အလောင်းတွေ မြှုပ်ထားတာ တွေ့ရအပြီး ရုရှားကို နိုင်ငံတကာ ခုံရုံးတင်ဖို့ အီးယူပြော

ရေးသားခဲ့သည်။

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ်အတွင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားတာ ဖြစ်နိုင်တဲ့ အထောက်အထားတွေ တွေ့ ရှိရတယ် ဆိုပြီး နိုင်ငံတကာ ခုံရုံးတင်ဖို့ ဥရောပသမဂ္ဂ အီးယူ ဥက္ကဋ္ဌ ဆော်သြော်လိုက်ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်တွေက ပြန်လည် သိမ်းပိုက်လိုက်တဲ့ အစ်ဇယမ် မြို့ အတွင်း လူသေအလောင်းတွေ မြှုပ်နှံထားတဲ့ ရာနဲ့ချီတဲ့ မြေကျင်းတွေ တွေ့ရှိအပြီးမှာ အခုလို ဆော်သြမှုကို ဥရောပသမဂ္ဂ ဥက္ကဋ္ဌအဖြစ် အလှည့်ကျတဲ့ ချက်သမ္မတနိုင်ငံက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ယန် လပက်ဗ်စကီး ကလည်း ဒီလို စစ်ရာဇဝတ်မှုအတွက် ပြစ်ဒဏ်ပေးနိုင်မယ့် နိုင်ငံတကာ အထူးခုံရုံးတစ်ခု အမြန်ဆုံး ထူထောင်ရမယ်လို့လည်း နှိုးဆော်ခဲ့ပါတယ်။

အခုလို တွေ့ ရှိရတဲ့ လူသေအလောင်းတွေထဲမှာ အများစုက အရပ်သားတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို မတွေ့ ရှိရခင် စက်တင်ဘာလ ၁၅ ရက်နေ့ ကတည်းကလည်း အီးယူ ဥက္ကဋ္ဌ အယ်ဆလာ ဗွန်ဒလိုင်ရန်က သူ့အနေနဲ့ မစ္စတာ ပူတင်ကို စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ရင်ဆိုင်ဖြေရှင်းရတာကို မြင်ချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

ယူကရိန်းအစိုးရက ဘာတွေ တွေ့ ရှိတယ်လို့ ထုတ်ပြန်ထားလဲ

ယူကရိန်းအစိုးရကတော့ အစ်ဇယမ်မြို့ မှာ စစ်ရာဇဝတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ယူဆထားပြီး တွေ့ ရှိရတဲ့ အလောင်းတွေထဲက ၅၉ လောင်းကို တူးဖော်ပြီး ဖြစ်ရာမှာ မြို့ စွန် သစ်တောအတွင်းမှာလည်း ဆက်လက်တူးဖော်ရမယ့် အလောင်းမြေကျင်းတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးကလည်း အဲဒီ အစ်ဇယမ်မြို့မှာ မြှုပ်နှံထားတဲ့ လူသေအလောင်းတွေမှာ နှိပ်စက်ခံထားရကြောင်း သက်သေအသစ်တွေလည်း တွေ့ ရှိထားတယ်လို့ စက်တင်ဘာလ ၁၇ ရက်နေ့က ပြောဆိုထားပါတယ်။

အခုလို တွေ့ရှိတဲ့ ကာကိဗ် ဒေသအတွင်းက ယူကရိန်းပြန်လည် သိမ်းပိုက်ပြီး တခြား မြို့ ကြီးမြို့ငယ်တွေမှာ ဆိုရင်လည်း စစ်ကြောရေးလုပ်ပြီးနှိပ်စက်တဲ့စခန်း ၁၀ ခုကျော်လောက်လည်း တွေ့ ရှိထားပြီး ဖြစ်တယ်လို့ မစ္စတာ ဇလန်းစကီးက ဆိုပါတယ်။

အခုလို လုပ်ရပ်တွေ လုပ်ခဲ့တဲ့ ရုရှားအနေနဲ့ စစ်မြေပြင်မှာရော တရားခွင်မှာပါ ပြန်လည် ဖြေရှင်းရမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှားက ပြန်လည် တုံ့ ပြန်မှုနဲ့ စစ်ရေးလှုပ်ရှားမှု

ရုရှားအစိုးရကတော့ အခုလို အစ်ဇယမ်မြို့မှာ လူသေအလောင်းမြှုပ်ထားတာတွေ တွေ့ ရှိမှု အပေါ် မှတ်ချက်မပေးသေးပါဘူး။

ရုရှားအစိုးရဟာ ယခင်ကတော့ အရပ်သားတွေကို ပစ်မှတ်မထားပါဘူးလို့ ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

ယူကရိန်းတပ်ဖွဲ့ တွေ အနေနဲ့ နိုင်ငံရဲ့ အရှေ့ မြောက်ပိုင်းမှာ တန်ပြန် ထိုးစစ် စစ်ဆင်ရေးတွေ ဆင်နွှဲပြီး နယ်မြေတွေ ပြန်လည် ရရှိနေရာမှာ ဒီ ထိုးစစ်တွေကြောင့် ရုရှားရဲ့ ယူကရိန်းအရှေ့ ပိုင်း စစ်ရေးစီမံချက်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က စက်တင်ဘာလ ၁၆ ရက်နေ့ က ပြောဆိုထားခဲ့ပါတယ်။

ယူကေကာကွယ်ဝန်ကြီးဌာနကတော့ ရုရှားဟာ ယူကရိန်းရဲ့ အရပ်သား အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှု ပိုမို ပြင်းထန်လာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။