နှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ငလျင်ကြီး ကယ်လီဖိုးနီးယားမှာလှုပ်သွား၊ တူရကီ ဗဟိုဘဏ် ဥက္ကဋ္ဌကို သမ္မတ ထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, CBS News
နှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ငလျင်ကြီး ကယ်လီဖိုးနီးယားမှာလှုပ်သွား
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းမှာ နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံး ဖြစ်တဲ့ ပြင်းအား ၇.၁ ရှိ ငလျင်ကြီး လှုပ်ခဲ့ပါတယ်။
လော့စ် အိန်ဂျလိစ်မြို့ရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ဝ အကွာမှာ ရှိတဲ့ လူနေကျဲပါးတဲ့ ရစ်ဂျ် ကွက်စ် မြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ကြောင့် ဓါတ်ငွေ့ပိုက် ယိုစိမ့်လို့ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
လမ်းတွေလည်း ပျက်စီးပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။
ငလျင် လှုပ်လိုက်တဲ့ အချိန်မှာ သတင်းကြေညာ နေကြတဲ့ CBS သတင်းဌာနက သတင်းတင်ဆက်သူနှစ်ယောက်ဟာ ငလျင်ဒဏ် ကာကွယ်ရေး လုပ်ငန်းစဉ်အရ သူတို့ သတင်းကြေညာနေတဲ့ ခုံအောက် ဝင်နေ လိုက်ရပါတယ်။
အရေးပေါ် ကယ်ဆယ် တုံ့ပြန်ရေး အဖွဲ့တွေလည်း အခြေအနေတွေအတွက် အသင့်ပြင်နေကြပြီး နောက်ဆက်တွဲ ငလျင်ပြင်းတွေ ထပ်လှုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တူရကီ ဗဟိုဘဏ် ဥက္ကဋ္ဌကို သမ္မတ ထုတ်ပယ်
တူရကီ သမ္မတ ရီဂျက် တာရစ် အာဒိုဝမ်က တူရကီ ဗဟိုဘဏ် ဥက္ကဋ္ဌ မူရတ် ချေတင်ကယ်ရာ ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ဘာကြောင့် ထုတ်ပယ်ရတယ်ဆိုတဲ့ တရားဝင် အကြောင်းပြချက်ကိုတော့ မထုတ်ပြန်သေးပါဘူး။
တူရကီ စီးပွားရေး တိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတိုးနှုန်းလျှော့ချင်ကြတဲ့ သမ္မတ အာဒိုဝမ်နဲ့ သမ္မတရဲ့ သားမက် ဖြစ်သူ ဘဏ္ဍာရေး ဝန်ကြီးတို့နဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ သဘောထားကွဲလို့ အထုတ်ခံရတာ ဆိုတဲ့ ယူဆမှုတွေ ရှိနေပါတယ်။
တူရကီ ဗဟိုဘဏ် ဥက္က ဋ္ဌနေရာကို ဒုတိယ ဥက္ကဋ္ဌ မူးရတ် အူဆယ်ကို ခန့်အပ်လိုက်ပြီး ပြည်တွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို အဓိကထားမယ်၊ လွတ်လပ်စွာ ဆက်လက် လုပ်ငန်းလည်ပတ်သွားမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ တန်ဖိုးကျနေတဲ့ တူရကီ နိုင်ငံသုံး လီရာ ငွေကြေးကို ပြန်လည် ခိုင်မာအောင် ဆိုပြီး အတိုးနှုန်း တင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
မြောက်ကိုရီးယားက ပြန်လွတ်လာသူ သူသျှိုလုပ်ခဲ့ကြောင်း ဝန်ခံ
နိုင်ငံတကာ သတင်းဌာနတွေကို ဓာတ်ပုံနဲ့ အချက်အလက်တွေ ပို့ခဲ့တယ်လို့ စွပ်စွဲပြီး သူသျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပတ်လောက် ဖမ်းဆီးထားတဲ့ သြစတြေးလျ နိုင်ငံသား Alek Sigley ဆိုသူကို မြောက်ကိုရီးယားအစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီ အမျိုးသားက မြို့တော် ပြုံယမ်းမှာ ကျောင်းတက်နေပြီး အနောက်နိုင်ငံက ခရီးသွားတွေကို လိုက်ပို့ပေးတဲ့ လုပ်ငန်း လုပ်ကိုင်သလည်း ဖြစ်ပါတယ်။
သူက သြစတြေးလျကို ပြန်ရောက်သွားပြီ ဖြစ်ပြီး သူလျှိုလုပ်ခဲ့တယ် ဆိုတာကို သူကိုယ်တိုင် ဝန်ခံခဲ့တယ်လို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။








