အကြမ်းဖက် တိုက်ခိုက်မှုတွေကြားက အာဖဂန် ရွေးကောက်ပွဲ

ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ကျင်းပနေတဲ့ ပါလီမန်ရွေးကောက်ပွဲအတွင်း မဲရုံတွေကို ပစ်မှတ်ထား ဗုံးခွဲ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး လူဒါဇင်နဲ့ ချီ သေဆုံးခဲ့သလို အများအပြားလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက မဲရုံ ၃ ပုံ ၁ ပုံ နီးပါးကို ပိတ်ထားခဲ့ရပါတယ်။ ဒါ့ကြောင့် ပိတ်ထားခဲ့ရတဲ့ မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင်တွေ မဲပေးထည့်ဝင်နိုင်ဖို့ ရွေးကောက်ပွဲရက် ကို ထပ်တိုးချခဲ့ရပါတယ်။

ရွေးကောက်ပွဲကိုတော့ ဒုတိယမြောက် နေ့ အဖြစ် ဆက် ကျင်းပခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ လုံခြုံရေး အကြောင်းပြချက် နဲ့ ပိတ်ထားခဲ့ရတဲ့ မဲရုံတချို့မှာ မဲထည့်နိုင်ဖို့ အာဏာပိုင်တွေဖက်က စီစဉ်နေပါတယ်။

ရွေးကောက်ပွဲအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ သောင်း ၄ ထောင် ကျော် ချပေးထားတယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲဆန္ဒနေရာ ၂၅၀ အတွက် ကိုယ်စားလှယ်လောင်း ၂၅၀၀ ကျော် ဝင်ရောက် အရွေးချယ်ခံကြတာ ဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေ ထဲမှာ အမျိုးသမီးတွေလည်း ပါပါတယ်။

တကယ်တမ်း ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့မှာတော့ တာလီဘန်တွေ နဲ့ အိုင်အက်စ် စစ်သွေးကြွ တွေ က မဲရုံတွေကို ပစ်မှတ်ထား ဗုံးခွဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။

ကဘူးမြို့က အသေခံ ဗုံးခွဲ တိုက်ခိုက်မှုအတွင်း လူအနည်း ၁၅ ဦး သေဆုံးခဲ့သလို အဲ့ဒီမြို့မှာပဲ နောက်ထပ် တိုက်ခိုက်မှုတွေကြောင့် လူ အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

နိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ နဲ့ အနောက်မြောက်ပိုင်းက မြို့တွေ မှာ ရှိတဲ့ မဲရုံတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သလို လုံခြုံရေးရဲဝန်ထမ်းတွေ အပါအဝင် အယောက် ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒါ့အပြင် မဲထည့်ဝင်သူတွေရဲ့ အချက်အလက် စိစစ် အတည်ပြုတဲ့ စနစ်ကလည်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်ခဲ့လို့ မဲထည့်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ အခုတော့ ဒီစနစ် ချို့ယွင်းအောင် လုပ်ခဲ့သူ ၁၅ ဦးထက် မနည်းကို ရဲတွေက ခေါ်စစ်နေပါပြီ။

ရွေးကောက်ပွဲကော်မရှင် က တော့ မဲဆန္ဒရှင်တွေ မဲပေးစဉ် ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ နှောင့်ယှက်မှုတွေ ကျူးလွန်ခဲ့သူတွေကို စုံစမ်းစစ်ဆေးမယ်လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်က မဲဆွယ်ကမ်းပိန်းတွေမှာလည်း ကိုယ်စားလှယ်လောင်း ၁၀ ဦး ထက်မနည်း အသတ်ခံခဲ့ရပါတယ်။

တာလီဘန် တွေ နဲ့ အိုက်အက်စ် စစ်သွေးကြွ အဖွဲ့တွေကတော့ ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုပြီး ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

အာဖဂန်က အတိုက်အခံ နိုင်ငံရေးပါတီကြီး ၂ ခု ဖြစ်တဲ့ KDP နဲ့ PUK တို့ က ကိုယ်စားလှယ်လောင်းတွေ အများစု ဝင်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ မဲရလဒ်တွေကိုတော့ သီတင်း ၃ ပတ် လောက် နောက်ကျပြီးမှ ထုတ်ပြန်နိုင်ဖွယ် ရှိပါတယ်။

နိုင်ငံတဝန်း ရွေးကောက်ပွဲမှာ မဲထည့်ဝင်ခွင့် ရှိသူ ၉ သန်း နီးပါးလောက် ရှိပြီး အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရတော့ အခုချိန် အထိ မဲလာပေးသူ အရေအတွက်က ၃ သန်းကျော်ပဲ ရှိနေပါသေးတယ်။