ပါကစ္စတန်ရေဘေးအတွက် အရေးပေါ်အကူအညီ တောင်း

ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ခါဘာပက်တွန်ခွာပြည်နယ် မန်နာတောင်ကြားဒေသမှာ သောကြာနေ့က ရေကြီး ရေလျှံမှုတွေဖြစ်ပွားခဲ့တာကြောင့် တံတား ၁၀ စင်း ထက်မနည်း ပျက်စီးခဲ့ပြီး အဆောက်အဦးဒါဇင် ပေါင်းများစွာ ပျက်စီးခဲ့တဲ့အတွက် အဲ့ဒီက ရာနဲ့ချီတဲ့လူတွေလည်း ပိတ်မိနေကြပါတယ်။

"ကျွန်တော်တို့ ရိက္ခာတွေလိုတယ်၊ ဆေးဝါးလိုတယ်၊ ကျေးဇူးပြုပြီး တံတားကို ပြန်ဆောက်ပေးပါ၊ အခုဆို ကျွန်တော်တို့ဆီမှာ ဘာဆို ဘာမှ မကျန်တော့ဘူး" အဲ့ဒီကရွာသားတွေ လက်ရေးနဲ့ ရေးပြီး ကျွန်တော်တို့အဖွဲ့ ကိုပေးတဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာတွေပါ။

မန်နာတောင်ကြားဟာ ပါကစ္စတန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ သွားလည်တဲ့ နာမည်ကြီးနေရာ တစ်ခုဖြစ်ပြီး ကာဟန်တောင်တန်းဒေသတွေမှာ တည်ရှိပါတယ်။အဲဒီ တောင်ကြားဒေသမှာ ရေကြီးရေလျှံမှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအဝင် အနည်းဆုံး လူ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ရုတ်တရက် ရေကြီးလာမှုကြောင့် အဲ့ဒီမြို့ နဲ့ ရှုခင်းသာတောင်ကြားကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသော ကွန်ကရစ်တံတား ရေထဲမျောသွားပါတယ်။အဲ့ဒီအချိန်ကစပြီး မြစ်တစ်ဖက်ကမ်းရှိ ရွာတွေအားလုံးနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး ဒေသခံတွေက အကူအညီပေးတာကို စောင့်နေကြရပါတယ်။

ရေကြီးမြေပြိုမှုတွေကြောင့် နေရာတော်တော်များများ ပျက်စီးနေတဲ့လမ်းကို အန္တရာယ်ကြားကနေ တစ်နာရီကြာ ဖြတ်မောင်းပြီး အဲ့ဒီတောင်ကြားဒေသကို ဘီဘီစီအဖွဲ့ ရောက်အောင်သွားခဲ့ပါတယ်။

မန်နာက တံတားနှစ်စင်း လုံးဝပြိုကျခဲ့ပြီး၊ ယာယီအနေနဲ့ ဖြတ်ကျော်နိုင်ဖို့ သစ်သားတံတား‌ ဆောက်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ ပစ္စည်းတွေနဲ့ အတူ ထိုင်စောင့်နေတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ပါတယ်။ အဲ့ဒီကနေ သူ့အိမ်ကို လှမ်းမြင်နေရပေမယ့် ဖြတ်သွားလို့မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

“ကျွန်မ အိမ်နဲ့သားသမီးတွေက မြစ်တစ်ဖက်ကမ်းမှာ။အဲ့ဒီကိုသွားဖို့ ကျွန်မ ဒီမှာစောင့်နေတာ နှစ်ရက်ရှိပြီ။ တံတားကို အစိုးရကလာပြီး ပြင်ပေးမယ်လို့ ကျွန်မထင်ထားပေမယ့် အာဏာပိုင်တွေက ကျွန်မကို ဟိုဘက်ကမ်းကို တောင်တွေပတ်ပြီး လမ်းလျှောက်သွားရမယ်လို့ ပြောနေတယ်။ အဲ့ဒီလို လမ်းလျှောက်သွားရင် အိမ်ကိုရောက်ဖို့ ရှစ်နာရီကနေ ၁၀နာရီလောက်အထိတောင် ကြာမှာ။ ကျွန်မက အဘွားကြီးဖြစ်နေပြီ ဘယ်လိုလျှောက်နိုင်မှာလဲ။ “

သူစောင့်နေတဲ့ အချိန်မိနစ်အနည်းငယ်ကြာတော့ မိုးတွေပြန်ရွာလာပြီး ယာယီသစ်သားတံတားပါ ရေထဲမျောပါသွားတော့ အဲ့ဒီနေရာက ထွက်သွားရပါတယ်။

မြစ်တစ်ဖက်ကမ်းမှာဆိုရင်လည်း ရွှံ့တွေဖုံးနေတဲ့ သူတို့အိမ်တွေရဲ့ အပြင်ဘက်မှာ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ထိုင်နေတာ တွေ့ရပါတယ်။သူတို့က ကျွန်မတို့ကို ပါကစ္စတန် အစိုးရအရာရှိတွေ ထင်ပြီး လက်လှမ်းပြကြပါတယ်။

သူတို့ထဲက တချို့က စက္ကူတစ်ရွက်ကို ကျောက်ခဲတွေအပြည့်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ထဲကို ထည့်ပြီး၊ ကျွန်တော်တို့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေရိုက်ကူးနေတဲ့ မြစ်ကမ်းနံဘေးကို လှမ်းပစ်ချပါတယ်။

အဲ့ဒီလိုလုပ်တဲ့ပုံစံက ရွာရဲ့ အခြားရွာ အစိတ်အပိုင်းက လူတွေနဲ့ ဆက်သွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ မိုဘိုင်းကွန်ရက်ကလည်း အဲ့ဒီနေရာမှာ အလုပ်မလုပ်ပါဘူး။

လက်ရေးနဲ့ ရေးထားတဲ့ သူတို့စာထဲမှာ သူတို့ရင်ဆိုင်နေရတဲ့ ဆုံးရှုံးမှုတွေအကြောင်း အချက်အလက်တွေ ပါ၀င်ပြီး၊ သောင်တင်နေတဲ့ ရွာသားတွေအတွက် ထောက်ပံ့ရေးနဲ့ ဆေးဝါးတွေလည်း တောင်းခံထားပါတယ်။

“လူတော်တော်များများက ဖျားနေကြတဲ့အတွက် ရွာကနေ လမ်းလျှောက်ပြီး ထွက်မသွားနိုင်ကြဘူး။ မြို့နဲ့ အဓိက အဆက်အသွယ်လုပ်ဖို့ ကျေးဇူးပြုပြီး တံတားဆောက်ပေးကြပါ"လို့ စာထဲမှာ ရေးထားပါတယ်။ -

"ကျွန်တော်တို့ ထောက်ပံ့မှုတွေ လိုအပ်တယ်။ လမ်းဖောက်ဖို့လည်း လိုတယ်"လို့ အသက်၆၀အရွယ် အဗ္ဗဒူရှာရှစ်က သူတို့ကြုံနေရတဲ့ အဖြစ်ဆိုးနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ သူ့မိသားစုကို သူရှာကျွေးနေတာမှာ သူအသုံးပြုနေတဲ့ သူ့လှည်းကလည်း ရေထဲပါသွားပါတယ်။

ပိုင်ဆိုင်မှုတွေ ဝင်ငွေတွေ ဆုံးရှုံးသွားတဲ့သူတွေ အများကြီးရှိတယ်လို့ သူက ပြောပါတယ်။

"သူတို့အကူအညီလိုတယ်။ စားစရာလိုတယ်။ စျေးလေးတစ်ခုလည်း ရေထဲပါသွားတယ်။ အဲ့ဒီစျေးက ဆိုင်တွေမှာ အစားအစာနဲ့ ရိက္ခာတွေ အများကြီးရှိတယ် “

"ကျွန်တော့် အိမ်က ဟိုဘက်ကမ်းမှာ အဲ့ဒီကိုရောက်ဖို့ ရှစ်နာရီလောက် လမ်းလျှောက်ရမှာ။ ဒီအသက်ကြီးနဲ့ ဘယ်လိုလမ်းလျှောက်နိုင်မှာလဲလို့ သူက ထပ်ပြောပါတယ်။

စျေးဆိုင်အများစုနဲ့ ဟိုတယ်တွေလည်း ပျက်စီးတဲ့ အထဲပါသွားပါတယ်။ ဆိုဟီးနဲ့ သူ့အစ်ကို တို့ဆိုရင်လည်း ရေကြီးတဲ့ဒဏ်ကြောင့် သူတို့ရဲ့ မိုဘိုင်းဖုန်းပြင်တဲ့ဆိုင်လေး ဆုံးရှုံးခဲ့ရပါတယ်။

သူ့မှာ ကျွေးမွေးစောက်ရှောက်ရမယ့် မိသားစုသုံးစု နောက်မှာရှိနေတဲ့အတွက် အနာဂါတ်ကို ဘယ်လို ရင် ဆိုင်ရမလဲ မတွေးတတ်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

"ဘာလုပ်ရမှန်းမသိဘူး။ ကျွန်တော်တို့ကို သေသေချာချာ အကူအညီပေးမယ့် သူတွေလည်း ဘယ်သူမှ ရောက် မလာကြဘူး။ ဒီက ဆိုင်ရှင်တိုင်းက စိုးရိမ်နေကြတယ်။ သူတို့အားလုံးက မိသားစုကြီးတွေကို ကျွေးမွေး နေရတဲ့ ဆင်းရဲသားတွေပါ "လို့ သူက ထပ်ဖြည့်ပြောပါတယ်။

"အာဏာပိုင်တွေနဲ့ နိုင်ငံရေးသမားတွေက ဒီမှာ ဓာတ်ပုံရိုက် အပျော်ရှာဖို့လာကြတာ။ သူတို့ လာတော့ လာတယ်၊ ပြီးရင် ဓာတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတာ။ ဘယ်သူကမှ ကျွန်တော်တို့ကို ကူညီတာမဟုတ်ဘူး။"

ဒါပေမဲ့ အဲဒီဒေသအတွက် အရေးပေါ် ကယ်ဆယ်ရေးနဲ့ ရိက္ခာထောက်ပံ့ရေး လုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ပြီး ဟိုတယ်တွေက လူတွေအားလုံးကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတယ်လို့ ခရိုင်လက်ထောက် ကော်မရှင်နာက ဘီဘီစီကို ပြောပါတယ်။ ဥစ္စာပစ္စည်းတွေ ပျက်စီးမှုနှင့်ပတ်သက်ပြီးတော့လည်း သူက အခုလို ဆက်ပြောပါတယ်၊

"ဆုံးရှုံးသွားတဲ့ ဥစ္စာပစ္စည်းတွေရဲ့ တန်ဖိုးကို အကဲဖြတ် တန်းဖိုးသတ်မှတ်တာတွေ လုပ်ပြီးသွားပါပြီ။ အဲ့ဒါကြောင့် ရေဘေးသင့်သူများကို မကြာမီ လျော်ကြေးချပေးတော့မယ်။ တံတားပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းကစနေပြီဆိုပေမယ့် ပြီးဖို့ကတော့ အချိန်ယူရဦးမယ်"

ရေကြီးမှုဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဖြစ်တာလို့ အစိုးရကအပြစ်ပုံချနေပေမယ့် မြစ်ကမ်းနားမှာ ဟိုတယ်တွေ ဆောက်လုပ်ခွင့်ပြုခဲ့တာကို အစိုးရနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဒေသခံတွေက ဝေဖန်နေကြပါတယ်။

“ဒီဟိုတယ်တွေနဲ့ ဈေးတွေက သဘာဝရေလမ်းတွေကို ပိတ်ဆို့ထားတာ ။ အဲ့ဒါကြောင့် အလွယ်တကူ ရှောင်လွှဲလို့မရနိုင်တဲ့ ရေကြီးမှုတွေ ဆုံးရှုံးမှုတွေ အများကြီးပိုဖြစ်နေတာပါ”လို့ ကာဟန် စျေးကြီးမှာ နေနေတဲ့ အခြားတစ်ဦးက ပြောပါတယ်။

ဟိုတယ်အများစုဟာ ကာဟန်မြို့ထဲက ခွန်ဟာမြစ်ကမ်းဘေး တောင်ကြားနားမှာ တည်ဆောက် ထားတာပါ။ ရေကြီးမှုကြောင့် ဟိုတယ်အချို့၊ ရဲစခန်းနဲ့ ဘာသာရေးကျောင်းတစ်ကျောင်း ပျက်စီးသွားခဲ့ပါတယ်။

ရဲစခန်းနဲ့ မီတာ ရာဂဏန်းအကွာ မြစ်ကမ်းဘေးမှာ မိသားစုတစ်စု ယာယီတဲတစ်ခုထိုးပြီး နေထိုင်နေကြတာကို တွေ့ရပါတယ်။ ရေကြီးမှုကြောင့် သူတို့ မိသားစုဝင် ရှစ်ဦး ရေထဲမျောပါ သွားတယ်လို့ ပြောပါတယ်။

မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေက ပါကစ္စတန်နိုင်ငံ တစ်ဝန်းမှာ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး လူသန်းနဲ့ချီလည်း အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အိမ်ခြေ ခုနှစ်သိန်း ထက်မနည်း ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လူသန်းနဲ့ချီဟာလည်း စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ အမိုးအကာတွေ အကူအညီရဖို့ စောင့်နေရပြီး၊ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ကလည်း အဆက်အသွယ်ပြတ်တောက်နေတဲ့နေရာတွေက လူတွေဆီကို ‌ရောက်အောင်သွားဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကြိုးစားနေရပါတယ်။

ဆင်းနဲ့ ဘလိုချစ်ဆန်တို့လို ပြည်နယ်တွေမှာ အဆိုးရွားဆုံး ထိခိုက်မှုတွေရှိခဲ့တယ်ဆိုပေမယ့် Khyber Pakhtunkhwa ခါဘာပက်တွန်ခွာပြည်နယ်တွေက တောင်တန်းဒေသတွေဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

ရေကြီးမှုဒဏ်ခံရတဲ့ ဒေသတွေက လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးသွားတဲ့အတွက် အဲ့ဒီဒေသကလူတွေဆီကို ရောက်အောင်သွားဖို့ နည်းလမ်းကလည်း ရဟတ်ယာဉ်ဘဲရှိသလို ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အကူပေး‌နေတဲ့ အဖွဲ့တွေကို ကူညီဖို့ ပါကစ္စတန်စစ်တပ်ကို ဖိတ်ခေါ်ထားပါတယ်။

ပါကစ္စတန်အစိုးရဟာ မိတ်ဖက်နိုင်ငံတွေ၊ အလှူရှင်တွေနဲ့ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေကို ဒီရေဘေးကယ်ဆယ်ရေးကိစ္စမှာ အကူအညီပေးကြဖို့ ပန်ကြားထားပါတယ်။