ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး-‘ကြင်နာတတ်တဲ့ ဘုရင်မ’ ကို ကမ္ဘာ့ခေါင်းဆောင်တွေ အောက်‌မေ့ဂုဏ်ပြု

    • ရေးသားသူ, တစ်ဖနီ ဝတ်သမ်မာ
    • ရာထူးတာဝန်, ဘီဘီစီ သတင်း
  • ရေးသားခဲ့သည်။

အသက် ၉၆ နှစ် အရွယ်မှာ နတ်ရွာလားသွားတဲ့ ဘုရင်မ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက အောက်မေ့ ဂုဏ်ပြုနေကြပါတယ်။

ဘုရင်မကြီးရဲ့ တာဝန်ယူလိုစိတ်တွေ၊ ဇွဲရှိမှုတွေသာမက သူ့ရဲ့ ဟာသဉာဏ်ရှိမှု၊ ကြင်နာစိတ်ထားမှုတွေကိုလည်း သူတို့ အလေးအမြတ်ပြုကြပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက "ကြင်နာတတ်တဲ့ ဘုရင်မ"ကို အောက်မေ့ တမ်းတရင်း ဘုရင်မကြီးဟာ "ပြင်သစ်ရဲ့ မိတ်ဆွေတယောက်ပါ" လို့ ဂုဏ်ပြု စကားပါးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဘုရင်မကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ တုန်းက ပထမဆုံးအကြိမ်စတွေ့ဆုံခဲ့ပြီး ဘုရင်မကြီးဟာ "ဦးသျှောင်တပါး ထက်မက ခေတ်တခေတ်ကိုပါ ထူထောင်ခဲ့တာ" လို့ ဆိုခဲ့ပါတယ်။

သမ္မတ အဖြစ် ၂၀၂၁ မှာ ဗြိတိန်ကို သွားခဲ့တဲ့ ခရီးကို ပြန်ပြောင်းသတိရရင်း မစ္စတာ ဘိုင်ဒန်က " သူ့ရဲ့ ဟာသဉာဏ်နဲ့ ကျွန်တော်တို့ကို စိတ်ပျော်ရွှင်စေခဲ့တယ်၊ သူ့ရဲ့ အကြင်နာတရားနဲ့ ကျွန်တော်တို့ စိတ်ချမ်းမြေ့စေခဲ့တယ်၊ သူ့ရဲ့ ဗဟုသုတ အသိဉာဏ်တွေကိုလည်း ရက်ရက်ရောရော ဝေမျှခဲ့တယ်" လို့ ပြောပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘုရင်မကြီး ဆုံးပါးသွားတဲ့အတွက် "ဗြိတိန်အစိုးရ နဲ့ ပြည်သူတွေကို လေးနက်စွာ ကိုယ်ချင်းစာပါတယ်"....."သူကွယ်လွန်သွားတာဟာ ဗြိတိန်ပြည်သူတွေအတွက် သိပ်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါ" လို့ ဆိုပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက် နိုင်ငံအကြီးအကဲ တာဝန်ယူရတဲ့ ကနေဒါမှာ သူ့လက်ထက် အတွင်း ဝန်ကြီးချုပ် ၁၂ ယောက် တက်ခဲ့ပါတယ်။

သူ့အဖေ ဝန်ကြီးချုပ်လက်ထက် သူ ကလေးဘဝနဲ့ ဘုရင်မကြီးကို ပထမဆုံးအကြိမ် စတွေ့ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက စိတ်လှုပ်ရှားစွာနဲ့ ဘုရင်မကြီးဟာ "ကနေဒါနိုင်ငံသူ နိုင်ငံသားတွေက နက်နက်ရှိုင်းရှိုင်းနဲ့ထာဝရ ချစ်မြတ်နိုးရသူပါ" လို့ ပြောပါတယ်။

"ရှုပ်ထွေးလှတဲ့ ကမ္ဘာအလယ်မှာ သူ့ရဲ့ တည်ငြိမ်တဲ့ ကျက်သရေနဲ့ ခိုင်မာမှုတွေက ကျွန်တော်တို့အားလုံးကို သက်သာရာရစေခဲ့တယ်" လို့ မစ္စတာ ထရူးဒိုးက ဆိုပြီး သူတို့ စကားတွေ‌ပြောခဲ့ကြတာကို အောက်မေ့ကာ သူဟာ"ကြင်နာမှု၊ ပါးနပ်လိမ္မာမှု၊ စူးစမ်းတတ်မှု၊ ကူညီမှု၊ ရယ်ပွဲဖွဲ့မှု စတာ စတာတွေ အစုံအစုံနဲ့ပါ"လို့ ပြောပါတယ်။

သူ့ရဲ့မျက်ရည်တွေကို ပြန်ထိန်းရင်း သူက"ဘုရင်မကြီးဟာ ကမ္ဘာမှာ ကျွန်တော် အနှစ်သက်ဆုံးလူတွေထဲက တယောက်ဖြစ်ပြီး အမြဲသတိရအောက်မေ့သွားမယ်" လို့ လည်း ပြောသွားပါတယ်။

အံ့အားသင့်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေး

ဘယ်လဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့က ဥရောပ ကော်မရှင် အပါအဝင် ကမ္ဘာတလွှားမှာ အလံတွေကို တိုင်ဝက် လျှောချထားကြပါတယ်။

ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဖွန်တေ လိုင်ယန်က "ဘုရင်မကြီးဟာ ကိုယ်ချင်းစာတတ်ပြီး ရိုးရာအစဉ်အလာကိုလည်း ခိုင်ခိုင်မြဲမြဲထိန်းခဲ့သလို မျိုးဆက်တိုင်းကို ဆက်သွယ်ဆက်ဆံနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်ပါတယ်၊ စစ်မှန်တဲ့ ခေါင်းဆောင်မှုရဲ့ စံနမူနာ" လို့ ဆိုပါတယ်။

အခုအချိန် ကမ္ဘာမှာ တဦးတည်းသာရှိတော့တဲ့ ဘုရင်မ ဖြစ်သူ ဒိန်းမတ် ဒုတိယမြောက် မာဂရက်ဘုရင်မက ချားစ် ဘုရင် ဆီကို သူ့ရဲ့ ဝမ်းနည်းသဝဏ်လွှာကို ပါးခဲ့ကာ "ဥရောပ ဦးသျှောင်တွေကြားမှာ ဘုရင်မကြီးဟာ မီးရှူးတန်ဆောင်ဖြစ်ပြီး ကျွန်မတို့ အားလုံး ကို လေးစားအားကျစေခဲ့တယ်" လို့ ရေးပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ရဲ့ ၅ ဝမ်းကွဲဆွေမျိုး နယ်သာလန် ဘုရင် ဝီလျံ အလက် ဇန်းဒါးက သူနဲ့ ဘုရင်မ မက်ဇီမာတို့ ဘုရင်မကြီးရဲ့ "ဇွဲစိတ်ထက်သန်မှုနဲ့ ပါးနပ် လိမ္မာမှု"တွေကို အောက်မေ့ကာ "နက်နက်ရှိုင်းရှိုင်း လေးစားရင်း သိပ်ကို ချစ်မြတ်နိုးတယ်" လို့ ဆိုပါတယ်။

ဘုရင်မကြီးနဲ့ ဆွေမျိုး အဖျားအနားတော်တဲ့ ဆွီဒင် ဘုရင် ကားလ် ၁၅ ဂုစတပ်ဖ်က "ဘုရင်မကြီးဟာ သူ့မိသားစုရဲ့ အမြဲတမ်း ချစ်ရတဲ့သူဖြစ်ပြီး မိသားစုရာဇဝင်မှာ တန်ဖိုးကြီးတဲ့ ဆက်နွှယ်မှုပါ" လို့ စကားပါးပါတယ်။

ဘယ်လဂျီယံ ဘုရင် ဖိလစ်နဲ့ ဘုရင်မ မသဲလ် တို့က ဘုရင်မကြီးဟာ "သိပ်ကို အံ့အားသင့်စရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူဖြစ်ပြီး သူ့ နန်းသက် တလျောက် ဂုဏ်သိက္ခာတွေ၊ သတ္တိရှိမှုတွေ၊ စွဲစွဲနစ်နစ်လုပ်ကိုင်လိုစိတ်တွေကို ပြသခဲ့တယ်" လို့ စကားပါး ဂုဏ်ပြုပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိုလော့ဖ် ရှုဇ်က ဘုရင်မကြီးရဲ့ "ဟာသဉာဏ် ထက်သန်မှု" ကို ဂုဏ်ပြုခဲ့ပြီး သူပါးတဲ့ ဂုဏ်ပြုစာထဲမှာ "ဒုတိယကမ္ဘာစစ်ရဲ့ ကြောက်မက်ဖွယ် ဆိုးရွားမှုတွေအပြီး ဂျာမနီနဲ့ ဗြိတိန်အကြား ပြန်လည်ရင်ကြားစေ့ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့တဲ့ သူရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှာ မေ့ပျောက်ပစ်မှာ မဟုတ်ဘူး" လို့ ရေးသားထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက သူ ဗြိတိန်ကို လာတဲ့ ခရီးစဉ် ၂ခုအတွင်း ဘုရင်မကြီးနဲ့ တွေ့ဆုံခဲ့ရတာကို ပြန်ပြောင်း‌ရေးကာ "သူ့ရဲ့ နွေးထွေးမှုနဲ့ ကြင်နာမှုကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" လို့ သူ့တွစ်တာက တဆင့်ပါးသလို "တွေ့ဆုံမှု တခုအတွင်း သူက သူ့မင်္ဂလာဆောင်ပွဲမှာ မဟတ္တမဂန္ဒီက သူ့ကို လက်ဖွဲ့ထားတဲ့ လက်ကိုင်ပဝါကို ပြတယ်၊ အဲဒီ အပြုအမူကို ကျွန်တော် အမြဲတမ်း မြတ်နိုးသွားမယ်" ဆိုပါတယ်။

ဆော်ဒီအာရေဗျ ဘုရင် ဆယ်မန်နဲ့ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆယ်မန်တို့က သူတို့ရဲ့ ဝမ်းနည်းစကားတွေကို ပါးခဲ့ကြပြီး ဘုရင်က ဘုရင်မကြီးဟာ "သမိုင်း တလျောက် တည်ကျန်ရစ်မယ့် ခေါင်းဆောင်မှု အတွက် ပြယုဂ်တခုပါ" လို့ ဂုဏ်ပြုပါတယ်။

'စိတ်အေးစေဖို့ အားပေးရင်း အမြဲရှိနေတဲ့သူ'

ဘုရင်မကြီး အဲလစ်ဇဘက်ဟာ နန်းသက် ဆယ်စုနှစ် ၇ စု ကို ဖြတ်ခဲ့တာမို့ အပြောင်း အလဲကြီးတွေ အတော်များများ တွေ့ကြုံခဲ့ဖူးပါတယ်။ ဒီအကြောင်းတွေကလည်း အောက်မေ့ဂုဏ်ပြုကြတဲ့အထဲမှာ ဖော်ပြကြပါတယ်။

ဘုရင်မကြီးဟာ "ဗြိတိန်နိုင်ငံ ဆက်ပြီးရှင်သန်ဖို့နဲ့ ညီညွတ်ရေးကို နှစ်ပေါင်း ၇၀ ကျော် အကောင်အထည်ဖော်ပေးခဲ့တယ်ဆိုတာကို" သူ တွေ့ခဲ့ရတယ်လို့ မစ္စတာ မက်ခရွန်းက ဆိုပါတယ်။ အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားက သူဟာ "ကြွယ်ဝမှုကာလတွေ၊ ဆုတ်ဆိုင်းသွားမှု ကာလတွေကို ဖြတ်သန်းခဲ့သလို၊ လပေါ်ကို လူသားတွေ သွားနိုင်တဲ့ အဖြစ်က အစ ဘာလင်တံတိုင်း ပြိုကျသွားတဲ့ အဖြစ် တိုင်" ဖြတ်သန်းနေထိုင်သွားသူလို့ ဆိုပါတယ်။

ဂျပန် ဝန်ကြီးချုပ် ဖုမီယို ကီရှီဒါက သိပ်ဝမ်းနည်းကြောင်းဆိုပြီး "ကမ္ဘာမှာ လှိုင်းထန်နေတဲ့ ကာလအချိန်က ဗြိတိန်ကို ဦးဆောင်ခဲ့တဲ့ ဘုရင်မကြီး ကွယ်လွန်မှု ဟာ ဗြိတိန်ပြည်သူတွေရဲ့ ဆုံးရှုံးမှုသာမက နိုင်ငံတကာအသိုင်း အဝိုင်း အတွက် ဆုံးရှုံးမှုပါ" လို့ သတင်းထောက်တွေကို ‌ပြောပါတယ်။

အိုင်ယာလန် သမ္မတ မိုက်ကယ် ဒီ ဟစ်ဂင်က ဘုရင်မကြီးရဲ့ "တာဝန်ယူစိတ်ရှိမှု"ကို ဂုဏ်ပြုခဲ့ပြီး "သူ့နန်းသက် ၇၀ အတွင်း ကြီးမားတဲ့ အပြောင်းအလဲကြီးတွေကို ကြုံခဲ့ရကာ ဗြိတိန်ပြည်သူတွေ စိတ်အေးစေဖို့ အမြဲအားပေးခဲ့တဲ့သူ" ဖြစ်တယ်လို့ သူ့ရဲ့ ရှည်လျားတဲ့ ကြေညာချက်ထဲမှာ ထည့်ရေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ဘုရင်မကြီး အဲလစ်ဇဘက်ဟာ "အာဖရိက နဲ့ အာရှမှာ ကိုလိုနီနိုင်ငံတွေ လွတ်မြောက်လာတာ၊ ဓနသဟာယနိုင်ငံများအဖွဲ့ ပေါ်ထွန်းလာတာ စတာတွေအပါအဝင် အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့ရာ ဆယ်စုနှစ်များစွာ တလျောက်လုံး စိတ်အေးစေဖို့ အားပေးရင်း အမြဲရှိနေတဲ့သူ" လို့ ချီး‌ကျူး အောက်မေ့ပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက်ဟာ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတခုဖြစ်ပြီး ဦးသျှောင်အဖြစ် တာဝန်ယူရတဲ့ သြစတြေးလျနိုင်ငံ ကို ၁၆ ကြိမ်သွားလည်ခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘန်နီးက "ဘယ်လိုပဲဝေဖန်ဆူညံနေတဲ့၊ လှိုင်းထန်နေတဲ့ နှစ်တွေဖြစ်ပါစေ၊ သူဟာ တလျောက်လုံး ယဥ်ယဥ်ကျေးကျေး၊ တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်" လို့ သူ့ရဲ့ ကြေညာချက်မှာ ရေးပါတယ်။

"သူက ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ အချိန်တွေမှာ အတူပျော်ပွဲခံခဲ့သလို ဆိုးရွားတဲ့ အချိန်တွေမှာ ကျွန်တော်တို့နဲ့ အတူရပ်တယ်ခဲ့တယ်။ ပျော်ပျော်ရွှင်ရွှင် ဂုဏ်သိက္ခာ ထည်ထည်နဲ့ အတူ ဇွဲလည်း သန်တယ်။"

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်းက ဘုရင်မကြီး ဆုံးပါးသွားတဲ့ သတင်းကို ရဲအရာရှိ တယောက်က မီးတိုင်တခုနဲ့ အတူ သူ့အိပ်ခန်းထဲ မနက် ၄ နာရီ ၅၀ မှာ လာပြောလို့ သူနိုးထလာခဲ့တယ် လို့ ဆိုပါတယ်။

"ဘုရင်မကြီးဟာ သိပ်ကို ထူးခြားပါတယ်၊ နောက်ဆုံး အချိန်ကာလများမှာတင် သူချစ်တဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့တာဝန်တွေ ထမ်းဆောင်နေခဲ့တာပါ" လို့ မစ္စ အာဒန်းက ပြောပါတယ်။

'သမိုင်းတလျောက်လုံး ရှင်သန်နေခဲ့ပြီး သမိုင်းတွင်ခဲ့သူ"

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဟာ သမ္မတ အိုင်စင်ဟောင်ဝါကစလို့ အမေရိကန် သမ္မတ ပေါင်း ၁၃ ‌ယောက်ကို သူ့နန်းသက်အတွင်း တွေ့ဆုံဖူးပါတယ်။

သမ္မတဟောင်း အိုဘားမားက "အကြိမ်ပေါင်းများစွာပါပဲ၊ သူရဲ့နွေးထွေးမှုတွေ၊ သက်သာ အေးဆေးစေတာတွေ၊ သိပ်ကို ရင့်သန်တဲ့ ဟာသဉာဏ်တွေ၊ ပျော်မွေ့နှစ်လို စရာ အချိန်အခိုက်အတန့်တွေကို ကျွန်တော်တို့ ရခဲ့တယ်" လို့ သူ့ရဲ့ သဝဏ်စာမှာရေးပါတယ်။

ဒေါ်နယ်ထရမ့်က သူ "ဘုရင်မကြီးရဲ့ ဖော်ရွေရင်းနှီးမှုတွေ၊ ကြီးမြတ်တဲ့ ဉာဏ်ပညာ တွေ၊ ထူးကဲတဲ့ ဟာသဉာဏ်တွေကို ဘယ်တော့မှာ မေ့မှမဟုတ်ဘူး" လို့ ဆိုပါတယ်။

အစ္စရေး သမ္မတ အိုက်ဇက် ဟာဇော့က ဘုရင်မကြီးဟာ သူ့နန်းသက်တလျောက် ကြီးမားတဲ့ အပြောင်းအလဲတွေကို ကြုံခဲ့ရတာလို့ ဆိုပြီး အဲဒီ သမိုင်းတ‌လျောက် သူဟာ "တည်တည်ငြိမ်ငြိမ်နဲ့ တာဝန်ခံမှုရှိတဲ့ ခေါင်းဆောင်မှုရဲ့ ပြယုဂ်အဖြစ် ရှိခဲ့ သလို၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ လူသားဆန်မှုနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် တွေကို စံနမူနာပြခဲ့တယ်" လို့ ဆိုပါတယ်။

‌ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဘ္ဘဒ္ဒူလာ က သူ့တိုင်းပြည်ဟာ "ထင်ရှားတဲ့ခေါင်းဆောင် တယောက် ဆုံးပါးရတဲ့အတွက် ဝမ်းနည်းပူဆွေးနေတယ်" လို့ ဆိုပြီး ‌ဂျော်ဒန်ကို ၁၉၈၄ ခုနှစ်က လာဖူးခဲ့တဲ့ ဘုရင်မကြီးဟာ "ဉာဏ်ပညာကြီးမားမှု၊ မူခိုင်မာတဲ့ ခေါင်းဆောင်မှု စတာတွေရဲ့ ပြယုဂ် တခု" လို့ ချီးကျူး ဂုဏ်ပြုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး က "ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီး" ကို သိလိုက်ရပြီး "သိပ်ကို ဝမ်းနည်းမိတယ်" လို့ တွိဒ် လုပ်ပါတယ်။

ဘုရင်မကြီးနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးတဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က "ဗြိတိန်ရဲ့ ခေတ်သစ် သမိုင်းထဲက အရေးအကြီးဆုံးအဖြစ်တွေနဲ့ ဘုရင်မကြီး နာမတော်ဟာ ခွဲပစ်လို့မရအောင် ဆက်နွှယ်ပတ်သက်နေခဲ့တယ်" လို့ ချားစ် ၃ ဘုရင်ကို သူပါးလိုက်တဲ့ သဝဏ်လွှာမှာ ရေးပါတယ်။

အာဖရိကခေါင်းဆောင်တွေကလည်း ဘုရင်မကြီးကို အောက်မေ့တမ်းတ ဂုဏ်ပြုကြပါတယ်၊ သူတို့ထဲက အများအပြားက ဘုရင်မကြီးကို ဓနသဟာယ နိုင်ငံများ အဖွဲ့ရဲ့ အကြီးအကဲအဖြစ်သိကြသလို၊ သူတို့နိုင်ငံတွေရဲ့ အရေးကို စာနာနားလည်သူအဖြစ် မြင်ကြပါတယ်။

ကင်ညာနိုင်ငံရဲ့ သမ္မတ ဝီလျံ ရုတိုက ဘုရင်မကြီးချန်ထားခဲ့တဲ့ "သမိုင်းတင်တဲ့ လုပ်ဆောင်မှု အမွေအနှစ်တွေ"ကို ချီးကျူးလိုက်ပြီး "ဘုရင်မကြီး နှစ်ချိုက်မွေ့လျော် ခဲ့တဲ့ ရင်းနှီးတဲ့ ဆက်နွှယ်မှုတွေကို တမ်းတမိတယ်" လို့ ဆိုပါတယ်။ ကင်ညာဟာ ၁၉၆၃ မှာ ဗြိတိန် ကိုလိုနီလက်အောက်က လွတ်ခဲ့တဲအာဖရိကနိုင်ငံ တနိုင်ငံဖြစ်ပြီး ဘုရင်မကြီး အတွက် အထူးတလည်အဖြစ်နဲ့ ကြုံခဲ့ရာ အရပ်လည်းဖြစ်ပါတယ်။ အဲဒီမှာ သူ ဘုရင်မ စဖြစ်ခဲ့တာပါ။ ၁၉၅၂ ခုနှစ်က သူ့ခမည်းတော် ‌ဂျော့ချ် ၂ ဘုရင် နတ်ရွာစံသွားခဲ့စဉ်မှာ အဲဒီအချိန်က ၂၅ နှစ်အရွယ် ငယ်ရွယ်သေးတဲ့ မင်းသမီးဟာ ကင်ညာမှာ ရက်အားရက် ခရီးမှာ ရှိနေခဲ့တာပါ။

ဓနသဟာယနိုင်ငံများအဖွဲ့ကို အသစ်ဝင်လာတဲ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဂါဘွန်နိုင်ငံ သမ္မတ အလီ ဘွန်ဂို အွန်ဒင်မာက "ဘုရင်မကြီးဟာ အာဖရိကရဲ့ မိတ်ဆွေထူး မိတ်ဆွေမြတ်ဖြစ်ပြီး အာဖရိကဟာ အပြန်အလှန်အားဖြင့် သူ့ကို သိပ်ကို ချစ်မြတ်နိုးကြတယ်" လို့ ဆိုပါတယ်။

ဂါနာ သမ္မတ နာနာ အကူဖို အက်ဒိုက ဘုရင်မကြီး သူတို့နိုင်ငံကို လာလည်ခဲ့တဲ့ ခရီးစဥ် ၂ခု အပေါ် သူတို့နိုင်ငံပြည်သူတွေက သိပ်ကို ကြည်နူးဖွယ်ရာ အောက်မေ့ကြ တယ်လို့ ဆိုရင်း "ဘုရင်မကြီးဟာ ဖော်ရွေရင်းနှီးမှု၊ ကျက်သရေရှိမှု၊ ပျော်ပျော်ရွှင်ရွှင်နေတတ်မှုတွေကို သူ့တာဝန်တွေထမ်းဆောင်ရင်း ဖော်ပြခဲ့တယ်" လို့ ဆိုပါတယ်။

ဂါနာဟာ ဗြိတိန်ကိုလိုနီဘဝနဲ့ရှိစဉ် ဘုရင်မ အဲလစ်ဇဘက်က အဲဒီနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားလည်ခဲ့ပြီး အဲဒီအချိန်က သူ့ရဲ့လုံခြုံရေးအတွက် အများက စိုးရိမ်ခဲ့ပါတယ်။ သူသွားမလည်ခင် ၅ ရက်ကာလက မြို့တော် အက်ကာမှာ ဗုံးတွေကွဲခဲ့ပါသေးတယ်။ ဒါပေမယ့် သူကနောက်မရွံ့ပဲ သွားခဲ့ပါတယ်။

လက်တင်အမေရိကနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဘုရင်မကြီးကို အောက်မေ့ ဂုဏ်ပြု ကြပါတယ်။

ဘရာဇီး နိုင်ငံခေါင်းဆောင် ဂျအဲ ဘိုဆန်နာရိုက "ဘုရင်မကြီးဟာ ဗြိတိန်ရဲ့ ဘုရင်မ သာမဟုတ်ပါဘူး၊ ကျွန်တော်တို့အားလုံးရဲ့ ဘုရင်မပါ" လို့ ဆိုပါတယ်။

သူက "ဘုရင်မကြီးဟာ သိပ်ကိုထူးခြားပြီး ဘယ်သူနဲ့မှမတူတဲ့ အမျိုးသမီးဖြစ်ပြီး သူ့ရဲ့ ခေါင်းဆောင်မှု၊ ရိုးသားနှိမ့်ချမှု၊ သူ့နိုင်ငံကို ချစ်တဲ့ အချစ် စတာတွေက ကျွန်တော်တို့အတွက် လေးစားအားကျစရာတွေဖြစ်တယ်" လို့ ပြောကာ အစိုးရအနေနဲ့ သူ့နိုင်ငံမှာ ဝမ်းနည်းတဲ့နေ့ ၃ ရက် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

ဖောက်ကလန်၊ မယ်လ်ဗီးနတ်စ် ကျွန်းတွေနဲ့ ရာစုနှစ်တွေနဲ့ ချီ‌အောင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ရတဲ့ အာဂျင်တီးနားက ဘုရင်မကြီး နတ်ရွာစံသွားတဲ့ သတင်းကြားတဲ့အခါ ဝမ်းနည်းစကားပါးလာပါတယ်။

သမ္မတ အဲလ်ဘတ်တို ဖာနန်ဒက်စ်က " ဗြိတိန်ရဲ့ ဦးသျှောင် အဲလစ်ဇဘက် ၂ ဘုရင်မကြီး ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး အာဂျင်တီးနားအစိုးရဟာ ဗြိတိန်ပြည်သူတွေ၊ ဗြိတိန်အစိုးရတို့နဲ့ အတူ ထပ်တူထပ်မျှခံစားရတယ်" လို့ သူ့တွစ်တာမှာ ရေးပါတယ်။