အချိန်တန်ရင် NCA ထိုးမယ်လို့ မိုင်းလားအဖွဲ့ပြော

ရေးသားခဲ့သည်။

တခြားမဟာမိတ်အဖွဲ့တွေအားလုံး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးရင် မိုင်းလားလက်နက်ကိုင်အဖွဲ့အနေနဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီးလို့ မိုင်းလားအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုလိုက် ပါတယ်။

မိုင်းလားလက်နက်ကိုင်အဖွဲ့ကို NCA မှာ ပါဝင်လက်မှတ်ထိုးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်လိုက်ပြီးနောက် အခုလို ထုတ်ဖော် ပြောဆိုခဲ့တာပါ။ မိုင်းလားအထူးဒေသ (၄) ရဲ့ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်နေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ မိုင်းလားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက် တစ်မဟာမိတ် တပ်မတော် NDAA အဖွဲ့က NCA ကို တဖွဲ့တည်းခွဲထွက်ပြီးလက်မှတ်ထိုးရင် တခြားမဟာမိတ်အဖွဲ့တွေ အထင်အမြင်လွှဲမှာကိုတော့ မလိုလားဘူးလို့ NDAA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင် က ဇွန်လ ၃၀ ရက်နေ့ မိုင်းလားမြို့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

"NCA နဲ့ပတ်သက်လို့ ကျွန်တော်တို့က အားလုံးပါဝင်ပြီးထိုးမယ်ဆိုရင် ထိုးမယ်။ ဟိုအဖွဲ့ထိုး၊ ဒီအဖွဲ့ထိုးလို့ ကျွန်တော်တို့က မဖြစ်ချင်ဘူး။ ကျွန်တော်တို့က အဆင်သင့်ဖြစ်ပြီ။ အချိန်တန်ရင် ကျွန်တော်တို့ထိုးဖို့ အဆင်သင့်ရှိတယ်" လို့ ဦးခမ်းမောင်က ပြောပါတယ်။

မိုင်းလားအဖွဲ့ဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC ရဲ့ ဝင်ဖြစ်ပြီး ဝ၊ ကိုးကန့်၊ အေအိုင်အေနဲ့ အေအေအဖွဲ့လိုပဲ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးပါဘူး။

NDAA အဖွဲ့အနေနဲ့ ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်လို ပြည်နယ်တောင်းဆိုဖို့မရှိပေမဲ့ မိုင်းလားအထူးဒေသကိုတော့ နိုင်ငံတော်အနေနဲ့ အသိမှတ်ပြုဖို့လိုလားကြောင်း ဦးခမ်းမောင် က ပြောပါတယ်။

မိုင်းလားအဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီး ဦးခမ်းမောင် က "ကျွန်တော်တို့ကတော့ ပြည်ထောင်စုကနေခွဲထွက်ဖို့၊ ပြည်နယ်တောင်းဖို့ မရှိဘူး။ ကျွန်တော်တို့ လိုချင်တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးပါ။ မိုင်းလားအထူးဒေသ ၄ လို့ မခေါ်ရင်တောင်မှ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးပါဆိုပြီး ၁၉၉၃ ခုနှစ်ကနေ အခုချိန်ထိ ကျွန်တော်တို့ရဲ့တောင်းဆိုချက်က ဒါပဲ။"

နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီး ၂၀၂၀ မှာရွေးကောက်ပွဲဖို့ အစီအစည်ရှိလားလို့ သတင်းထောက်တွေမေးမြန်းရာမှာတော့ NDAA အဖွဲ့က အစိုးရအသိမှတ်ပြုတဲ့ နိုင်ငံသားမှတ်ပုံ တင်မရှိတဲ့အတွက် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပြိုင်လို့မရကြောင်း ဦးခမ်းမောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မိုင်းလားအဖွဲ့အပါအဝင် အန်စီအေလက်မှတ်ရေးထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးညီလာခံစားပွဲဝိုင်းမှာ ပါဝင်လာရေးအတွက် နိုင်ငံတော်အစိုးရက တံခါးဖွင့်ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် မိုင်းလားဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ရင်တွင်းစကားသံတွေ၊ သဘောထားအမြင်တွေကို အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးတွေမှာ ဖက်ဒရယ်အခြေခံမူ အဖြစ်နဲ့ ရရှိအောင်ကြိုးပမ်းရန် အချိန်ရောက်ပြီလို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

မိုင်းလားအဖွဲ့ရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားကို တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင် အပါအဝင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာကိုလည်း ဖိတ်ခေါ်ပြီး စည်စည်ကားကား ကျင်းပခဲ့ပါတယ်။