ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး အနာဂတ်အတွက် စိတ်လှုပ်ရှားမိတယ်

ရေးသားခဲ့သည်။

နှစ်စဉ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများ နေ့ ဖြစ်ပါတယ်။ ဒီရွှေ့ပြောင်းနေထိုင်သူတွေ ရဲ့ ကြိုးပမ်း စွမ်းဆောင်မှုတွေ သူတို့ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေကို ကြည့်ရအောင်ပါ။

ဘီဘီစီက နိုင်ငံသစ်မှာ ဘဝသစ် ပြန်စခဲ့တဲ့ အလီဒါ နဲ့ မိုမာမက်တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ သူတို့တွေဟာ ရေမြေသစ်မှာ ရှိတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ကြပါတယ်။

အလီဒါဟာ တောင်အာဖရိက နိုင်ငံမှာ နေထိုင်နေတာ ၆ နှစ်နီးပါး ရှိပါပြီ။ သူက ဒေတာ အင်ဂျင်နီယာ တယောက် ဖြစ်ပါတယ်။ အချိန်ဇုန်တွေ မတူတဲ့ နေရာတွေနဲ့ လုပ်ကိုင်နေရတာကြောင့် သူ့အတွက် အလုပ်အများဆုံးဟာ မွန်းလွဲပိုင်းကနေ သန်းခေါင်အထိ ပဲလို့ ပြောပါတယ်။ အိမ်က အလုပ်လုပ်ရပေမယ့် ၅ နှစ်အောက် ကလေး ၂ ယောက်လည်း ရှိတော့ ပင်ပန်းပါတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ၅ နှစ်အရွယ် ကလေးငယ်က သူဘာကြောင့် ကွန့်ပျူတာ ရှေ့မှာပဲ အမြဲထိုင်နေရသလဲလို့ မေးတဲ့ အကြောင်း ပြောပါတယ်။

ဒီလို မိသားစုနဲ့ အလုပ်တာဝန်တွေ အကြား မအားမလပ်နိုင်နေပေမယ့် သူ့ အနာဂတ်အတွက် တံခါးတွေ ပွင့်လာမယ့် အခွင့်အလမ်းတွေ ကျေနပ် အားရလို့ နေပါတယ်။

မကြာသေးတဲ့ နှစ်ပိုင်းတွေ အတွင်းက စပြီး စွန့်ဦးတီထွင် သူတချို့က ရွှေ့ပြောင်းနေထိုင်သူတွေ ဘဝသစ် ပြန်စနိုင်ရေး အလုပ်အကိုင် ရှာဖွေနိုင်ရေးအတွက် အထောက်အကူ ပေးနိုင်ဖို့ အင်တာနက်နဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ဖို့ အတွက် သတင်းအချက်အလက် နည်းပညာ နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို သင်ပေးကြဖို့ အကြံတွေ ပေးလာကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ပိုမို ထောက်ပံ့ ကူညီပေးကြဖို့ တောင်းဆိုလာကြပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့အစည်းကလည်း ဒစ်ဂျစ်တယ်ကမ္ဘာကြီးမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ကျန်ရစ်မနေစေဖို့ အတွက် သတိပြုကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ မူဝါဒရေးရာ ချမှတ်သူတွေကို သတိပေးခဲ့ပါတယ်။ ဒီ ရွှေ့ပြောင်းနေထိုင်သူတွေ ဒစ်ဂျစ်တယ် နည်းပညာပိုင်းကို ပိုမို ထိတွေ့နိုင်စေဖို့ လိုတယ်လို့ ဆိုခဲ့ပါတယ်။

အလီဒါဆိုလည်း သူလုပ်ချင်တဲ့ အလုပ်မျိုး ရဖို့ အတော်အချိန်ယူခဲ့ရပါတယ်။ ကျွန်မ ဒီကို ရောက်လာတဲ့ ၂၀၁၇ ကတည်းက စပြီး ကလေးထိန်း ပဲ လုပ်လာခဲ့ရတာ။ အဲဒီ အလုပ်မျိုး လုပ်ဖို့ အစက မစဉ်းစားခဲ့ပါဘူး။ ဘူရွန်ဒီမှာ မွေးဖွား ကြီးပျင်းသူ အလီဒါဟာ တက္ကသိုလ်မှာ သတင်းအချက်အလက် နည်းပညာ (အိုင်တီ) နဲ့ စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ် ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ ဘွဲ့ရတဲ့ ၂၀၁၅ ခုနှစ်က သမ္မတ ပီယဲ အန်ကူရန်ဇီဇာက တတိယ သက်တမ်း တာဝန်ထမ်းဆောင်ဖို့ မဲဆွယ်နေတဲ့ အချိန် ဖြစ်ပါတယ်။

ခရီးကြမ်းကို လှမ်းလျှောက်ခဲ့

အဲဒီတုန်းက လူထုက မကျေနပ်လို့ ဆန္ဒပြကြတော့ သူလည်း တယောက်အပါအဝင် ဖြစ်ပါတယ်လို့ အလီဒါက ပြောပါတယ်။ ရဲတွေ ပစ်ခတ်တော့ မသေအောင် ထွက်ပြေးခဲ့ကြရတယ်၊ နောက်ပိုင်း ရဲက အလိုရှိတဲ့ လူစာရင်းထဲမှာ သူလည်း ပါသွားတော့ အိမ်မပြန်ရဲတော့ဘဲ တိုင်းပြည်ထဲကပါ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလီဒါ တောင်အာဖရိက နိုင်ငံက ပရီတိုးရီးယားမြို့ကို မရောက်လာခင်အထိ တန်ဇန်းနီးယားနဲ့ ဇမ်ဘီယာနိုင်ငံတွေ အတွင်း နေရာ ၈ ခုလောက် ပြောင်းပြီး နေထိုင်ခဲ့ရပါတယ်။

ခရီးကကြမ်းပါတယ်။ အခုထက်ထိတောင် ပြန်ပြီးပြောပြချင်စိတ် မရှိလှဘူး။ စိတ်ထိခိုက် နာကျင်ရတယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ရှင်သန်ခွင့် ရခဲ့တာ၊ ဘယ်မိန်းကလေးကိုမှ သူတို့မိသားစုနဲ့ တိုင်းပြည်ကို စွန့်ခွာ မပြေးကြဖို့ ပြောချင်တယ်လို့ အလီဒါက ဆိုပါတယ်။ အများကြီး ကြုံခဲ့ရတယ်၊ အဓမ္မ ကျင့်ဖို့ ခြိမ်းခြောက်တာတွေ၊ လူကုန်ကူးခံရမယ့် အန္တရာယ်တွေ အစုံပါပဲလို့ ပြောပြပါတယ်။

တကြိမ်မှာတော့ သူနဲ့ သူ့မိသားစု အဆက်အသွယ် ပြတ်သွားခဲ့တာဟာ ၃ နှစ်တောင် ကြာသွားခဲ့ပါတယ်။ အခုတော့ အဆက်အသွယ် ပြန်ရနေပြီဖြစ်ပေမယ့် တချို့ မိသားစု ဝင်တွေဟာ ဒုက္ခသည် စခန်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အရင်ကဆို ပရီတိုးရီးယားကနေ ကိပ်တောင်းအထိ သွားပြီး ကလေးထိန်း လုပ်ရပါတယ်။ နောက် အွန်လိုင်းပေါ်ကနေ ကလေးထိန်း သင်တန်း တက်တယ်၊ အောင်လက်မှတ် ရတော့ ကလေးအိမ်မှာပါ နေခွင့် ရတဲ့ au pair ကလေးထိန်း အလုပ်ကို ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၃ နှစ်လောက် လုပ်ပြီးတော့ ကျောင်းပြန်တက်ချင်လာတယ်။ အိုင်တီ ဘာသာရပ်တွေနဲ့ ပတ်သက်လို့ ထပ်ပြီး သင်ကြားတတ်မြောက်ချင်လာတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အလီဒါ တယောက် တက္ကသိုလ် တော်တော်များများကို ဝင်ခွင့် လျှောက်ထားရမှာတော့ အောင်မြင်မှု မရခဲ့ပါဘူး။ ဒါပေမယ့် အိုင်တီနဲ့ ပတ်သက်လို့ သင်တန်းတွေ စီစဉ်ပေးတဲ့ WhatsApp အဖွဲ့ တဖွဲ့ကို သွားတွေ့ခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ အာရပ်စော်ဘွားများ ပြည်ထောင်စု အခြေစိုက် ဗြိတိသျှ သုတေသီ Larraine Charles ပူးတွဲ ထူထောင်ထားတဲ့ လူမှုလုပ်ငန်းအဖွဲ့ Na'amal က သင်တန်းတွေ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

သူလျှောက်ထားလိုက်တော့ စစ်ဆေးမှုတွေ လုပ်ပြီးတဲ့ နောက်မှာ တက်ရောက်ခွင့် ရခဲ့ပါတယ်။ Na'amal က နေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေ ဒစ်ဂျစ်တယ် စီးပွားရေး လောကမှာ အဝေးကနေ ဝင်ရောက် လုပ်ကိုင်နိုင်ကြဖို့ စီစဉ်ပံ့ပိုးပေးပါတယ်။

Na'amal ဆိုတာက အာရပ် စကားလုံး တလုံးဖြစ်ပြီး ဘာသာပြန်ကြည့်ရင်တော့ အလုပ်လုပ်ကြမယ် မျှော်လင့်ချက် ထားကြမယ် လို့ အဓိပ္ပါယ် ရနိုင်တယ်လို့ Lorraine Charles ပြောပါတယ်။ သူက ဒုက္ခသည်တွေရဲ့ ပညာရေးနဲ့ စားဝတ်နေရေးအတွက် အမြဲ စိတ်ဝင်တစား ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက ဂျော်ဒန်နဲ့ တူရကီမှာ ဒီလို ကူညီပေးနိုင်ဖို့ စီမံကိန်းတခု စတင်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။ သူက ဒုက္ခသည်တွေ အလုပ်လုပ်နိုင်ဖို့ အတွက်ကို အဝေးကနေ အလုပ်လုပ်ကိုင် နိုင်အောင် စီစဉ်ပေးရင်လည်း ဖြစ်နိုင်တယ်ဆိုတာကို သတိပြုမိအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတော်တော် များများက အစိုးရတွေဟာ ဒုက္ခသည်တွေကို သူတို့နိုင်ငံထဲမှာ အလုပ်လုပ်ဖို့ ခွင့်ပြုရေးဟာ အငြင်းပွားစရာ မူဝါဒရေးရာတခုအဖြစ် ရှုမြင်တတ်ကြပါတယ်။

အဝေးကနေ အလုပ်လုပ်နိုင်တဲ့ ကိစ္စက လူအတော်များများအတွက် အဆင်ပြေတယ်။ အထူးသဖြင့်တော့ ဒုက္ခသည်တွေ၊ နေရပ်ကို စွန့်ခွာခဲ့ရသူတွေနဲ့ တခြား ဘေးအန္တရာယ်တွေ ရှိနေတဲ့ လူတွေ အတွက် တခြားက အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်ဖို့ တော်တော် အထောက်အကူ ဖြစ်စေပါတယ်လို့ Lorraine Charles က ပြောပါတယ်။

ဂျော်ဒန်မှာ ရှိတဲ့ ဇာတ်တာရီ ဒုက္ခသည် စခန်းထဲမှာ ဆီးရီးယား ဒုက္ခသည် မိုဟာမက် နေထိုင်လျှက်ရှိပါတယ်။ သူက ဝက်ဘ်ဆိုက်တွေ အသုံးပြုရလွယ်ကူစေဖို့ မွမ်းမံပေးတဲ့ front-end engineer တယောက်အဖြစ် လုပ်ကိုင်နေပါတယ်။ သူအလုပ် လုပ်ပေးနေတဲ့ ကုမ္ပဏီက အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်တဲ့ လုပ်ငန်းသစ် တခု ဖြစ်ပါတယ်။

ဆီးရီးယား စစ်ပွဲတွေက ထွက်ပြေးလာရသူတွေ အတွက် ဒီဒုက္ခသည် စခန်းကို ဖွင့်ထားခဲ့တာ ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး မိုဟာမက်တို့ မိသားစုကတော့ ၂၀၁၂ မှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်က သူ့အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ ကွန်ပျူတာဂိမ်းတွေ ကစားရင်းနဲ့ တစစ ဝက်ဘ်ဆိုက် ဒီဇိုင်း ရေးဆွဲမှုတွေ ဘက်ကို စိတ်ပါဝင်စား လာခဲ့ပါတယ်။ သူ ဇာတ်တာရီ မှာ ရှိတဲ့ အထက်တန်းကျောင်းက ပြီးရင် front-end engineer တယောက် ဖြစ်ဖို့ သင်ကြားခွင့် ရဖို့ မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့် ဂျော်ဒန်မှာ ဒီလို ပညာသင်ကြားခွင့် ရဖို့ ချမ်းသာမှ ဖြစ်မယ်ဆိုကို သိလာခဲ့ရပါတယ်။

၂၀၁၉ ထဲမှာတော့ သူ့အတွက် အခွင့်အလမ်း တခု ပေါ်လာခဲ့ပါတယ်။ ချို့တဲ့သူတွေနဲ့ ဒုက္ခသည်တွေအတွက် အိုင်တီ သင်တန်းတွေ ပေးတဲ့ ပရဟိတ အဖွဲ့သစ် Chams နဲ့ ဆက်သွယ်မိပါတယ်။

Chams ကို တည်ထောင်သူက အောင်မြင်တဲ့ နည်းပညာ စွန့်ဦးလုပ်ငန်းရှင် Sofiane Ammar ဖြစ်ပြီး ၂၀၁၉ ထဲမှာ ဇာတ်တာရီ အနီးမှာ ပထမဆုံး သင်တန်း တခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းသား ၃၀ ထဲမှာ မိုဟာမက်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။

ဆီးရီးယား ဒုက္ခသည်တွေမှာ ဒီပညာရပ်တွေနဲ့ ပတ်သက်လို့ စိတ်ပါဝင်စားမှု အပြည့်ရှိတာကို သူသိတယ်။ ဒါကြောင့် အဲဒီ လူတွေအတွက် တခုခု လုပ်ပေးချင်ခဲ့တာလို့ Sofiane Ammar က ပြောပါတယ်။

မျှော်လင့်ထားတဲ့အလုပ်မျိုး ရဖို့ နီးစပ်လာပြီ

ပြီးခဲ့တဲ့ ၂၀၁၉ က စပြီး Chams က ဒုက္ခသည်တွေအတွက် အသက်မွေး ဝမ်းကြောင်း ပြုနိုင်မယ့် သင်တန်းတွေ ပို့ချပေးပြီး ဒစ်ပလိုမာတွေပါ ပေးနိုင်ခဲ့ပါတယ်။ အဲဒီက သင်တန်း ဆရာတွေက ကျောင်းသားဟောင်းတွေ အလုပ်ရှာဖို့နဲ့ အင်တာဗျူးတွေ အတွက် ပြင်ဆင်ဖို့ပါ ကူညီပေးပါတယ်။

သင်တန်းကာလက ၆ လ ကြာပါတယ်။ အဲဒီ အချိန်လောက်နဲ့တော့ အိုင်တီ နဲ့ပတ်သက်လို့ မလုံလောက်ဘူး ဆိုနိုင်ပေမယ့် ဒုက္ခသည်တွေ အတွက် နိုင်ငံတကာမှ သုံးစွဲနေတဲ့ နည်းပညာ ဘာသာရပ်တွေကို ပိုမို သိနားလည်လာစေပါတယ်။

မိုဟာမက်ကတော့ အင်မတန် စိတ်ပါဝင်စားခဲ့သလို သင်တန်းမှာ သင်ခဲ့တာတွေကို အတန်းပြီးလို့ ကိုယ်ပိုင်အချိန်တွေမှာပါ ပိုမို လေ့လာသင်ယူခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ အမေရိကန် ကုမ္ပဏီတခုမှာ လုပ်ကိုင်ခွင့် ရခဲ့ပြီ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာပြီ ဖြစ်ပါတယ်။ အချိန် ကွာခြားမှုကြောင့် သူက ညပိုင်း အလုပ်လုပ်ရတာ များတတ်ပြီး နေပိုင်းမှာ အိပ်နေလို့ မိသားစုနဲ့တောင် သိပ်မတွေ့ဖြစ်ပါဘူး။ ဒါပေမယ့်လည်း သီတင်းပတ်ကုန် ရက်တွေမှာ အနားယူတယ်။ မိသားစုနဲ့ အတူ သက်တောင့်သက်သာ ဖြစ်အောင် နေပါတယ်လို့ သူက ဆိုပါတယ်။

အလီဒါရဲ့ အလုပ်ကတော့ ဒီနှစ်ကုန်ပိုင်းမတိုင်ခင်မှာ စာချုပ်စေ့မှာ ဖြစ်ပါတယ်။ သူကတော့ နှစ်ကုန်ပိုင်း အားလပ်ရက်တွေ အတွင်း ခဏ အနားယူမယ်လို့ ပြောပါတယ်။ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) နဲ့ Na'amal တို့ ပူးတွဲ စီစဉ်တဲ့ တနှစ် သင်တန်းအတွက်တော့ သူဘာမှ မပေးခဲ့ရဘူးလို့ ပြောပါတယ်။ အခု အောင်လက်မှတ် ရထားပြီ ဖြစ်လို့ မဟာဘွဲ့ ရတဲ့ အထိ ဆက်သင်ကြားချင်ကြောင်း၊ အဲဒီလို ဆိုရင်တော့ သူ့ဘာသာ ပညာသင် စရိတ်ပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့မှာ အခုအလုပ်ပြီးရင် ပြင်ပက ခပ်သေးသေး အလုပ်တခု အပ်ထားတာ ရှိလို့ လုပ်ပေးဖို့ ရှိတယ်။ နှစ်သစ်ထဲ ရောက်ရင်တော့ ပညာသင်စရိတ် ထောက်ပံ့ပေးတာတွေ လိုက်ရှာမယ်လို့ ပြောပါတယ်။ MIT သင်တန်းနဲ့ အလုပ်သင် အဖြစ် လုပ်ကိုင်ခွင့် ရခဲ့တဲ့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို ပိုယုံကြည်လာတယ်။ အမြဲလုပ်ချင်ခဲ့တဲ့ အလုပ်မျိုးရဖို့ အတွက် ပိုပြီး နီးစပ်လာပြီလို ခံစားမိတဲ့ အကြောင်း အလီဒါက ပြောပါတယ်။