ရီရှီ ဆူးနတ်ခ် - ပထမဆုံး လူဖြူမဟုတ်သော ဗြိတိသျှ ဝန်ကြီးချုပ် ဖြစ်ဖို့ကြိုးပမ်းနေသူ

ရေးသားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ရီရှီ ဆူးနတ်ခ်ဟာ အရင် ဘဏ္ဍာရေး ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ့အထက်လူကြီးဟောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ နေရာကို ဆက်ခံမယ့်သူ အဖြစ် ရေပမ်းစားခဲ့သူလည်း ဖြစ်ပါတယ်။

အခု တိုရီ ပါတီဝင်တွေက ပါတီခေါင်းဆောင်နေရာအတွက် မဲပေးကြတော့မယ့် အချိန်နီးကပ်လာချိန်မှာတော့ သူဟာ ပြိုင်ဘက် လဇ်ထရပ်စ်ရဲ့ နောက်ကို ရောက်သွားပါတယ်။

မစ္စတာ ဆူးနတ်ခ်ရဲ့ မိဘတွေဟာ အရှေ့အာဖရိက ကနေ ယူကေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ အိန္ဒိယနွယ်ဖွားတွေ ဖြစ်ကြပါတယ်။ သူ့ကိုတောင် ၁၉၈၀ ခုနှစ်မှာ ဆောက်သမ်တန် မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက အထွေထွေရောဂါကု ဆရာဝန်တယောက်ဖြစ်ပြီး မိခင်ကတော့ ဆေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဖြစ်ပါတယ်။

သူဟာ ငယ်စဉ်က ဝင်ချက်စတာ ကောလိပ် ပုဂ္ဂလိက ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး နွေရာသီ ကျောင်းပိတ်ရက်တွေမှာတော့ ဆောက်သမ်တန်မြို့က စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်လေ့ ရှိပါတယ်။ အဲဒီနောက် အောက်စဖို့ဒ် တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ သူ အထူးပြုခဲ့တာက ဒဿနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာတွဲ ဖြစ်ပါတယ်။

နောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ MBA ဘွဲ့အတွက် ပညာသင်ကြားနေစဉ်မှာ သူ့ ဇနီး မစ္စ မူသီ နဲ့ ဆုံခဲ့တာ ဖြစ်ပါတယ်။ မစ္စ မူသီရဲ့ ဖခင်ဖြစ်သူကတော့ IT ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့ Infosys ကို ပူးတွဲတည်ထောင်သူ ဘီလျံနာ သူဌေး နာရာယနာ မူသီပဲ ဖြစ်ပါတယ်။ ရီရှီဆူးနတ်ခ် တို့ ဇနီးမောင်နှံမှာ သမီး ၂ ဦး ထွန်းကားခဲ့ပါတယ်။

သူ့ရဲ့ ပါတီခေါင်းဆောင် နေရာအတွက် မဲဆွယ်ပွဲတွေမှာ ရာသီဥတုပြောင်းလဲမှု အကြောင်းနဲ့ ပတ်သက်လို့ ပြောတဲ့အခါ သူ့ သမီး ၂ ယောက်အကြောင်းကိုလည်း ထည့်ပြောလေ့ ရှိပါတယ်။ သူ့ကို ဘီဘီစီက စီစဉ်တဲ့ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲမှာ ရာသီဥတု ပြောင်းလဲမှု အကြောင်းရာနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာ သူက သမီး ၂ ယောက်ရဲ့ အကြံဉာဏ်ကို ယူလေ့ရှိကြောင်း၊ ဒီအကြောင်းအရာနဲ့ ပတ်သက်ရင် ကျွမ်းကျင်သူတွေက သူတို့အိမ်သားတွေအတွင်းမှာတော့ သမီးတွေပါပဲလို့ သူက ဖြေခဲ့ပါတယ်။

ပါတီခေါင်းဆောင်နေရာအတွက် အသည်းအသန် ယှဉ်ပြိုင်နေရတဲ့ အချိန်မှာ မစ္စတာ ဆူးနတ်ခ် အဓိက ဦးစားပေး ပြောလေ့ရှိတာက ကျဆင်းလာနေတဲ့ ယူကေရဲ့ စီးပွားရေး အခြေအနေပဲ ဖြစ်ပြီး ဒါကို သူဘယ်လို ပြုပြင်ပေးမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။

ဒီပါတီခေါင်းဆောင်နေရာ အတွက် ပြိုင်ဆိုင်မှုတွေက ဘယ်လောက် ခါးသီး လာသလဲ ဆိုရင် မစ္စတာ ဆူးနတ်ခ်က လိမ်လည်ကတိတွေပေးပြီး ပါတီ ခေါင်းဆောင်ဖြစ်ရတာထက်စာရင် အရှုံးပဲ ပေးလိုက်မယ်လို့ ပြောခဲ့ပါတယ်။

ဒီစကားက အခွန်ငွေတွေ ဘီလျံများစွာ လျှော့ချပေးသွားမယ်ဆိုပြီး ကတိတွေ ပြုနေတဲ့ မစ္စ ထရပ်စ်ကို ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။

တဖက်က အဲဒီလို မက်လုံးပေးနေချိန်မှာ မစ္စတာ ဆူးနတ်ခ်က သူက ငွေကြေးဖောင်းပွမှုကို မထိန်းနိုင်မချင်း အခွန်မလျှော့ပေးဘဲ ပြည်သူ့ ဘဏ္ဍာကို တာဝန်ရှိရှိ ထိန်းသိမ်းအသုံးပြုသွားမယ်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်ပါတယ်။

ဒါပေမယ့် မစ္စတာ ဆူးနတ်ခ် သူ့အပြောကိုပဲ နားထောင်လက်ခံမနေကြဘဲ သူ့လုပ်ရပ်တွေကိုလည်း ပြန်ပြောင်း အမှတ်ရကြဖို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလ အတွင်းမှာ မစ္စတာ ဆူးနတ်ခ်ဟာ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဖြစ်ပြီး သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ ယူကေမှာ ကပ်ရောဂါကြောင့် လော့ခ်ဒေါင်းတွေ စချခဲ့ပါတယ်။ အဲဒီ ကာလကြီးကို ဖြတ်သန်းနေစဉ်အတွင်း ယူကေရဲ့ စီးပွားရေးကို သူပဲ့ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

အရက်သေစာ မသောက်စားတဲ့ သူ့ရဲ့ အသက် ၄၀ ပြည့်တဲ့ မွေးနေ့ကိုတောင် လော့ခ်ဒေါင်းကာလအတွင်းမှာပဲ ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ အဲဒီတုန်းက အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တယ်လို့ လူတချို့က ယူဆနေကြပါပြီ။

အဲဒီနောက် ၂၀၂၀ ခုနှစ်ရဲ့ နွေဦးမှာ ကပ်ရောဂါကာလအတွင်း ပြည်သူတွေ ပြေလည်စေဖို့အတွက် ပေါင်စတာလင် ဘီလျံ ၃၅၀ ချပေးလိုက်တဲ့ အချိန်မှာတော့ သူ့အပေါ် လူကြိုက်များမှုတွေလည်း အထွတ်အထိပ်ကို တက်သွားခဲ့ပါတော့တယ်။

ဒါပေမယ့် ယူကေရဲ့ စီးပွားရေးက မုန်တိုင်းထန်ထန်ကို ဆက်ပြီး ဖြတ်သန်းခဲ့ရသလို မစ္စတာ ဆူးနတ်ခ် ကိုယ်တိုင်လည်း ၂၀၂၀ ဇွန်လအတွင်း လော့ခ်ဒေါင်း စည်းကမ်းတွေ ချိုးဖောက်မိလို့ ရဲက ဒဏ်ရိုက်ခံခဲ့ရပြီး အဲဒါရဲ့ ဆိုးကျိုးတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနှစ် ဧပြီလ အတွင်းမှာတော့ ကွန်ဆာဗေးတစ် ဝေဖန်ရေး သမားတွေက လူနေမှုစရိတ် တက်လာတဲ့ အတွက် ပြည်သူလူထုတွေ ရုန်းကန်နေကြရတာကို သူ့လို သန်းချီ ကြွယ်ဝသူအနေနဲ့ နားလည် သဘောပေါက်ပါရဲ့လားလို့ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။

အဲဒီလ အတွင်းမှာလည်း ဇနီးသည် အာ့ခ်ရှာတာ မူသီရဲ့ အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီး မစ္စတာ ဆူးနတ်ခ်တို့ မိသားစုရဲ့ ဘဏ္ဍာရေး ကိစ္စတွေနဲ့ ပတ်သက်လို့ စိစစ် မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဇနီးသည်က ခင်ပွန်းဖြစ်သူမှာ နိုင်ငံရေး ဖိအားတွေ လျော့ကျသွားစေဖို့အတွက် ယူကေပြင်ပက သူ့ဝင်ငွေတွေအတွက်လည်း ယူကေမှာ အခွန်ဆောင်ပါ့မယ်လို့ ကြေညာခဲ့ပါတယ်။

အတိုက်အခံ လေဘာ ပါတီဘက်ကလည်း သူ့ဘဏ္ဍာရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မေးခွန်းတချို့ ထုတ်ခဲ့ပါတယ်။ အဲဒီထဲမှာ မစ္စတာ ဆူးနတ်ခ်ဟာ အခွန်ကင်းလွတ်မှုတွေကနေ တစုံတရာ အကျိုးရှိခဲ့သလား ဆိုတာပဲ ဖြစ်ပါတယ်။

The Independent သတင်းစာက ဗြိတိသျှ ဗာဂျင် ကျွန်းစုတွေနဲ့ ကေမန် ကျွန်းစုတွေမှာ မှတ်ပုံတင်ထားတဲ့ အခွန်ကင်းလွတ်တဲ့ အဖွဲ့တချို့ရဲ့ ၂၀၂၀ ခုနှစ်အတွင်းက အကျိုးစီးပွား ဆက်ခံခွင့် ရှိသူ စာရင်းထဲမှာ သူ့နာမည်လည်းပါနေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မစ္စတာ ဆူးနတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီ ကိစ္စတွေကို မသိဘူးဆိုပြီး ပယ်ချပစ်ခဲ့ပါတယ်။

ရီရှီ ဆူးနတ်ခ်

အသက် - ၄၂

ဇာတိ - ဆောက်သမ်တန်

နေရပ် - လန်ဒန်နဲ့ ယော့ခ်ရှိုင်းယား

ပညာရေး - ဝင်ချက်စတာ ကောလိပ်၊ အောက်စဖို့ဒ် တက္ကသိုလ်၊ စတန်းဖို့ဒ် တက္ကသိုလ်

မိသားစု - စီးပွားရေး လုပ်ငန်းရှင် အာ့ခ်ရှာတာ မူသီနဲ့ လက်ထပ်ခဲ့ပြီး သမီး ၂ ဦးထွန်းကား

မဲဆန္ဒနယ် - ရစ်ချ်မန်၊ ယော့ခ်ရှိုင်းယား

မစ္စတာ ဆူးနတ်ခ်ရဲ့ ကြွယ်ဝမှုနဲ့ ပုဂ္ဂလိကကျောင်းမှာ ပညာသင်ယူခဲ့တဲ့ ကိစ္စတွေဟာ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွေမှာလည်း အာရုံစိုက်ခံခဲ့ရပါတယ်။ Sky News ရဲ့ အစီအစဉ် တင်ဆက်သူ ကေးဘာလီက မစ္စတာဆူးနတ်ခ်ဟာ ပါလီမန် အမတ်တယောက် ဖြစ်ဖို့ သိပ်ချမ်းသာလွန်း မနေဘူးလားလို့ မေးခဲ့ဖူးပါတယ်။

မစ္စတာ ဆူးနတ်ခ်ဟာ ပြီးခဲ့တဲ့ ၂၀၀၁ ကနေ ၂၀၀၄ အထိ Goldman Sachs မှာ ဘဏ္ဍာရေး ကျွမ်းကျင်သူ အဖြစ် လုပ်ကိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ဘဏ္ဍာရေး လုပ်ငန်းကြီး ၂ ခုမှာ အစုဝင် အဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။

သူ့ကို အချမ်းသာဆုံး ပါလီမန် အမတ်တယောက်အဖြစ် သတ်မှတ်ကြပေမယ့် သူကိုယ်တိုင်ကတော့ သူ ဘယ်လောက်ချမ်းသာ ကြွယ်ဝတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ပြောတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ကစပြီးသူဟာ ယော့ခ်ရှိုင်းယား နယ်က ရစ်ချ်မန် မဲဆန္ဒနယ်ရဲ့ ကွန်ဆာဗေးတစ် အမတ် ဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ် ထရီဆာ မေရဲ့ အစိုးရမှာလည်း အငယ်တန်း ဝန်ကြီး တယောက်အဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် ထရီဆာမေရဲ့ နေရာကို ဆက်ခံတဲ့ ဘောရစ်ဂျွန်ဆင်က သူ့ကို ဘဏ္ဍာရေး အတွင်းဝန်ချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ သူ့ကို ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်တိုးမြှင့် ပေးအပ်ခဲ့ပါတယ်။ မစ္စတာ ဆူးနတ်ခ်ဟာ မစ္စတာ ဂျွန်ဆင်ကို လူသိထင်ရှား ထောက်ခံသူ တယောက်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ စီးပွားရေးပိုင်း ဆိုင်ရာ ချဉ်းကပ် ဆောင်ရွက်ပုံတွေကတော့ မစ္စတာ ဂျွန်ဆင်နဲ့ လုံးလုံးလျားလျား ကွဲပြားပါတယ်လို့ ဆိုခဲ့ဖူးပါတယ်။

မစ္စတာ ဆူးနတ်ခ်ဟာ ယူကေ အီးယူကထွက်ဖို့ ဆန္ဒခံယူပွဲမှာလည်း ထွက်တဲ့ ဘက်က လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ သူက ယူကေမှာ ပိုပြီး လွတ်လပ်မျှတလာမယ်၊ ပိုစီးပွားဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲလာတာကလည်း ခွဲထွက်ဖို့ အဓိက အကြောင်းရင်း တရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သင့်တင့်တဲ့ လူဝင်မှုစနစ်က တိုင်းပြည်ကို အကျိုးဖြစ်စေနိုင်ပေမယ့် ကိုယ့် နိုင်ငံရဲ့ နယ်နိမိတ်စည်းကိုတော့ ကိုယ်နိုင်ငံကသာ ထိန်းချုပ်ခွင့် ရှိဖို့ လုပ်အပ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ဘရက်ဇစ် ကာလအတွင်းက ပြောခဲ့တဲ့ စကားတွေဟာ တိုရီပါတီခေါင်းဆောင် ဖြစ်ဖို့ မဲဆွယ်ပွဲတွေအတွင်းမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ဒီတခါတော့ မစ္စတာ ဆူးနတ်ခ်ကို အီးယူက မခွဲထွက်ဖို့ မဲပေးခဲ့တဲ့ မစ္စထရပ်စ်က ပြန်ပြီး ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ မစ္စထရပ်စ်ရဲ့ အခွန်လျှော့ပေးမယ့် အစီအစဉ်တွေကို သူစိုးရိမ်မိတယ်လို့ မစ္စတာ ဆူးနတ်ခ်က ပြောခဲ့တာနဲ့ပတ်သက်လို့ မစ္စထရပ်စ်ကလည်း မစ္စတာ ဆူးနတ်ခ်ဟာ လူတွေကို အလန့်တကြား ဖြစ်အောင် ခြောက်နေတာ၊ အကြောက်တရားတွေ ရိုက်သွင်းဖို့ လုပ်နေတာလို့ ပြန်စွပ်စွဲ ခဲ့ပါတယ်။

အရင် ဝန်ကြီးချုပ် ထရီဆာမေ ဘရက်ဇစ် သဘောတူညီမှု မူကြမ်းကို ပါလီမန်ကို တင်ပြခဲ့တဲ့ ၃ ကြိမ်စလုံးမှာလည်း မစ္စတာ ဆူးနတ်ခ်က ထောက်ခံမဲ ပေးခဲ့ပါတယ်။ နောက်ပြီး ဘောရစ်ဂျွန်ဆင်ကို ထောက်ခံပေးခဲ့တာကြောင့် ၂၀၁၉ ဇူလိုင်လမှာ ဒေသန္တရ အစိုးရ ဝန်ကြီးကနေ ဗြိတိသျှ အစိုးရရဲ့ ဘဏ္ဍာရေး အတွင်းဝန်ချုပ်အဖြစ်အထိ ရာထူးတိုးသွားတဲ့ အထိ ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၂၀ ဖေဖော်ဝါရီလ အတွင်းက နံပါတ် ၁၀ ဒေါင်းနင်းလမ်းမှာ နေတဲ့ ဝန်ကြီးချုပ်နဲ့ မကျေလည်တဲ့ အတွက် ဘဏ္ဍာရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ် နုတ်ထွက်သွားတဲ့ နောက် သူ့နေရာမှာ မစ္စတာ ဆူးနတ်ခ်က တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၂ ဇူလိုင်လ မှာတော့ သူလည်း ဘဏ္ဍာရေး ဝန်ကြီး အဖြစ်ကနေ နုတ်ထွက်သွား ခဲ့ပါတယ်။ အဲဒီ နုတ်ထွက်မှုက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် တိုရီခေါင်းဆောင်အဖြစ်နဲ့ ဝန်ကြီးချုပ် အဖြစ်ကနေ အဆုံးသတ်စေဖို့ အတွက် တွန်းအားတရပ်လည်း ဖြစ်သွားခဲ့ပါတယ်။

ပါတီခေါင်းဆောင်နေရာအတွက် မဲဆွယ်ပွဲတွေမှာတော့ မစ္စတာ ဆူးနတ်ခ်က သူဟာ မစ္စတာ ဂျွန်ဆင်အပေါ် သစ္စာ စောင့်သိခဲ့သူ ဖြစ်တယ်။ ဒါပေမယ့် သူ့အစိုးရဟာ ကျင့်ဝတ်ပိုင်းမှာ မှားတဲ့ဘက်ကို ရောက်နေပြီ ဖြစ်တာကြောင့် နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အရေးကြီးတဲ့ ကိုယ်ပိုင်လက္ခဏာ

မစ္စတာ ဂျာဗစ်နဲ့ မစ္စတာ ဆူးနတ်ခ်တို့ ဟာ ယူကေမှာ မွေးဖွားခဲ့ကြပေမယ့် သူတို့မိသားစုတွေ ယူကေပြင်ပမှာ အခြေတည်ခဲ့ကြတာ ဖြစ်ပါတယ်။

သူ့အတွက်တော့ ကိုယ့်ပိုင်လက္ခဏာက အရေးကြီးတယ်လို့ မစ္စတာ ဆူးနတ်ခ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ က လုပ်ခဲ့တဲ့ ဘီဘီစီနဲ့ အင်တာဗျူးထဲမှာ မစ္စတာဆူးနတ်ခ်က သူ့မိဘတွေက ယူကေကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်၊ ဒါကြောင့် ဘဝ တိုးတက်ဖို့ ယူကေကို ပြောင်းရွှေ့လာကြတဲ့ မိသားစုတွေကနေပဲ ယူကေမှာ မွေးဖွားလာတဲ့ မျိုးဆက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူဟာ ဟိန္ဒူ ဘာသာဝင် တယောက်ဖြစ်ပြီး သီတင်းပတ်ကုန်ပိုင်းတွေဆို ဘုရားကျောင်းတွေကို သွားကြကြောင်းနဲ့ ဆောက်သမ်တန် ဘောလုံး အသင်းပရိတ်သတ်လည်း ဖြစ်လို့ စနေနေ့ပွဲရှိတဲ့ အခါဆို နှစ်နေရာစလုံး သွားတတ်တဲ့ အကြောင်း ပြောပါတယ်။

သူငယ်စဉ်က အသားအရောင်နဲ့ လူမျိုးရေး ခွဲခြားမှုတွေ သိပ်ပြီး မကြုံခဲ့ရကြောင်း ပြောပေမယ့် သူ့ရင်ထဲမှာ စွဲကျန်နေတဲ့ အဖြစ်တခုတော့ ရှိခဲ့တယ်လို့ ပြောပါတယ်။ တနေ့ သူနဲ့ သူ့ညီနဲ့ ညီမ အတူ အစားအသောက်ဆိုင်ကို ထွက်လာကြခဲ့ကြတဲ့ အကြောင်း၊ ညီနဲ့ ညီမက တော်တော် ငယ်သေးပြီး သူကတော့ ဆယ်ကျော်သက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်မှာ အနီးမှာ ထိုင်နေသူတချို့ဆီက အင်္ဂလိပ်အက္ခရာ P နဲ့ စတဲ့ စကားလုံး အပါအဝင် မကြားဝံ့မနာသာ လှမ်းပြောကြတာကို ကြုံခဲ့ရဖူးတယ်လို့ ပြောပြပါတယ်။

အဲဒီတုန်း အဖြစ်အပျက်က သူ့ရင်ထဲမှာ စူးနစ်ကျန်ရစ်နေဆဲ၊ အခုထက်တိုက် မှတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တဖက်သားကို စော်ကားမော်ကား ပြောလို့ ရတဲ့ နည်းတွေအများကြီး ရှိပါတယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့ ခေတ်မှာတော့ ဒါမျိုးအဖြစ်တွေ ရှိနေဦးမယ်လို့ မထင်ကြောင်း မစ္စတာ ဆူးနတ်ခ်က ပြောခဲ့ပါတယ်။