ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး- ဂါရဝပြုအစီအစဥ်နဲ့ စျာပနအခမ်းအနား
အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်ခဲ့ပြီး ဗြိတိသျှ သမိုင်းရဲ့ နန်းသက်အရှည်ဆုံး အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့ပါပြီ။
သူဟာ စကော့တလန် ဘယ်လ်မော်ရယ်လ် စံအိမ်မှာ မိသားစုတွေ ဝန်းရံပြီး ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တာပါ။
လာမယ့်နေ့တွေမှာတော့ ပြည်သူတွေ သူ့ကို လာရောက် ကြည့်ရှုဂါရဝပြု အစီအစဥ် နဲ့ နိုင်ငံတော် စျာပနတို့ ကျင်းပဖို့ ရှိပါတယ်။
ဂါရဝပြု အစီအစဥ်
ဘုရင်မကြီးရဲ့ ခေါင်းတလား လန်ဒန်ကို ပြန်ရောက်လာချိန်မှာတော့ စျာပနမတိုင်ခင် ဝက်မင်န်စတာ ခန်းမမှာ လေးရက်ကြာ ထားရှိပြီး ပြည်သူတွေ လာရောက် ဂါရဝပြုနိုင်မယ့် အစီအစဥ် ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီ ခန်းမကြီးဟာ ဝက်မင်စတာ နန်းတော်ရဲ့ ရှေးအကျဆုံး အစိတ်အပိုင်းဖြစ်ပြီး ဗြိတိသျှ အစိုးရရဲ့ အချက်အချာ နေရာတစ်ခု ဖြစ်ပါတယ်။
အဲဒီခန်းမမှာ တော်ဝင်မိသားစုထဲက နောက်ဆုံး ဂါရဝပြုခံခဲ့သူကတော့ ၂၀၀၂ မှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်မကြီးရဲ့ မယ်တော် ဖြစ်ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ ခေါင်းတလားကို ကြည့်ရှုဂါရဝပြုသူ လူ နှစ်သိန်း ကျော် လာရောက်ခဲ့ကြပါတယ်။
၁၁ ရာစု အလယ်ခေတ် ခန်းမကြီးရဲ့ ကျွန်းသစ် အမိုးအောက်မှာ သူ့ရဲ့ခေါင်းတလားကို ခမ်းနားတဲ့ အလောင်းစင်ပေါ်မှာ ထားရှိမှာ ဖြစ်ပါတယ်။
စင်ရဲ့ ထောင့်တိုင်းမှာ တော်ဝင်မိသားစု အစောင့်တပ်က စစ်သားတွေက စောင့်ကြပ်ကြမှာ ဖြစ်ပါတယ်။
သူ့ကို ဘာကင်ဟမ် နန်းတော်ကနေ ဝက်မင်န်စတာခန်းမဆီကို ဖြည်းဖြည်းချင်း လှည့်လည် သယ်ဆောင်လာမှာ ဖြစ်ပြီး စစ်တပ် စီတန်းလှည့်လည်မှုနဲ့ တော်ဝင်မိသားစု လိုက်ပါလာမှာ ဖြစ်ပါတယ်။
ဒီသယ်ဆောင်လာမှုကို ဖြတ်သန်းသွားရာ လမ်းတွေ တစ်လျှောက် ပြည်သူတွေ ကြည့်ရှုနိုင်ကြမှာ ဖြစ်ပြီး လန်ဒန်တော်ဝင်ပန်းခြံတွေမှာ ဒီအခမ်းအနားကို ပိတ်ကားကြီးတွေနဲ့ ပြသထားဖွယ်လည်း ရှိပါတယ်။
ဘုရင်မကြီးရဲ့ ခေါင်းတလားကို တော်ဝင်အလံကို လွှမ်းထားမှာ ဖြစ်ပြီး ဝက်မင်န်စတာ ခန်းမကို ရောက်လာချိန်မှာတော့ ဘုရင်ဘုရင်မတို့ရဲ့ အချုပ်အခြာ သရဖူ၊ အဆောင်အယောင် ကျောက်မျက်ရတနာတုံးကြီးနဲ့ ကျိုင်းတံတို့ကို အပေါ်မှာ ထားရှိမှာပါ။
ခေါင်းတလားကို ခန်းမထဲ နေရာချပြီးချိန်မှာတော့ အချိန်သိပ်မကြာမြင့်တဲ့ ဝတ်ပြုဆုတောင်းမှု တစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေကို ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။
စျာပန အခမ်းအနား ဘယ်အချိန်လဲ
ဘုရင်မကြီးရဲ့ နိုင်ငံတော် စျာပနကို နှစ်ပတ်အတွင်း ဝက်မင်န်စတာကျောင်းတော်မှာ ပြုလုပ်ဖွယ်ရှိပြီး ရက်အတိအကျကိုတော့ ဘာကင်ဟမ်နန်းတော်က အတည်ပြုပေးမှာ ဖြစ်ပါတယ်။
အဲဒီဘုရားကျောင်းကြီးဟာ ဗြိတိန် ဘုရင်နဲ့ ဘုရင်မ အဆက်ဆက်တို့ ထီးနန်းရယူခဲ့တဲ့ သမိုင်းဝင် ကျောင်းတော် ဖြစ်ပြီး ၁၉၅၃ မှာ ပြုလုပ်ခဲ့တဲ့ ဘုရင်မကြီးရဲ့ နန်းတက်ပွဲနဲ့ ၁၉၄၇ ဘုရင်မကြီးနဲ့ ဖိလစ်မင်းသားကြီးတို့ရဲ့ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ မယ်တော် စျာပနကို အဲဒီမှာ ၂၀၀၂ ခုနှစ်မှာ ကျင်းပခဲ့ပေမဲ့ အဲဒီမှာ ဘုရင်၊ဘုရင်မတို့ရဲ့ စျာပန အခမ်းအနား မပြုလုပ်ခဲ့ရတာ ၁၈ ရာစု နှစ် ကတည်းက ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ အောက်မေ့ဖွယ်နဲ့ ဆုတောင်းပွဲအခမ်းအနားကို တော်ဝင်မိသားစုနဲ့အတူ ကမ္ဘာတစ်လွှားက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ယူကေ ဝါရင့် နိုင်ငံရေးသမားတွေနဲ့ ဝန်ကြီးချုပ်ဟောင်းတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အခမ်းအနားကို ဘုရင်မကြီးရဲ့ ခေါင်းတလားကို တော်ဝင်ရေတပ်က အမြောက်တင်ယာဥ်နဲ့ ဝက်မင်န်စတာ ခန်းမကနေ ဝက်မင်န်စတာ ဘုရားကျောင်းကို သယ်ဆောင်တာနဲ့ စတင်မှာ ဖြစ်ပါတယ်။
အမြောက်တင်ယာဥ်ကို ဖိလစ်မင်းသားကြီးရဲ့ ဦးရီးတော် လော့ဒ် မောင့်ဘက်တန်ရဲ့ ၁၉၇၉ ခုနှစ် စျာပနမှာ နောက်ဆုံးတွေ့မြင်ခဲ့ကြရပြီး တော်ဝင်ရေတပ်က ရေတပ်သား ၁၄၂ ယောက် အင်အားနဲ့ ဆွဲယူသယ်ဆောင်ခဲ့ပါတယ်။
ဒီလှည့်လည် သယ်ဆောင်မှု အခမ်းအနားကို ဘုရင်အသစ် အပါအဝင် တော်ဝင်မိသားစု အကြီးတန်း မိသားစုဝင်တွေ လိုက်ပါကြဖွယ် ရှိပါတယ်။
အောက်မေ့ဆုတောင်းပွဲကိုတော့ ဝက်မင်န်စတာ ဘုန်းတော်ကြီးချုပ် ဒေးဗစ်ဟွိုင်လီရဲ့ ဦးစီးမှုနဲ့ ကန်တာဘရီ ဂိုဏ်းချုပ် ဂျက်စတင်ဝဲလ်ဘီတို့ရဲ့ ဟောပြောဆုတောင်းမှုတို့နဲ့အတူ ကျင်းပဖွယ် ရှိပါတယ်။ ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ်လည်း ကျမ်းစာဖတ်ကြား နိုင်ပါတယ်။
ဆုတောင်းပွဲ အခမ်းအနားအပြီးမှာတော့ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝင်ဆာနန်းတော်ကို နိဗ္ဗာန်ယာဥ်နဲ့ မသယ်ဆောင်ခင်မှာ ဘုရားကျောင်းကနေ ဟိုက်ပါ့ခ် ဝယ်လင်တန်အာ့ချ်ကို လမ်းလျှောက် လှည့်လည်သယ်ဆောင်မှာ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ ခေါင်းတလားကို အဲဒီနေ့ မွန်းလွဲပိုင်းမှာ သူ့ရဲ့ နောက်ဆုံးခရီးစဥ်ဖြစ်တဲ့ ဝင်ဆာရဲတိုက်ထဲက စိန့်ဂျော့ချ် ဘုရားကျောင်းကို သယ်ဆောင်မှာ ဖြစ်ပါတယ်။
ခေါင်းတလား မြှုပ်နှံဖို့ စိန့်ဂျော့ချ် ဘုရားကျောင်းထဲ မဝင်ရောက်ခင်မှာ ဘုရင်နဲ့ တော်ဝင်မိသားစု အကြီးတန်း မိသားစုဝင်တွေဟာ အဲဒီသယ်ဆောင်တဲ့ အခမ်းအနားကို တက်ရောက်ကြဖွယ် ရှိပါတယ်။
စိန့်ဂျော့်ချ် ဘုရားကျောင်းဟာ တော်ဝင်မိသားစုတွေရဲ့ လက်ထပ်ပွဲတွေ၊ ဘာသာရေးပွဲတွေနဲ့ စျာပနအခမ်းအနားတွေ ကျင်းပဖို့ ရွေးချယ်လေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမှာ ဆပ်ဆက်စ် မြို့စားနဲ့ မြို့စားကတော်၊ မင်းသားဟယ်ရီနဲ့ မက်ဂန်တို့ လက်ထပ်ပွဲ၊ ဘုရင်မကြီးရဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးရဲ့ စျာပနတို့ ကျင်းပခဲ့ပါတယ်။
ဘုရင်မကြီးရဲ့ ခေါင်းတလားကို စိန့်ဂျော့်ချ်ဘုရားကျောင်းထဲက ဆဋ္ဌမမြောက် ဂျော့်ချ်ဘုရင် အောက်မေ့ဖွယ် ကျောင်းဆောင်ထဲမှာ မမြှုပ်နှံခင်မှာ မြှုပ်နှံထားရှိမယ့် ခန်းဆောင်ထဲကို ရွှေ့ပြောင်းချထားမှာ ဖြစ်ပါတယ်။