ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လဇ်ထရပ်စ် - ယူကေ ဝန်ကြီးချုပ် ဖြစ်လာနိုင်သူ
လဇ်ထရပ်စ် အသက် ၇ နှစ်မှာ ကျောင်းတွင်း ရွေးကောက်ပွဲတခု လုပ်တော့ သူက ဝန်ကြီးချုပ် မာဂရက်သက်ချာ နေရာက ဝင်ရောက် အရွေးခံခဲ့ဖူးပါတယ်။
ဒါပေမယ့် မာဂရက်သက်ချာ ၁၉၈၃ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့သလိုတော့ ဖြစ်မလာခဲ့ပါဘူး။
အဲဒီနောက် နှစ်ပေါင်းများစွာ ကြာပြီးနောက် လဇ်ထရပ်စ်က သူအဲဒီတုန်းက မဲဆွယ်ပွဲတွေမှာ ရင်ထဲမှာရှိသမျှ ပြောချခဲ့ပေမယ့် တမဲမှ မရခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကိုယ်သူတောင် မဲမပေးခဲ့ပါဘူးတဲ့။ ၃၉ နှစ် ကြာပြီးနောက်မှာ သူဟာ သံမဏိအမျိုးသမီးကြီးရဲ့ ခြေရာနင်းဖို့ နောက်တကြိမ် အခွင့်အရေး ရခဲ့ပြန်ပါပြီ။
ဒီတခါတော့ တကယ့် နိုင်ငံရေး ဇာတ်ခုံမှာပါ။ မာဂရက်သက်ချာလိုပဲ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နေရာနဲ့ ဝန်ကြီးချုပ် နေရာတွေအတွက် သူ အရွေးခံပြီ ဖြစ်ပါတယ်။
ဗြိတိန်မှာ တိုရီလို့ လည်း ခေါ်ကြတဲ့ ကွန်ဆာဗေးတစ် အမတ်တွေပဲ မဲပေးကြတဲ့ ပါတီတွင်း ရွေးကောက်ပွဲ ၅ ဆင့်မှာတော့ နိုင်ငံခြားရေး ဝန်ကြီး လဇ်ထရပ်စ်ဟာ အရင် ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆူးနက်ခ် နောက်မှာ ရောက်နေပါတယ်။ ဒါပေမယ့် လောင်းကစား ဒိုင်တွေကတော့ သူ့ကိုပဲ အနိုင်ရဖို့ ရေပန်းစားသူအဖြစ် သတ်မှတ်ထားကြပါတယ်။ လဇ်ထရပ်စ်ဟာ နှစ်ပေါင်းများစွာ မဲဆန္ဒနယ်တွင်းက အဖွဲ့အစည်းတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်သလို ဘောရစ်ဂျွန်ဆင်ရဲ့ ဝန်ကြီးချုပ် သက်တမ်းအတွင်း အဆိုးဆုံး ကာလတွေမှာလည်း သစ္စာခိုင်ကြည်စွာ ရပ်တည်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
သေချာတာက သူဟာ မိုးခါးရေ လိုက်သောက်တတ်တဲ့ သူမျိုး မဟုတ်ဘူးဆိုတာပါ။
မေရီ အယ်လစ်ဇဘက်သ် ထရပ်စ်ကို ၁၉၇၅ ခုနှစ်က အောက်စဖို့ဒ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက သင်္ချာပါမောက္ခ တဦးဖြစ်ပြီး မိခင်ကတော့ လက်ဝဲယိမ်းတဲ့ သူနာပြု ဆရာမတယောက် ဖြစ်ပါတယ်။
သူငယ်စဉ်က မိခင်ဖြစ်သူက Campaign for Nuclear Disarmament ရဲ့ နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ချီတက်ဆန္ဒပြပွဲတွေကို ခေါ်သွားလေ့ ရှိပါတယ်။ အဲဒီ အဖွဲ့အစည်းက သက်ချာ အစိုးရက လန်ဒန်အနောက်ပိုင်းမှာ ရှိတဲ့ တော်ဝင်လေတပ်ရဲ့ RAF Greenham Common မှာ အမေရိကန်ရဲ့ နျူကလီးယား ဒုံးကျည်ထိပ်ဖူးတွေ တပ်ဆင်ခွင့် ပြုခဲ့တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
လဇ် ထရပ်စ်
အသက် - ၄၇
ဇာတိ - အောက်စဖို့ဒ်
နေရပ်- လန်ဒန်နဲ့ နောဖို့ခ်
ပညာရေး - ရောင်းဒ်ဟေး ကျောင်း- လိဒ်စ် မြို့၊ အောက်စဖို့ဒ် တက္ကသိုလ်
မိသားစု - ခင်ပွန်း - ဟျူ အို လီရီ (စာရင်းကိုင်) နဲ့ ဆယ်ကျော်သက် သမီး ၂ ဦးရှိ
မဲဆန္ဒနယ် - အနောက်တောင် နောဖို့ခ်
မစ္စ ထရပ်စ် အသက် ၄ နှစ်အရွယ်မှာ သူ့မိသားစုဟာ ဂလပ်စဂိုမြို့ ရဲ့အနောက်ဘက်မှာ ရှိတဲ့ ပေစလီ ကို ပြောင်းခဲ့ကြပါတယ်။ မစ္စထရပ်စ်ရဲ့ အစ်ကိုက ဘီဘီစီရဲ့ ရေဒီယို ၄ နဲ့ တွေ့ဆုံခဲ့စဉ်က အဲဒီမှာ သူတို့ မိသားစု ဘုတ်ပြားပေါ်ကစားရတဲ့ ကစားနည်းတွေ ကစားကြတဲ့ အကြောင်း၊ မစ္စထရပ်စ်ဟာ ငယ်သေးပေမယ့် ရှုံးတာကို မကြိုက်လို့ မနိုင်မှာစိုးရိမ်ပြီး မကစားဘဲ ပျောက်သွားတတ်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာ သူတို့ မိသားစုဟာ လိဒ်စ် မြို့ကိုကို ပြောင်းခဲ့ကြပါတယ်။ အဲဒီက Roundhay ရောင်းဒ်ဟေး ကျောင်းမှာ တက်ခဲ့ပါတယ်။ အဲဒီမှာတုန်းက ကလေးတွေအပေါ် သိပ်ပြီး မျှော်လင့်ချက် မထားကြတာတာကြောင့် တချို့ ကလေးတွေ ပညာရေး အားနည်းခဲ့တာတွေ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူနဲ့ အတူ ကျောင်းနေဖက်တွေကတော့ ဒါကို လက်မခံကြပါဘူး။ ဂါးဒီးယန်း သတင်းစာရဲ့ သတင်းထောက် မာတင် ပဲန်ဂျဲလ်လီက မစ္စထရပ်စ်ဟာ နိုင်ငံရေး အောင်မြင်မှုအတွက် ငယ်ဘဝကို အသုံးချပြီး သူပညာသင်ကြားခဲ့ရတဲ့ ကျောင်းနဲ့ သင်ပြခဲ့တဲ့ ဆရာတွေကို အသရေဖျက်နေတယ်လို့ တောင် တုံ့ပြန်ခဲ့ပါတယ်။
သူ့ငယ်ဘဝ ကျောင်းက ဘယ်လိုပင် ဖြစ်နေပါစေ မစ္စထရပ်စ်ဟာ အောက်စဖို့ဒ်တက္ကသိုလ်မှာ တက်ရောက် ပညာသင်ယူနိုင်ခဲ့ပါတယ်။ သူက ဒဿနိကဗေဒ၊ နိုင်ငံရေးနဲ့ စီးပွားရေး ဘာသာတွဲကို ယူခဲ့ပြီး ကျောင်းသား နိုင်ငံရေး မှာပါ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ကနဦးမှာ လစ်ဘရယ် ဒီမိုကရက် တယောက်အဖြစ် တက်ကြွလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်က ဘရိုက်တန်မှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ သူက ဘုရင်စနစ်ကို ဖြိုဖျက်ပစ်ဖို့ အားပေးတဲ့စကားတွေ ပြောခဲ့ပါတယ်။ လစ်ဘရယ် ဒီမိုကရက်တွေက လူသားအားလုံး တန်းတူ ညီမျှအခွင့်အရေး ရဖို့ကို ယုံကြည်ကြောင်းနဲ့ ဘယ်သူမှ အုပ်ချုပ်ဖို့ မွေးဖွားလာတာမျိုး မရှိကြောင်း ပြောခဲ့ပါတယ်။
ဝက်စ်မင်စတာ ရည်မှန်းချက်များ
အောက်စဖို့ဒ် တက္ကသိုလ် တက်နေစဉ်မှာပဲ သူဟာ ကွန်ဆာဗေးတစ်တွေဘက်ကို ပြောင်းသွားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ အခါ စာရင်းကိုင် အဖြစ် Shell နဲ့ Cable & Wireless ကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာရင်းကိုင် တယောက်ပဲ ဖြစ်တဲ့ ဟျူ အိုလေရီ နဲ့ ၂၀၀၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံမှာ ကလေး ၂ ဦးထွန်းကားခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ မစ္စ ထရပ်စ်ဟာ West Yorkshire နယ်မှာ ရှိတဲ့ Hemsworth မဲဆန္ဒနယ်မှာ တိုရီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အရွေးမခံခဲ့ရပါဘူး။ တခါ ၂၀၀၅ ရွေးကောက်ပွဲမှာလည်း West Yorkshire နယ်က Calder Valley မှာ ဝင်ရောက် အရွေးခံပြန်ပါတယ်။ ဒါပေမယ့် အနိုင်မရခဲ့ပြန်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက လျော့မသွားခဲ့ပါဘူး။ ၂၀၀၆ ခုနှစ်မှာတော့ လန်ဒန် အရှေ့တောင်ပိုင်းမှာ ရှိတဲ့ Greenwich ရဲ့ မြို့နယ် ကောင်စီဝင်အဖြစ် အရွေးခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာတော့ ဗဟို လက်ယာ အဖွဲ့ တခုဖြစ်တဲ့ Reform သုတေသန အဖွဲ့ မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီတုန်းက ကွန်ဆာဗေးတစ် ခေါင်းဆောင် ဖြစ်တဲ့ ဒေးဗစ် ကင်မရွန်းက မစ္စထရပ်စ်ကို သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပထမ ဦးစားပေး ကိုယ်စားလှယ်လောင်း စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ နောက် South West Norfolk မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ သူ့ကို တာဝန်ပေးခဲ့ပါတယ်။
အဲဒီနောက် မကြာမီ အတွင်းမှာပဲ သူဟာ တိုရီ အမတ် တယောက်ဖြစ်တဲ့ မာ့ခ် ဖီးလ်ဒ် ဆိုသူနဲ့ ငြိစွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် တိုရီ တွေရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကနေ ပြန်ရုပ်သိမ်းမခံရဖို့ တိုက်ပွဲဝင်ခဲ့ရပြန်ပါတယ်။
သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ်က ပြန်ရုပ်သိမ်းခံရအောင် ကြိုးစားခဲ့ကြတာတွေ အရာမထင်ခဲ့ဘဲ မစ္စထရပ်စ်ဟာ အဲဒီတကြိမ်မှာတော့ ထောက်ခံမဲ ၁၃၀၀၀ ကျော် အသာနဲ့ ပါတီရဲ့ အမတ်တယောက် ဖြစ်လာခဲ့ပါတော့တယ်။ သူနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရတဲ့ ကွန်ဆာဗေးတစ် အမတ် ၄ ယောက်နဲ့ အတူပူးတွဲ ရေးသားခဲ့တဲ့ Britannia Unchained စာအုပ်ထဲမှာ ယူကေကို ကမ္ဘာ့စင်မြင့်မှာ ပိုအဆင့်မြင့်လာစေဖို့အတွက် စည်းမျဉ်းစည်းကမ်းတချို့ကို ပယ်ဖျက်သင့်တဲ့ အကြောင်း အကြံပြုထားပါတယ်။ အဲဒီနောက်မှာ သူဟာ ပါလီမန်ထဲက တိုရီ အမတ်တွေထဲမှာ လွတ်လပ်တဲ့ ဈေးကွက်မူဝါဒတွေအတွက် လှုပ်ရှားတဲ့ အမတ်တယောက်ဖြစ် ထင်ရှားလာခဲ့ပါတယ်။
ဘီဘီစီက စီစဉ်ကျင်းပတဲ့ ပါတီ ခေါင်းဆောင်မှု အတွက် စကားရည်လုပွဲ တခု အတွင်းမှာ သူ့ရဲ့ Britannia Unchained စာအုပ်ထဲမှာ ပါတဲ့ မှတ်ချက် တခုအတွက် မေးခွန်းထုတ် ခံခဲ့ရပါတယ်။ အဲဒီထဲမှာ ဗြိတိသျှ အလုပ်သမားတွေဟာ ကမ္ဘာမှာ အပျင်းအထူဆုံးတွေထဲက ပါတယ် ဖော်ပြထားတာနဲ့ ပတ်သက်လို့ မေးခဲ့တာပါ။ ဒါပေမယ့် မစ္စ ထရပ်စ်က သူရေးခဲ့တာ မဟုတ်ကြောင်း ငြင်းပါတယ်။
အမတ်အဖြစ် အရွေးခံခဲ့ရပြီး ၂ နှစ်အကြာ ၂၀၁၂ မှာတော့ သူဟာ ဗြိတိသျှ အစိုးရထဲမှာ ပညာရေး အငယ်တန်း ဝန်ကြီးအဖြစ် စတင်ပါဝင်လာခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ အရောက်မှာ သူ့ကို သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။
၂၀၁၅ ကွန်ဆာဗေးတစ် ပါတီညီလာခံမှာ ပြောခဲ့တဲ့ သူရဲ့ မိန့်ခွန်းထဲမှာ ဗြိတိန်မှာ စားသုံးနေတဲ့ ချိစ်တွေရဲ့ ၃ ပုံ ၂ ပုံကို တင်သွင်းနေရတာ ရှက်စရာ ကောင်းတယ် ဆိုတဲ့ စကားကို ပျက်ရယ်ပြုခဲ့တာတွေလည်း ကြုံခဲ့ရပါတယ်။
ဘရက်ဇစ် ဂငယ်ကွေ့
အဲဒီနောက် အချိန်အားဖြင့် တနှစ်တောင် မရှိသေးခင်မှာဘဲ ဒီဘက်ခေတ် မျိုးဆက်တွေရဲ့ နိုင်ငံရေး သမိုင်းမှာ မကြုံဖူးသေးတဲ့ အီးယူနဲ့ ခွဲ မခွဲ ဘရက်ဇစ် ဆန္ဒခံယူပွဲကြီး ကျင်းပခဲ့ကြပါတယ်။
မစ္စထရပ်စ်က အီးယူထဲမှာ ဆက်နေဖို့ လှုပ်ရှားခဲ့ပါတယ်။သူက ဘရက်ဇစ်ကြောင့် အီးယူထဲကို တခုခု ရောင်းချင်ပြီ ဆိုရင် စည်းမျည်း စည်းကမ်းတွေ၊ ပုံစံတွေ ဖြည့်ရတာ နောက် နှောင့်နှေးတာတွေနဲ့ စိတ်ရှုပ်စရာ ၃ မျိုးလောက် ကြုံလာရနိုင်တယ်လို့ the Sun သတင်းစာထဲမှာ ရေးသား ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ အီးယူက မထွက်ရေး အဆိုတွေ ရှုံးခဲ့ရပြီးနောက် သူ့ လေသံလည်း ပြောင်းသွားခဲ့ပါတယ်။ ဘရက်ဇစ်ကြောင့် အရင်က လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေကို အပြောင်းအလဲတွေ လုပ်ပစ်နိုင်တော့မယ်လို့ ပြောခဲ့ပြန်ပါတယ်။
ဝန်ကြီးချုပ် ထရီဆာမေရဲ့ လက်ထက်မှာတော့ သူက တရားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပြီး ဘဏ္ဍာရေး အတွင်းဝန်ချုပ် အဖြစ် တာဝန်ယူခဲ့ပြန်ပါတယ်။
၂၀၁၉ မှာ ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ် ဖြစ်လာတဲ့ အခါမှာတော့ မစ္စထရပ်စ်ကို နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။ အဲဒီ တာဝန်အရ UK PLC အတွက် ကမ္ဘာတဝန်းက နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်လာရပါတယ်။
၂၀၂၁ အသက် ၄၆ နှစ်အရွယ်မှာ သူ့ကို အစိုးရအဖွဲ့အတွင်းမှာ အရေးအကြီးဆုံး တာဝန်တွေထဲက တခု ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဒေါမနစ် ရဘ်ရဲ့ နေရာမှာ တာဝန်ပေးခံခဲ့ရပါတယ်။
အဲဒီ တာဝန်ထမ်းဆောင်ပြီးနောက် မြောက်အိုင်ယာလန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်နေတဲ့ ကိစ္စတခုကို ဖြေရှင်းဖို့ အတွက် ဘရက်ဇစ် လွန် အီးယူနဲ့ ယူကေအကြား သဘောတူညီချက် တွေထဲက တချို့ကို ပယ်ဖျက်ပစ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အီးယူဘက်က ပြင်းပြန်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
အီရန်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗြိတိန်နိုင်ငံသား အီရန်လူမျိုး ၂ ဦးပြန်လည် လွတ်မြောက်လာဖို့ အတွက်လည်း သူ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ရာမှာတော့ သူက ယူကရိန်းထဲက ဗလာဒီမီယာ ပူတင်ရဲ့ တပ်ဖွဲ့တွေ အကုန်လုံးကို ပြန်တိုက်ထုတ်ပစ်ရမယ်လို့ ပြတ်ပြတ်သားသား ရပ်တည်ပြခဲ့ပါတယ်။
နောက်ပြီး ယူကေက လူတချို့ ယူကရိန်းဘက်က ဝင်တိုက်ကိစ္စ ပေးတဲ့ ကိစ္စကို ထောက်ခံ အားပေးခဲ့တဲ့ အတွက်လည်း ဝေဖန်ခံခဲ့ရပါတယ်။
ကူညီပေးကမ်းတာတွေ မလုပ်ချင်သူ
မစ္စထရပ်စ် ပါတီခေါင်းဆောင် နေရာအတွက် ဝင်အရွေးခံ ပြန်တော့လည်း ဝေဖန် ထောက်ပြစရာတွေ ရှိလာပြန်ပါတယ်။
လူနေမှု စရိတ်ကြီးမြင့်လာတာကို ဘယ်လို ဖြေရှင်းပေးမလဲလို့ သူ့ကို မေးတဲ့ အခါမှာ သူက အခွန်ကြောင့် ဖြစ်နေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ဖြေလျှော့ပေးနိုင်ဖို့ပဲ အာရုံစိုက်လုပ်မယ်၊ အကူအညီငွေ ပေးတာမျိုးတွေတော့ မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။
နောက်ပြီး သူ့ရဲ့ အစိုးရဝန်ထမ်းတွေရဲ့ လုပ်ခလစာကို ဒေသအလိုက် လူနေမှု စရိတ်နဲ့ ချိတ်ပြီး သတ်မှတ်မယ့် အစီအစဉ်တွေကိုတော့ အကြီးတန်း တိုရီတွေက လန်ဒန်မြို့ပြင်ပက ဝန်ထမ်းတွေမှာ လစာလျော့သွားမှာ ဖြစ်တယ်ဆိုပြီး ဝေဖန်ပြစ်တင်ကြတဲ့အတွက် ပယ်ဖျက်ပေးခဲ့ရပါတယ်။
စကော့တလန် ဝန်ကြီး နစ်ကိုလာ စတာဂျင်ကိုလည်း အများတကာရဲ့ အလေးပေး အာရုံစိုက်မှုရဖို့ လိုလားသူ ဖြစ်ပြီး သူ့ကို လစ်လျူရှုထားတာက အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပါတီဝင်တွေအကြားမှာတော့ သူဟာ ပြိုင်ဘက် ရစ်ရှီ ဆူးနတ်ခ်ထက် ပိုပြီး လူကြိုက်များနေတာကိုလည်း စစ်တမ်းတွေမှာ တွေ့ရပါတယ်။
တချို့ကတော့ မစ္စ ထရပ်စ်ဟာ သားမွေးဦးထုပ်တွေ ဖဲကြိုးဖြူတွေ ပါတဲ့ ဝတ်စုံတွေ ဆင်မြန်းပြီး တိုရီတွေ အင်မတန်ကြိုက်ကြတဲ့ မစ္စစ် သက်ချာပုံဖမ်းချင်နေတာလို့ ဆိုကြပါတယ်။
မစ္စထရပ်စ်ကတော့ ဒါတွေကို ငြင်းဆိုခဲ့ပါတယ်။ သူက GB News သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အမျိုးသမီး နိုင်ငံရေး သမားတိုင်းကို မာဂရက်သက်ချာနဲ့ နှိုင်းယှဉ်ကြည့်နေကြပြီး အမျိုးသားနိုင်ငံရေး သမားတွေ ကျတော့ တက်ဒ်ဟိ(သ်) နဲ့ အနှိုင်းမခံရဘူး၊ စိတ်ပျက်စရာကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီလို အနှိုင်းခံရတာတွေက ကွန်ဆာဗေးတစ် ပါတီဝင်တွေရဲ့ ထောက်ခံမှု ရဖို့ကြိုးစားရမှာတော့ သိပ်ပြီး အတားအဆီး ဖြစ်မှာတော့ မဟုတ်ပါဘူး။