ယူကေ ငွေကြေးတွေ၊ နိုင်ငံကူးလက်မှတ်တွေ အမှတ်တံဆိပ်တွေ ဘယ်လို ပြောင်းလဲသွားမလဲ

ရေးသားခဲ့သည်။

နှစ်ပေါင်း ၇၀ ထီးနန်းကို စိုးစံခဲ့တာနဲ့အတူ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ ဗြိတိန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ ခွဲထုတ်လို့ မရနိုင်အောင်ဖြစ်ခဲ့ပါတယ်။ ဗြိတိန်မှာ သူ့ရဲ့ ပုံတူတွေ၊ ပုံရိပ်တွေ၊ စာသား စာလုံးတွေကို အကြွေစေ့တွေ‌ပေါ်မှာကအစ မနက်ခင်း အစားအစာထည့်တဲ့ ဘူးပေါ်မှာအဆုံး နေရာအနှံ့မှာတွေ့ရပါတယ်။ အခု သူနတ်ရွာစံ သွားတဲ့နောက် ဘာတွေပြောင်းလဲလာနိုင်ပါလဲ။

ငွေဒင်္ဂါးပြားတွေ အကြွေစေ့တွေ အားလုံးမှာ

ဗြိတိန်မှာ လှည့်ပတ်သုံးစွဲနေတဲ့ ဒင်္ဂါးပြားတွေ၊ အကြွေစေ့‌တွေ စုစုပေါင်း ၂၉ ဘီလျံ ရှိပြီး အဲဒီအားလုံးပေါ်မှာ ဘုရင်မကြီးရဲ့ ဦးခေါင်းပုံ ပါပါတယ်။ နောက်ဆုံးထုတ် သူ့ပုံက ၂၀၁၅ ခုနှစ်က ထုတ်တာဖြစ်ပြီး အဲဒီအချိန်က သူ အသက် ၈၈ နှစ်ရှိပါပြီ။ သူ့နန်းသက်အတွင်း ၅ ကြိမ်မြောက် ဦးခေါင်းပုံ ပုံတူ လည်း ဖြစ်ပါတယ်။

ဗြိတိန်မှာ ဒင်္ဂါးပြားနဲ့ အကြွေစေ့တွေကို တရားဝင်ထုတ်ဝေတဲ့ အစိုးရပိုင် တော်ဝင် ငွေကြေးထုတ် ကုမ္ပဏီ ရွိုင်ရယ်မင့်က တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ ဦးခေါင်းပုံနဲ့ ဘယ်တော့ စထုတ်မလဲဆိုတာ မပြောသေးပါဘူး။ ဒါပေမယ့် လက်ရှိ ရှိနေတဲ့ ဘုရင်မခေါင်း ဒင်္ဂါးတွေကို နောက် နှစ်ပေါင်း အတော်ကြာတဲ့အထိ လှည့်လည်သုံးစွဲနေဦးမှာပါ၊ သူတို့ကို အစားထိုးပြီး ပြန်သိမ်းသွားမယ့် လုပ်ငန်းစဥ်က တဖြည်းဖြည်းလုပ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါလိမ့်မယ်။

၁၉၇၁ မှာ ဗြိတိန်က ဒင်္ဂါးတွေကို ဥပမာ - တပေါင်၊ ၂ ပေါင်၊ ၁၀ ပြား၊ ၅ ပြား စသဖြင့် တန်ဖိုး အမျိုးမျိုး ပြောင်းလဲထုတ်ဝေခဲ့ပြီး အဲဒီအချိန်မတိုင်မီက ဒင်္ဂါးပြား တွေမှာ ဘုရင်၊ ဘုရင်မပုံ အမျိုးမျိုးကို တွေ့ခဲ့ရပါတယ်။

ဘုရင့်ပုံနဲ့ ထုတ်ရင် ဘယ်လိုပုံရှိမယ်ဆိုတာ မသိရသေးပေမယ့် ၂၀၁၈ တုန်းက အခုဘုရင် ချားလ်စ် အဲဒီအချိန်က အိမ်ရှေ့စံမင်းသားကြီးရဲ့ ၇၀ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး တော်ဝင်ငွေကြေးထုတ် ကုမ္ပဏီက ဒင်္ဂါးတမျိုးထုတ်ခဲ့တာမို့ မှန်းဆကြည့်လို့တော့ ရနိုင် ပါတယ်။ အစဥ်အလာအရ ဒင်္ဂါးမှာ အရင် ဘုရင် သို့မဟုတ် ဘုရင်မ ဦးခေါင်းပုံက ညာဘက်ကို လှည့်ရင် အသစ်တက်လာတဲ့ ဦးသျှောင်က ဘယ်ဘက်ကို လှည့်ပြီး ထုတ်ပါတယ်။ ဆိုတော့ ဘုရင် ချားစ် ဦးခေါင်းပုံက ဘယ်ဘက်ကို လှည့် မှာပါ။

အစိုးရက အတည်ပြုပြီးချိန် ရောက်ရင် ပုံစံအသစ်နဲ့ ဒင်္ဂါးတွေကို ဝေလ ‌တောင်ပိုင်း လန်တရစ်ဆင့် အရပ်မှာရှိတဲ့ ရွိုင်ရယ်မင့်က ထုတ်ဝေပါလိမ့်မယ်။

ဘုရင်မရဲ့ ပုံရိပ်က အင်္ဂလန်ဘဏ် (Bank of England )ထုတ် ငွေစက္ကူအားလုံးမှာ ၁၉၆၀ ခုနှစ်ကတည်းက စပါ ပါတယ် (စကော့တလန်နဲ့ ‌မြောက်ပိုင်း အိုင်ယာလန် မှာတော့ ဘုရင်မပုံကို မထည့်ပါဘူး)။ အခုလောလောဆယ်မှာ တန်ဖိုး စတာလင်ပေါင် ၈၀ ဘီလျံ ပမာဏ ရှိတဲ့ ငွေစက္ကူအရွက်ပေါင်း ၄.၅ ဘီလျံကို လှည့်လည် သုံးစွဲ နေတာပါ။ ဒင်္ဂါးတွေလိုပဲ သူတို့လည်း တဖြည်းဖြည်း ပျောက်သွား မှာပါ။

ဒါပေမယ့် ဒီလိုအပြောင်းအလဲတွေ မလုပ်ခင် အင်္ဂလန် ဘဏ်က အသိပေးတာတွေ အများကြီး လုပ်ဦးမှာပါ။

တံဆိပ်ခေါင်းနဲ့ စာတိုက်ပုံးတွေ

၁၉၆၇ က စပြီး ရွိုင်ရယ်မေးလ် (Royal Mail) ကုမ္ပဏီက ထုတ်ဝေတဲ့ တံဆိပ်ခေါင်း အားလုံးမှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ မျက်နှာ ဘေးတိုက်ပုံ ဖောင်းကြွ ပုံရိပ် ပါဝင်ပါတယ်။

ရွိုင်ရယ်မေးလ်က ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ တံဆိပ်ခေါင်းထုတ်တာတွေကို ရပ်ဆိုင်း မှာ ဖြစ်ပြီး တံဆိပ်ခေါင်း အသစ်တွေ ထုတ်‌ဝေပါလိမ့်မယ်။

ဘုရင်သစ်ရဲ့ ပုံနဲ့ အရင်က တံဆိပ်‌ခေါင်းထုတ်ဖူးပေမယ့် ဒီတခါ အသစ်ထုတ်ရင် ဘုရင်က ဘယ်ပုံသွင်နဲ့လဲ ဆိုတာကို ရွိုင်ရယ်မေးလ်က အခုထိ မပြောသေးပါဘူး။

တံဆိပ်ခေါင်းတွေ ပြောင်းသလိုပဲ ရွိုင်ရယ်မေးလ်က စာတိုက်ပုံးတွေမှာ အသား တံဆိပ် ထွင်းဖော်ထားတာတွေ ကိုလည်း ပြောင်းလဲနိုင်ပါတယ်။

ဗြိတိန်က စာတိုက်ပုံးပေါင်း ၁၁၅,၀၀၀ ပုံးအနက် ၆၀ ရာခိုင်နှုန်း ကျော်မှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ အမှတ်အသားကို ဖောင်းကြွ စာလုံးထွင်းထားပါတယ်။ EIIR အမှတ်အသားပါ။ E က Elizabeth (အဲလစ်ဇဘက်) ဖြစ်ပြီး R က Regina (ဘုရင်မ) လို့ အဓိပ္ပါယ်ရပါတယ်။

စကော့တလန် ပြင်ပမှာတော့ စာတိုက်ပုံးအသစ်တွေမှာ ဘုရင့်အမှတ်အသားကို ပြောင်းလဲ ဖော်ပြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာ စာတိုက်ပုံးအသစ်တွေ တပ်ဆင်တာကတော့ တော်တော်လေး နည်းသွားပါပြီ။

တော်ဝင် အသိအမှတ်ပြု တံဆိပ်

တော်ဝင် မိသားစု အိမ်တော်တွေကို အသုံးအဆောင် အဖြစ် ပုံမှန် တင်သွင်းတဲ့ ကုမ္ပဏီတွေကို အသိအမှတ်ပြု တံဆိပ်ကို အစားအသောက်က အစ ရေမွှေးစတာတွေမှာ တွေ့ကောင်းတွေ့ရတတ်ပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်မှာ ဘုရင်၊ ဘုရင်မတွေနဲ့ သူတို့ ကြင်ယာတွေ၊ ဆက်ခံသူတွေက သူတို့ ကိုယ်ပိုင် တော်ဝင် အသိအမှတ်ပြုမှုတွေ ထုတ်ပေးခဲ့ကြပါတယ်။ လတ်တလောမှာ အဲဒီလို တော်ဝင် အသိအမှတ်ပြု ထုတ်ပေးမှု ၉၀၀ ကို ကုမ္ပဏီ ၈၀၀ လောက်ကို ထုတ်ပေးထားပါတယ်။

အသိအမှတ်ပြု ထုတ်ပေးသူ ကွယ်လွန်သွားရင် အဲဒီအသိအမှတ်ပြုမှု ပျက်ပြယ်သွားပြီး ကုမ္ပဏီက ဒါကို ၂ နှစ်အတွင်း အသုံးပြုတာ ရပ်နားရမှာ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဘုရင်မကြီးရဲ့ မယ်တော်ကြီးရဲ့ အသိအမှတ်ပြုမှုဟာ သူကွယ်လွန်ပြီး ၅ နှစ် အထိ တည်တံ့နေခဲ့ပါတယ်

ဝေလမင်းသား ချားလ်စ် အဖြစ်နဲ့ ထုတ်ပေးခဲ့တာတွေက ဆက်ရှိနေမှာ ဖြစ်ပြီး အဲဒါက သူ့ရဲ့ အိမ်တော်အနေနဲ့ ထုတ်ပေးတာ ဖြစ်ပြီး သူ့ရဲ့ ဘွဲ့အဆောင်အယောင်အနေနဲ့ ထုတ်ပေးခဲ့တာ မဟုတ်လို့ ဖြစ်ပါတယ်။

ချွင်းချက်အနေနဲ့ ဘုရင်သစ်က အခုအခါ သူ့ရဲ့ သားတော်နဲ့ ဆက်ခံသူ မင်းသား ဝီလျံကို သူ့ရဲ့ ကိုယ်ပိုင် အသိအမှတ်ပြုမှုတွေ ထုတ်ပေးနိုင်ဖို့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်တွေ ဆက်သုံးလို့ရ

ငွေကြေးတွေတင်မကပါဘူး၊ တံဆိပ်တုံးတွေ၊ ခွင့်ပြုချက်တွေကိုလည်း ပြင်ဆင်ဖို့ လိုပါတယ်။

ဘုရင်မကြီးနာမည်အသုံးပြီး ထုတ်ပေးခဲ့တဲ့ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေ အားလုံးဟာ ဆက်ပြီး အသုံးပြုလို့ ရနေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသစ်ထပ်ထုတ်မယ့် နိုင်ငံကူးလက်မှတ်တွေရဲ့ အတွင်းဖုံးမှာတော့ ဘုရင်အဖြစ် ပြင်ဆင် ထုတ်တော့မှာ ဖြစ်ပါတယ်။

အင်္ဂလန် နဲ့ ဝေလပြည်က ရဲတပ်ဖွဲ့တွေရဲ့ ဦးထုပ်ထိပ်မှာ တပ်ဆင်တဲ့ အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ တော်ဝင်အမှတ်တံဆိပ်ကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ နိုင်ငံတော် သီချင်းမှာ "God Save the Queen" ဆိုတဲ့ စကားလုံးကို ပြောင်းမှာ ဖြစ်ပါတယ်။

ချားလ်စ် ဘုရင်အဖြစ် တရားဝင် ဖြစ်လာပြီးရင်တော့ စိန့်ဂျိမ်းစ် နန်းတော် လေသာဆောင်ကနေ အများပြည်သူကို ကြေညာမှာ ဖြစ်ပြီး "God Save the King" ဆိုတဲ့ အသုံးအနှုန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတော် သီချင်းကို တီးမှုတ်မှာ ဖြစ်ပြီး ၁၉၅၂ နောက်ပိုင်း အဲဒီစကားလုံးကို ပထမဆုံး ထည့်သွင်း သီဆိုမှာ ဖြစ်ပါတယ်။