ခမာခေါင်းဆောင် ၂ ဦးကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း ကုလသမဂ္ဂခုံရုံး ဆုံးဖြတ်

ရေးသားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ဝန်းကျင် ခမာနီတွေ အုပ်ချုပ်စဉ်ကာလတုန်းက ထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ အသက် ၈၇ နှစ်အရွယ် ခယူဆန်ဖန် နဲ့ အသက် ၉၂ နှစ်အရွယ် နွမ်ချီးယားတို့ ၂ ဦးကို ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ တရားရုံးကနေ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ အပြစ်ရှိတယ်ဆိုပြီး အမိန့်ချမှတ် လိုက်ပါတယ်။

သူတို့ ၂ ဦး လုံးကို ခမာနီအစိုးရ အုပ်ချုပ်စဉ်တုန်းက ချမ်မွတ်ဆလင်တွေနဲ့ တိုင်းရင်းသားဗီယက်နမ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ ကုလသမဂ္ဂ ခုံရုံးမှာ ရုံးတင် စစ်ဆေးခဲ့တာပါ။

၁၉၇၅ခုနှစ် ကနေ ၁၉၇၉ ခုနှစ် ခမာနီအစိုးရ အုပ်ချုပ်စဉ်ကာလတုန်းက တိုင်းရင်းသား ခမာတွေအပါအဝင် လူ ၂ သန်းလောက်ဟာ အစာရေစာ ငတ်မွတ်မှု၊ မတရား ခိုင်းစေမှုနဲ့ အစုလိုက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။

အဲ့ဒီတုန်းက တကယ်တမ်းထိပ်တန်း တာဝန်ယူထားသူတွေထဲပါတဲ့ သူတို့ ၂ ဦးလုံးကို နိုင်ငံတကာ ဥပဒေအရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီထဲက အသက် ၈၇ နှစ်အရွယ် ခယူဆန်ဖန် ဟာ ခမာနီ အစိုးရ ခေါင်းဆောင် ပိုပေါ့ ရဲ့ လက်ထောက်တစ်ဦး ဖြစ်ပါတယ်။

တကယ်တော့ ခမာထိပ်ပိုင်းခေါင်းဆောင်ဟောင်းတွေ ဖြစ်တဲ့ ခယူဆန်ဖန် နဲ့ နွမ်ချီးယား တို့ ၂ ဦးလုံးကို စစ်ရာဇဝတ်မှု၊ လူမဆန်တဲ့သတ်ဖြတ်မှုတွေ နဲ့ စွဲချက်တင်ခံရပြီးနောက် ထောင်ဒဏ်တသက်ချမှတ်ခံထားရတာပါ။

အခုတော့ ကုလသမဂ္ဂခုံရုံးကနေ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်ရှိတယ်လို့ ထပ်မံ ဆုံးဖြတ်လိုက်တဲ့အတွက် သူတို့တွေဟာ နောက်ထပ် ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိပါတယ်။