ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံကြောင်း ဘာကင်ဟမ်နန်းတော် ထုတ်ပြန်

ရေးသားခဲ့သည်။

ယူကေရဲ့ နန်းသက်အရှည်ဆုံး ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်ပါတယ်။ သူဟာ ယူကေနန်းတွင်းမှာ နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပါတယ်။

သူ့ရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့ သိရချိန်မှာ မိသားစုဝင်တွေဟာလည်း စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ကို သွားရောက်ခဲ့ကြပါတယ်။

ဘုရင်မကြီးဟာ ၁၉၅၂ ခုနှစ်က နန်းတက်ခဲ့ပြီး လူမှုအပြောင်းအလဲကြီးတွေ ကြုံတွေ့ခဲ့ရပါတယ်။

သူ့ရဲ့ အကြီးဆုံးသားတော် ဝေလမင်းသားဟာ ဘုရင်အဖြစ်အပြင် ဓနသဟာယနိုင်ငံ ၁၄ နိုင်ငံရဲ့ အကြီးအကဲအဖြစ် အောက်မေ့ဖွယ်အခမ်းအနားတွေကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဘာကင်ဟမ်နန်းတော်ရဲ့ ကြေညာချက်မှာတော့ ''ဘုရင်မကြီးဟာ ဘယ်လ်မိုရဲလ်မှာ ဒီနေ့ မွန်းလွဲပိုင်းက ငြိမ်းချမ်းစွာ နတ်ရွာစံသွားတယ်'' လို့ ဖော်ပြပါတယ်။

''ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ ဒီညမှာ ဘယ်လ်မိုရဲလ်မှာ ဆက်နေပြီး မနက်ဖြန် လန်ဒန် ပြန်ပါမယ်။''

ဘုရင်မကြီးကို ဆရာဝန်တွေက ဆေးကုသမှုပေးနေချိန်မှာ ဘုရင်မကြီးရဲ့ သားသမီးအားလုံးဟာ ဘယ်လ်မိုရဲလ်ကို သွားရောက်ခဲ့ကြပါတယ်။

ဘုရင်မကြီးရဲ့ မြေးတော် မင်းသား ဝီလျံလည်း ဘယ်လ်မိုရဲလ်ကို ရောက်နေသလို သူ့ညီတော် မင်းသား ဟယ်ရီလည်း အဲဒီကို သွားရောက်နေပါတယ်။