ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခံရတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

(၁) ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ထဲက ကျောက်ကျပ်နဲ့ မဟာမုနိဘုရားကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ တပ်မတော်ကား ၂ စီးဟာ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းအချိန်လောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် သေနတ်သံတွေ ထွက်ပေါ်လာပြီး အနီးနားရွာတွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အကျအဆုံး မကြားရဘူးလို့လည်း ရွာသားတွေက ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့တုန်းကလည်း မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာနားမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၁၀ တန်းအောင်လို့ ပျော်ပွဲစားထွက်ကြတဲ့ ကျောင်းသားတွေအပါအဝင် ရွာသား ၄ ဦး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံ ခမီးတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆင်အိုးရွာကနေ စေတီတောင်ရွာဟောင်း စစ်ဘေးရှောင်စခန်းကို ပြန်လာကြတဲ့ အမျိုးသမီး ၁ ဦး အပါအဝင် လူ ၇ ဦးကလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုလို တပ်မတော်ဘက်က ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

(၂) ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့လှေဖမ်းမိပြီးနောက် နယ်စပ် လုံခြုံရေးတိုးမြှင့်

ထိုင်းနိုင်ငံတောင်ပိုင်း ရာဝီကျွန်းအနီး ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ ၆၅ ယောက်ပါတဲ့ လှေကို ဖမ်းမိခဲ့ပြီးတဲ့နောက် ထိုင်းနဲ့ ကပ်နေတဲ့ နယ်စပ်တလျှောက်မှာ မလေးရှားက လုံခြုံရေးတိုးမြှင့်ထားတယ်လို့ The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

မလေးရှားပင်လယ်ရေကြောင်းတပ်ဖွဲ့တွေ၊ အကောက်အခွန်နဲ့ နယ်စပ်လုံခြုံရေးတွေဟာ ၂ နိုင်ငံနယ်စပ်တလျှောက် ကင်းလှည့်နေတာ တွေ့ရတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံနဲ့ နယ်စပ်မိုင် ၂၅၀ အကွာ ထိုင်းပင်လယ်ပြင်မှာ တွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေးငယ် ၅ ယောက် ပါတယ်လို့ ထိုင်းရေတပ်အရာရှိတွေက ပြောထားတာပါ။

သူတို့တွေဟာ လူကုန်ကူးခံရတာလားဆိုတာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေသလို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ရိုဟင်ဂျာ ၆၅ ယောက်ပါတဲ့ လှေကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ဇွန်လ ၁၃ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။

(၃) သီရိလင်္ကာဗုံးခွဲမှု သံသယရှိသူ ၅ ဦးကို ဖမ်းဆီး

သီရိလင်္ကာမှာ ပြီးခဲ့တဲ့အီစတာပွဲတော်ရက်တုန်းက ခရစ်ယာန်ဘုရားကျောင်းနဲ့ ဟိုတယ်တွေကို ဗုံးခွဲတိုက်ခိုက်မှုမှာ အဓိကသံသယရှိသူ ၅ ယောက်ကို အရှေ့အလယ်ပိုင်းကနေ လွှဲပြောင်းရယူလိုက်ပြီလို့ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းစစ်ဆေးရေးဂိတ်မှာ မနှစ်တုန်းက ရဲ ၂ ယောက်ကို ပစ်ခတ်ခဲ့မှုနဲ့ အဓိကသံသယရှိသူ မိုဟာမက်မီဟန်လည်း အဲ့ဒီ ၅ ယောက်ထဲမှာပါဝင်ပါတယ်။

မစ္စတာ မီဟန်ဟာ သီရိလင်္ကာက အစ္စလာမ်ဝါဒီအဖွဲ့ရဲ့ ထိပ်တန်းအဖွဲ့ဝင်လို့ ယူဆနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အဲ့ဒီလူ ၅ ယောက်ဟာ ဘယ်အနေအထားက ပါဝင်ခဲ့တယ်ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ပြောတာမရှိသေးပါဘူး။

(၄) တိုက်ခိုက်ခံရတဲ့ ရေနံတင်သင်္ဘောတွေပေါ်မှာ မပေါက်ကွဲသေးတဲ့မိုင်းကို ဖယ်ရှားနေတဲ့ ရုပ်သံထွက်ရှိလာ

ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောတွေတိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ အီရန်ရဲ့ လက်ချက်လို့ အမေရိကန်က ပြစ်တင်ပြောဆိုနေပြီး အီရန်အထူးတပ်ဖွဲ့တွေက ရေနံတင်သင်္ဘောတစ်စင်းစီကနေ မပေါက်ကွဲသေးတဲ့ မိုင်းကို ဖယ်ရှားနေတဲ့ ဗွီဒီယိုတွေ ထုတ်ပြန်ပြသခဲ့ပါတယ်။

အမေရိကန် ရေတပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အီရန် ကင်းလှည့်ရေယာဉ် တစီးပေါ်က လူတွေက မပေါက်ကွဲသေးတဲ့ Limpet မိုင်း တလုံးကို ဂျပန် ရေနံတင်သင်္ဘော Kokuka Courageous သင်္ဘော ဝမ်းဗိုက်နားက ခွာနေတဲ့ ပုံ ဗီဒီယိုကို ထုတ်ပြန်ထားတာပါ။

ဒီရေနံတင် သင်္ဘောကို Kokuka Sangyo ဂျပန် သင်္ဘောလိုင်း ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး တခြား တစီးကတော့ နော်ဝေပိုင် Front Altair သင်္ဘောပါ၊ အဲ့ဒီ Front Altair သင်္ဘောဟာ မီးလောင်နေဆဲ ဖြစ်ပြီးတော့ အဲ့ဒီက သင်္ဘောသားတွေကို အီရန်က ထိန်းသိမ်းထားပါတယ်။

ရေနံတင်သင်္ဘော ၂ စင်းဟာ ဇွန်လ ၁၃ ရက်နေ့တုန်းက အီရန်တောင်ပိုင်း ကမ်းရိုးတန်းကနေ ရေမိုင် ၂၅ မိုင်အကွာလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ ဒီလိုဖြစ်ရတဲ့အပေါ် လွတ်လပ်တဲ့သီးခြားစုံစမ်းစစ်ဆေးမှုတွေ ဖော်ဆောင်ပေးဖို့ ကုလသဂ္ဂအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က ပြောပါတယ်။