ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ - တနှစ်အတွင်း ဘာတွေ ပြောင်းလဲခဲ့သလဲ
- ရေးသားသူ, Lorna Hankin & Rafael Chacon
- ရာထူးတာဝန်, BBC World Service & Visual Journalism
- ရေးသားခဲ့သည်။
ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖေဖော်ဝါရီလ ၂၄ ရက် နေ့ဆိုရင် တနှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ လူတော်တော်များများ အတွက် မမေ့နိုင်စရာ နေ့ရက်တရက် ဖြစ်သွားခဲ့ပါပြီ။ အဲဒီနေ့က ရုရှားသမ္မတ ပူတင်က ရုပ်မြင်သံကြားကနေ ယူကရိန်းရဲ့ ဒွန်းဘတ်စ် ဒေသထဲမှာ အထူးစစ်ဆေးရေး တရပ် ဆင်နွှဲပြီလို့ ကြေညာခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း သူ့ကို ဟန့်တားနိုင်ဖို့ နည်းလမ်းတွေ ရှာခဲ့ကြပါတယ်။
ယူကရိန်းရဲ့ ကိယဗ်မြို့တော်မှာ လေကြောင်းရန် သတိပေး ဥသြသံတွေ ညံနေခဲ့သလို သမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးကလည်း သူတို့ မြေ၊ သူတို့ လွတ်လပ်ရေးနဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လာမယ်ဆိုရင် တုံ့ပြန်ခုခံသွားကြမယ်လို့ သတိပေးခဲ့ပါတယ်။
အခုဆို စစ်ပွဲစခဲ့တာ တနှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြီးဆုံးဖို့ အရေးကတော့ မမြင်ရသေးပါဘူး။ ယူကရိန်း စစ်ပွဲ တနှစ်တာ ကာလအတွင်း စစ်ရေးအခြေအနေတွေနဲ့ လက်နက်သုံးစွဲမှု၊ စစ်ဘေးရှောင်ရသူတွေ အရေးအပါအဝင် ယူကရိန်းစစ်ပွဲကြောင့် ဘယ်လို ရိုက်ခတ်မှုတွေ ရှိခဲ့သလဲ ဆိုတာ ကြည့်ရအောင်ပါ။
ရုရှား မကျူးကျော်ခင်က ယူကရိန်း မြေပုံ
ကျူးကျော်မှု မစခင်က ရုရှားထောက်ပံ့ပေးထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအရှေ့ပိုင်းက ဒွန်းဘတ်စ် ဒေသမှာ နေရာတော်တော်များများကို ထိန်းချုပ်ထားခဲ့ပါတယ်။
၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက် မှာ သမ္မတ ပူတင်က ရုရှားဟာ ယူကရိန်း ခွဲထွက် ဒေသ ၂ ခုဖြစ်တဲ့ ဒွန်းညက်စ်ခ် ပြည်သူ့ သမ္မတနိုင်ငံနဲ့ လူဟန့်စ်ခ် ပြည်သူ့ သမ္မတနိုင်ငံ လို့ သူတို့ဘာသာ အမည်ပေးထားတဲ့ ဒေသ ၂ခု တို့ရဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။
ယူကရိန်းအပါအဝင် နေတိုးအဖွဲ့နဲ့ အနောက်နိုင်ငံတွေက ဒီလုပ်ရပ်ကို ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ အဲဒီနောက်မှာ ပူတင်က အဲဒီ ဒေသတွေထဲ သူ့တပ်တွေကို ပို့ခဲ့ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့ ၂၀၁၄ မှာကတည်းက ခရိုင်းမီးယားကို ယူကရိန်းအောက်က ဖဲ့ထုတ်ယူသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်တော်များများက ဒီကျွန်းစွယ်ကို ခုထက်ထိ ယူကရိန်းရဲ့ အစိတ်အပိုင်း တခုအဖြစ်သာ ရှုမြင်သတ်မှတ်ထားကြဆဲ ဖြစ်ပါတယ်။
တနှစ်အတွင်း ယူကရိန်း မြေပုံပေါ်က အပြောင်းအလဲများ
ကျူးကျော်စစ် စတင်ခဲ့တာ တနှစ်ရှိလာပေမယ့် ရုရှားဟာ ထိန်းချုပ်ထားနိုင်တဲ့ နယ်ပယ်ဟာ စစ်အစပိုင်း သူတို့ တပ်ဖွဲ့တွေ ကိယဗ်ကို စစ်ထိုးနေချိန်ကနဲ့ စာရင် မပြောပလောက်ဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာတော့ နယ်မြေ တော်တော် များများကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ယူကရိန်းမြို့တော်ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ဦးကျိုးသွားခဲ့ပြီး နောက်မှာ ရုရှားတပ်တွေဟာ သူတို့ ရထားတဲ့ နိုင်ငံအရှေ့ပိုင်းက လူဟန့်စ်ခ်နဲ့ ဒွန်းညက်စ်ခ် ဒေသတွေနဲ့ ခရိုင်းမီးယားကို ချိတ်ဆက်နိုင်ဖို့ အတွက် ကြိုးစားလာကြပါတယ်။ ၂၀၂၂ မေလအတွင်း ယူကရိန်းက မာရီယူပိုးလ်မှာ ရှိတဲ့ ရုရှားတပ်တွေ ကာလအတန်ကြာ ဝိုင်းပြီး တိုက်ခိုက်နေတဲ့ အက်ဇော့ဗ်စတဲလ် သံမဏိစက်ရုံက သူတို့ တပ်တွေကို ထုတ်ယူသွားခဲ့ပြီး နောက်မှာ ဒီရည်မှန်းချက် အောင်မြင်သွားခဲ့ပါတယ်။ အဲဒါကြောင့် ရုရှားဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အရှေ့တောင်ပိုင်းက နယ်မြေတွေနဲ့ အာ့ဇော့ဗ် ပင်လယ်ဘက်ကို ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းက စလို့ ယူကရိန်းစစ်ပွဲအတွင်း အဓိက အောင်ပွဲကြီးတွေထဲက အများစုဟာ ယူကရိန်းဘက်ကချည်း ရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ယူကရိန်းက တန်ပြန်ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ နိုင်ငံ အရှေ့မြောက်ပိုင်းက ခါကိဗ် ဒေသရဲ့ အစိတ်အပိုင်း တော်တော်များများကို ပြန်ရခဲ့ပါတယ်။ အဲဒီနောက် လီမန် မြို့အပါအဝင် ဒွန်းညက်စ်ခ် နဲ့ လူဟန့်စ်ခ် အိုဘလတ်စ် ထဲမှာ ရှိတဲ့ နေရာ တော်တော်များများကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြပါတယ်။
နိုဝင်ဘာလအတွင်းမှာ ကိယဗ်ရဲ့ ထိုးစစ်က နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ခါဆွမ်မြို့က ရုရှားတပ်တွေကို နီပရိုမြစ်ရဲ့ အရှေ့ဘက်ခြမ်းကို ဆုတ်ခွာသွားစေခဲ့ပါတယ်။ ဒါပေမဲ့ အနောက်ဘက် ကမ်းက နယ်မြေတချို့ကိုတော့ မော်စကိုက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ယူကရိန်း ဓာတ်အားပေးစက်ရုံတွေကို တိုးမြှင့် တိုက်ခိုက်
ရုရှားဘက်ကလည်း ငြိမ်တော့ မနေပါဘူး။ အောက်တိုဘာလ အတွင်း ခရိုင်းမီးယားနဲ့ ရုရှားအကြား ချိတ်ဆက်ထားတဲ့ အဓိက တံတားကြီး တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ တုံ့ပြန်တဲ့ အနေနဲ့ ယူကရိန်းမြို့ကြီးတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို ခရုဇ် ဒုံးကျည်တွေ၊ ဒရုန်းတွေ သုံးပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ်ရဲ့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာလောက်မှာ ရှိတဲ့ ဘတ်ခ်မု မြို့ကို ရဖို့အတွက်လည်း ရုရှားတပ်တွေဘက်က အပြင်းအထန် ထိုးစစ် ဆင်နေပါတယ်။
တချိန်တည်းမှာပဲ မော်စကိုရဲ့ တပ်ဖွဲ့တွေကြား အကွဲအပြဲတွေ ရှိနေတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဘတ်ခ်မု မြို့အနီးက ဆိုလီဒါး မြို့ကို သိမ်းယူနိုင်ခဲ့တဲ့ ကိစ္စမှာ ရုရှားစစ်တပ်နဲ့ ကြေးစား ဗာဂနာ အဖွဲ့တို့ အကြား ဘယ်သူက ပွဲရသလဲ ဆိုတာကို မကြေမလည် ဖြစ်နေကြပါတယ်။
ဥရောပရဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး ဒုက္ခသည် ပြဿနာ
စစ်ကြောင့် လူ့အသက် ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပေမဲ့ နှစ်ဖက် စစ်တပ်တွေဘက်ကတော့ တရားဝင် အကျအဆုံး စာရင်း ထုတ်ပြန်ဖို့ကို တွန့်ဆုတ်နေကြဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က ကောက်ယူထားတဲ့ စာရင်းတွေအရ အရပ်ပြည်သူ ၇၁၉၉ ယောက် သေဆုံးခဲ့ရပြီး ၁၁၇၅၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲ ပြင်းထန်နေတဲ့ တချို့နေရာဒေသတွေက သတင်းအချက်အလက်တွေ နှောင့်နှေးနေတာနဲ့ ပြန်လည် စိစစ်နေရတာတွေလည်း ရှိနေတာကြောင့် တကယ်တမ်းမှာ အဲဒီ အရေအတွက်ထက် အများကြီး ပိုနိုင်တယ်လို့လည်း (OHCHR) က ဆိုပါတယ်။
ရုရှား ကျူးကျော်စစ် စတင်ခဲ့ပြီး နောက်မှာ လူဦးရေ ၄၄ သန်းရှိတဲ့ ယူကရိန်းထဲကနေ စစ်ဘေးလွတ်ဖို့ ရုရှားအပါအဝင် ဥရောပတလွှားက နိုင်ငံအတော်များများဆီကို ရှောင်ပြေးခဲ့ရတဲ့ ဒုက္ခသည် ပေါင်း ၇. ၇ သန်း ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ယူကရိန်းပြည်တွင်းမှာလည်း နေရပ်ကို စွန့်ခွာပြေးရတဲ့ နောက်ထပ်လူပေါင်း ၇ သန်းနီးပါး လောက်ရှိနေပါတယ်။ ပြည်ပကို ထွက်ပြေးကြရသူတွေထဲမှာ ရုရှားပြီးရင် ပိုလန်၊ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံတွေဆီ အများဆုံး ရောက်သွားကြပါတယ်။ ကုလသမဂ္ဂကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တစုံတရာရဲ့ ဖိအားကြောင့် လူအများဆုံး ရွှေ့ပြောင်း နေထိုင်ကြမှုဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းဘက်က တန်ပြန်ထိုးစစ်တွေ စတင်ခဲ့ပြီး နောက်ပိုင်း လူအများအပြား ကိယဗ်လို မြို့တော်တွေဆီ ပြန်ရောက်သွားကြပြီ ဖြစ်ပေမယ့် အစိုးရကတော့ နွေဦးကာလမရောက်မချင်း ဒုက္ခသည်တွေ ပြန်မလာကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီအချိန် ရာသီဥတု ပိုနွေးလာတဲ့အခါ ဒရုန်းနဲ့ ဒုံးကျည်တွေရဲ့ တိုက်ခိုက်မှုတွေ ခံထားရတဲ့ ဓာတ်အားစနစ်တွေမှာ ဝန်သိပ်မများဖို့ မျှော်လင့်နေကြပါတယ်။
ယူကရိန်း ဒုက္ခသည်တွေထဲက အများစုက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ကြပြီး ဥရောပ နိုင်ငံတွေကလည်း ပျူပျူငှာငှာ လက်ခံကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ချိန်ကြာလာတာနဲ့ တစ်ဖက်မှာလည်း ကမ္ဘာတဝန်း လူနေမှု စရိတ် ကြီးမြင့်လာမှုတွေကြောင့် ဂျာမနီ အပါအဝင် နိုင်ငံတချို့မှာ တာဝန်ရှိသူတွေက ဒီဒုက္ခသည်တွေကို ဘယ်လောက် ကြာကြာအထိ လက်ခံပေးထားနိုင်မလဲ ဆိုတဲ့အပေါ် မေးခွန်းတွေ ထုတ်လာကြပါတယ်။
ဂျာမနီက Thuringia ခရိုင်ရဲ့ အုပ်ချုပ်ရေး အရာရှိ တယောက် ဖြစ်တဲ့ Martina Schweinsburg ကတော့ သူတို့ဒေသထဲမှာ အရင်က ပုဂ္ဂလိက အိမ်ရှင်တွေက ယူကရိန်းက ပြေးလာသူတွေကို လက်ခံပေးကြပေမယ့် အခုနောက်ပိုင်း မလုပ်ပေးချင်ကြတော့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကျောင်းအားကစားခန်းမတွေကို အရေးပေါ် လူနေထိုင်ရာ အဖြစ် ပြောင်းလဲ အသုံးပြုနေရပြီး ဒီအတွက် အရပ်လူထုကလည်း သိပ်မဘောတွေ့ကြတော့ဘူးလို့ ဆိုပါတယ်။
သူတို့ လုပ်ပေးနိုင်တာတွေလည်း ကုန်နေပြီ၊ တော်တော် အကြပ်ဆိုက်နေပြီလို့ ဆိုပါတယ်။
စစ်ဘေးက လွတ်လာပြန်တော့လည်း ရေမြေသစ်မှာ နိုင်ငံသစ်မှာ ဘဝသစ်စဖို့ ကြိုးစားကြရပါတယ်။ စစ်ရဲ့ အနိဌာရုံတွေရဲ့ ခြောက်လှန့်မှုနဲ့ ခွဲခွာချန်ထားခဲ့ရသူတွေအပေါ် လွမ်းဆွတ်ခြင်းတွေကြောင့်လည်း စစ်ဘေးရှောင်တွေဟာ အတော်ကို ရုန်းကန်နေကြရပါတယ်။
ယူကရိန်းက ဒုက္ခသည်တွေက သူတို့ ရောက်နေတဲ့ နိုင်ငံတွေမှာ အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှု ရှိကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် နောက်ထပ် ပံ့ပိုးမှုတွေ လုပ်အပ်သလို ရောက်ရှိနေတဲ့ လူမှု အသိုက်အမြုံထဲမှာ ဝင်ဆံ့ဖို့လည်း ကြိုးစားပေးဖို့ လိုအပ်တယ်လို့ UNHCR က ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို လုံခြုံမှုစိတ်ချရမှု မရှိတဲ့ နေရာမျိုးတွေမှာ ပို့ထားတဲ့အပေါ် အင်မတန် စိုးရိမ်စရာ ကောင်းကြောင်း ပြောခဲ့ကြပါတယ်။
လတ်တလောမှာပဲ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ်က စစ်ဖြစ်လာတာ တနှစ်နီးပါး ရှိလာချိန်အထိ စစ်ကြောင့် သေကြေ၊ ပျက်စီးမှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေဟာ နေ့စဉ် မယုံနိုင်လောက်အောင် များပြားနေဆဲပဲ ဖြစ်တယ်လို့ သူ့ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နောက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ဖလစ်ပို ဂရန်ဒီကလည်း ၂၀၂၃ ဖေဖော်ဝါရီထဲမှာပဲ အီးယူခေါင်းဆောင်တွေကို ဒုက္ခသည်တွေနဲ့ အတူ တသားတည်း ရှိကြောင်း ပြသဖို့နဲ့ ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
လက်နက်သုံးစွဲမှုနဲ့ ထောက်ပံ့ပေးနေသော နိုင်ငံများပြောင်းလဲလာမှု
စစ်စတင်ခဲ့ပြီး နောက်ပိုင်းအကြီးမားဆုံး အပြောင်းအလဲ တခုကတော့ သုံးစွဲနေတဲ့ လက်နက်တွေ အပြောင်းအလဲ ဖြစ်လာတာနဲ့ လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေ ပြောင်းလဲ လာတာ ဖြစ်ပါတယ်။
စစ်ပွဲရဲ့ ကနဦး ကာလတွေ အတွင်းက ရုရှားဟာ စာရွက်ပေါ်မှာတော့ ကမ္ဘာပေါ်မှာ စစ်လက်နက် ပစ္စည်း ဒုတိယ အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ယူကရိန်းထက် အများကြီး အင်အားကြီးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ တနှစ်ကြာခဲ့ပြီးနောက်မှာ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဗလာဒီမီယာ ပူတင်က ယူကရိန်းဟာ သူ့ထက် အင်အားကြီးတဲ့ အိမ်နီးချင်းနိုင်ငံ ပြုသမျှ နုနေတယ်၊ တခြားနိုင်ငံတွေကလည်း ဘာမှ ဝင်ရောက်စွက်ဖက်တာမျိုး မရှိဘူးဆို တွက်ခဲ့တယ်၊ ဒါကြောင့် ဒီစစ်ပွဲဟာ ရှည်ကြာလာပြီး တော်တော်နဲ့ ပြီးဆုံးမယ့် လမ်းစလည်း မမြင်ရသေးဘူးလို့ လန်ဒန်မြို့က King's College London ရဲ့ စစ်မက်ရေးရာ လေ့လာရေး ဌာနက ဒေါက်တာ ဘာဘရာ ဇန်ချက်တာက ပြောပါတယ်။
စစ်မစခင်က ရုရှားနဲ့ တင်းမာမှုတွေ စတင်မြင့်တက်လာနေစဉ်က ယူကရိန်းအတွက် Nlaw ခေါ် ပခုံးထမ်း တင့်ကားဖျက် လက်နက်တွေ ထောင်နဲ့ချီပြီး ပို့ပေးခဲ့ကြပါတယ်။ အဲဒီ လက်နက်တွေဟာ စစ်စကာစ အချိန်က ကိယဗ်ကို ဦးတည်လာနေတဲ့ ရုရှားရဲ့ ထိုးစစ်ကို ချိုးပစ်ခဲ့ရာမှာ အဓိက ကျတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။
အဲဒီ နောက်ပိုင်းကစပြီး နိုင်ငံရဲ့ အရှေ့ပိုင်းမှာသာ တိုက်ပွဲတွေ အဖြစ်များနေခဲ့ပြီး ယူကရိန်းဘက်က အဝေးပစ် လက်နက်ကြီးတွေရဲ့ ထိရောက်မှုကောင်းတာကြောင့် နယ်မြေတချို့ကို ပြန်လည် ရရှိခဲ့ပါတယ်။ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ သြစတေးလျတို့က ယူကရိန်းအတွက် M777 ဟောင်ဝစ်ဇာ အမြောက်ကြီးတွေနဲ့ M142 Himars ဒုံးကျည်စနစ်တွေ ထောက်ပံ့ပေးထားကြပါတယ်။
အမေရိကန်အရာရှိတွေရဲ့ အစီရင်ခံစာတွေထဲမှာတော့ ရုရှားဟာ မြောက်ကိုရီးယားလို နိုင်ငံတွေဆီက လက်နက်တွေကို အားကိုးနေရတယ်၊ အနောက် နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေ စတင် သက်ရောက်လာနေပြီ ဖြစ်တာကြောင့် စစ်အတွက် ဒုံးကျည်တွေနဲ့ အမြောက်ကျည်ဆံတွေကို သန်းနဲ့ချီ ဝယ်ယူနေတယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မော်စကိုရော ပြုံးယမ်းရောက ငြင်းဆိုကြပါတယ်။
ယူကရိန်းဘက်က နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ထိုးစစ်တွေ အောင်မြင်မှု ရနေတာကလည်း ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် လက်နက်တွေ ရထားတာကြောင့် ဖြစ်ပါတယ်။ အနောက်တိုင်းက ခေတ်ရှေ့ပြေးနေတဲ့ လက်နက်စနစ်တွေကလည်း ယူကရိန်းအတွက် ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ခုံခံရာမှာ အဓိကကျတဲ့ နေရာကပါဝင်နေပါတယ်။
စစ်ပွဲတွေ စတင်ခဲ့ချိန်ကလည်းက ယူကရိန်းဟာ S-300 လို ဆိုဗီယက်ခေတ်က မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေကို သုံးနေခဲ့တာ ဖြစ်ပြီး အနောက်နိုင်ငံတွေကလည်း လက်နက်မျိုးစုံကို ဖြည့်တင်းပေးကြပါတယ်။ အဲဒီ လက်နက်တွေထဲမှာ အမေရိကန်လုပ် Nasams မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်၊ ဂျာမနီက IRIS-T SLMs နဲ့ ယူကေကလည်း Starstreak လို ပခုံးထမ်း ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းကလည်း ဝါရှင်တန်က ခေတ်ပေါ် Patriot ဒုံးကျည်စနစ်ကို ပို့ပေးမယ်လို့ ပြောခဲ့သလို ဂျာမနီနဲ့ နယ်သာလန်တို့ကလည်း ပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဒုံးကျည်စနစ်က သုံးစွဲတဲ့ ဒုံးကျည်ပေါ် မူတည်ပြီး ကီလိုမီတာ ၁၀၀ အကွာအထိ ပစ်ခတ်နိုင်ပါတယ်။
ဒါပေမဲ့ တချို့ အပိုင်းတွေမှာတော့ လက်နက်တွေ ပို့ပေးရာမှာ နှောင့်နှေးမှုတွေ ရှိနေတဲ့ အတွက် ယူကရိန်းဘက်မှာ မချင့်မရဲ ဖြစ်ရတာတွေလည်း ရှိပါတယ်။
စစ်ပွဲရဲ့ အစောပိုင်းက Stryker နဲ့ Bradley လို တိုက်ခိုက်ရေးယာဉ်တွေ ရောက်လာခဲ့ပေမယ့် တင့်ကားတွေ ပံ့ပိုးပေးဖို့ အတွက်တော့ မဟာမိတ်တွေအကြား သဘောတူညီမှု ရဖို့ တော်တော် အချိန်ယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကမှ တင့်ကားတွေ ပို့ပေးဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဗြိတိန်က အစောဆုံး အဖြစ် သူတို့ရဲ့ Challenger 2 တင့်ကားတွေကို လှူခဲ့ပါတယ်။ အဲဒီနောက်မှာ အမေရိကန်က M1 Abram နဲ့ ဂျာမနီကလည်း Leopard 2 တင့်ကားတွေကို ပေးခဲ့ကြပါတယ်။ ပိုလန်လို ဒီ ဂျာမနီလုပ် Leopard တင့်ကားတွေကို သုံးနေတဲ့ နိုင်ငံတွေ အနေနဲ့လည်း သူတို့ တင့်ကားတွေကို ကူညီပေးသွားနိုင်မှာ ဖြစ်တာကြောင့် ဒီလို ကူညီဖို့ ဂျာမနီက ဆုံးဖြတ်ခဲ့တာဟာလည်း တော်တော် တာသွားတယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက ပညာရှင် ဘဲန်ဘယ်ရီက အနောက်တိုင်းက တင့်ကားတွေက စစ်အခြေအနေကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် ဗြိတိသျှ စစ်တပ် မှာ အမှုထမ်းခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် တယောက်ကတော့ ဒီလို တင့်ကားတွေ ပို့ပေးတိုင်း စစ်ကို အဆုံးအဖြတ် ပေးနိုင်မယ်လို့ မထင်ကြောင်း၊ သမိုင်းမှာ တင့်ကားတွေနဲ့ ချည်း နိုင်ဖူးတဲ့ စစ်ပွဲမျိုးတွေ မရှိကြောင်း ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီသတင်းတွေကို ကိုးကားပြီး ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က အနောက်နိုင်ငံတွေက လက်နက်တွေ ထပ်ပြီး ပံ့ပိုးပေးတာကြောင့် စစ်ကို သိသိသာသာ ကျယ်ပြန့်လာစေနိုင်သလို တခြားနိုင်ငံတွေလည်း စစ်မှာ တိုက်ရိုက် ပါဝင်ပတ်သက် လာစေမယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီလို ပါဝင်ပတ်သက်လာမှာကို စိုးရိမ်တာကြောင့်ပဲ ကိယဗ်ဘက်က ကျယ်ကျယ်လောင်လောင် တောင်းခံနေတဲ့ တိုက်လေယာဉ်တွေ ပံ့ပိုးဖို့ အရေးမှာ မဟာမိတ်တွေ နောက်တွန့်နေကြတာ ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေမှာ ဒရုန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြပါတယ်။ စစ်ပွဲအစပိုင်းကဆို ထောက်လှမ်းရေးနဲ့ ပစ်မှတ်ရှာဖွေရေးတွေမှာ ဒရုန်းတွေကို တော်တော်အသုံးများခဲ့ကြပါတယ်။ စစ်စတင်ခဲ့တဲ့ အချိန်ကစပြီး ယူကရိန်းဘက်က တိုက်ပွဲတွေမှာ ဆုံးရှုံးခဲ့ရတဲ့ ဒရုန်းတွေနေရာမှာ အစားဖြည့်နိုင်ဖို့ တူရကီ လက်နက်ကုမ္ပဏီ Baykar က သူတို့ရဲ့ နာမည်ကျော် TB2 ဒရုန်းတွေကို ရောင်းချတာတွေ လှူဒါန်းတာတွေ လုပ်ပေးခဲ့ပါတယ်။
မကြာသေးခင် လပိုင်းတွေ အတွင်းမှာ ရုရှားကလည်း kamikaze ဒရုန်းတွေနဲ့ ခရုဇ် ဒုံးကျည်တွေကို သုံးပြီး ယူကရိန်း မြို့ကြီးတွေနဲ့ ဓာတ်အားပေး စက်ရုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေက ထုတ်လုပ်တဲ့ အီရန်ကတော့ သူတို့ ဒရုန်းတွေဟာ စစ်မတင်ခင်ကတည်းက မော်စကိုမှာ ရောက်နေခဲ့တာပါလို့ ဆိုပါတယ်။ ဒါပေမဲ့ အီရန်ဟာ နောက်ထပ် ဒရုန်း ရာပေါင်းများစွာကိုလည်း နောက်ကွယ်မှာ တိတ်တဆိတ် ပံ့ပိုး ပေးထားတယ်လို့ ယူဆနေကြပါတယ်။