘူး။

တိုက်ပွဲအတွင်း မနေ့က ညဉ့်အချိန်မှာ ကျောက်တော်မြို့နယ် ရေလှိုင်းကျေးရွာက ဒေါ်အေးနွယ် ဒဏ်ရာရရှိ ခဲ့သလို မြောက်ဦးမြို့နယ် ထိပ်ဝပြင်ဆေးရုံက ဒေါ်တင်တင်ဌေးတို့ ဒဏ်ရာရရှိခဲ့ပြီး ကျောက်တော်နဲ့ တိမ်ညိုဆေးရုံတွေမှာ ပို့ဆောင်ကုသနေရပါတယ်။

အခုညနေပိုင်းမှာ တပ်မတော်အင်အားတွေ အများအပြားနဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကြောင်းထိုးနေတဲ့ အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ဒေသခံလူထုက အထူးစိုးရိမ်နေကြပြီး အိမ်တွေကနေ လုံခြုံရာကို ထွက်ပြေးနေကြတယ်လို့ ဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုပါတယ်။

ဗြိတိန်က လွှတ်တော်အစည်းအဝေး ပြန်ကျင်းပမယ့်ရက်ရွှေ့ဆိုင်း

ဗြိတိန်က ဥရောပသမဂ္ဂကနေ နှုတ်ထွက်ဖို့ သီတင်းပတ် ၅ ပတ်အလိုမှာ ဗြိတိန်အစိုးရဟာ နွေကာလ လွှတ်တော် ရပ်နားထားချိန်မှာပဲ လွှတ်တော်အစည်းအဝေးတွေ ပြန်ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

လွှတ်တော် ပြန်ခေါ်ရက်ရွှေ့ဆိုင်းဖို့ ဗြိတိန်အစိုးရက ဘုရင်မကြီး အဲလိဇဘက်ကို အကြံပြုခဲ့တာပါ။ အစိုးရရဲ့ အခုအစီအစဉ်ကြောင့် လွှတ်တော် အမတ်တွေဟာ အစိုးရက တင်လာမယ့် ဘရက်ဇစ် သဘောတူညီချက်ကို ဟန့်တားနိုင်မယ့် ဥပဒေတွေကို မဲပေးတာ၊ အတည်ပြုနိုင်တာမျိုး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

အဲဒီအတွက် ပြင်းပြင်းထန်ထန်ဝေဖန်သံတွေ ထွက်ပေါ်လာနေပါတယ်။ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရရဲ့ ဒီလုပ်ရပ်ဟာ အခြေခံဥပဒေအပေါ် စည်းမစောင့်တဲ့ လုပ်ရပ်အဖြစ် အောက်လွှတ်တော် ဥက္ကဌ ဂျွန်ဘားကိုးက ရှုတ်ချပြောဆိုပါတယ်။

အတိုက်အခံခေါင်းဆောင် ဂျယ်ရမီကိုဘင်ကလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ဗြိတိသျှ ဒီမိုကရေစီကို အပိုင်းသိမ်းပြီး ရိုက်ချိုးပစ်လိုက်တယ်လို့ ဆိုရင် အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို လွှတ်တော်တင်ပြီး မဲခွဲဆုံးဖြတ်ဖို့ လုပ်မယ်လို့ ပြောပါတယ်။