ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီကို ပြစ်တင်ရှုတ်ချဖို့ တရုတ်ကို အမေရိကန် တိုက်တွန်း
ကိုဂျင်မီ၊ကိုဇေယျာသော်၊ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ကွပ်မျက်ပြီးနောက် မြန်မာအပေါ် ဖိအားတိုးပေးဖို့ အမေရိကန်က တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အခြားနိုင်ငံတွေထက် ပိုသြဇာလွှမ်းမိုးနိုင်တဲ့နိုင်ငံလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ပြောပါတယ်။
" မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒီထက်ပို အလုပ်လုပ်ကြဖို့ ကမ္ဘာတလွှားက နိုင်ငံတွေကို ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ကလည်း ဒီထက်ပိုတိုး လုပ်ဆောင်သွားဖို့ ရှိပါတယ်" လို့ နက်ဒ်ပရိုက်စ်က ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စဝင်စွက်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
သူတို့လေးဦး ကွပ်မျက်ခံရတာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ကျောက်လီကျန်းက မြန်မာနိုင်ငံအနေနဲ့ သဘောထားမတူတဲ့ ကိစ္စတွေကို ဖြေရှင်းတာမှာ ဥပေဒတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နဲ့အညီ လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည်ဟာ စစ်ကောင်စီလက်ထက်မှာ "အခြေအနေ ပုံမှန်မဟုတ်" ကြောင်း မစ္စတာပရိုက်စ်ကပြောခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ မြန်မာပြည်ကို မရောင်းအောင် နိုင်ငံအားလုံးက တားမြစ်ကြဖို့နဲ့ စစ်ကောင်စီလုပ်ဆောင်ချက်မှန်ကန်တယ်ဆိုတာ နိုင်ငံတကာက အသိအမှတ်ပြုတာမျိုး ရှောင်ကြဖို့ တောင်းဆိုပါတယ်။
အမေရိကန်အစိုးရအနေဲ့လည်း စစ်အစိုးရရဲ့ ၀င်ငွေရလမ်းတွေအားလုံးကို ဖြတ်တောက်ဖို့ စဥ်းစားလုပ်ဆောင်နေတယ်လို့ လည်း သူက ထပ်ဖြည့်ပြောပါတယ်။
ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့လိုမျိုး စစ်ကောင်စီက သေဒဏ်ချခံထားတဲ့သူ မြန်မာပြည်မှာ ၁၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း သတိပေးထားပါတယ်။
စစ်ကောင်စီရဲ့ ဒီကွပ်မျက်တဲ့လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဝေဖန်ပြစ်တင်နေကြပါတယ်။
ဥရောပသမဂ္ဂ ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်တို့ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမှုကို လျစ်လျူရှုတဲ့လုပ်ရပ်တွေထဲက ပြစ်တင်ရှုတ်ချဖွယ်ရာ အကြမ်းဖက်လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အဖွဲ့နဲ့ ညှိနှိုင်း သဘောတူထားတဲ့ တွေ့ဆုံ ဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးရယူဖို့ကိစ္စကို လိုက်နာလုပ်ဆောင်ဖို့လည်း စစ်ကောင်စီကို တိုက်တွန်းတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း စကော့မာရှယ်ကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လုပ်ဆောင်မှုအစီအစဥ်က မနှစ်ကတည်း မအောင်မြင်တော့သလို ဖြစ်နေပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို စာနာနားလည်တဲ့နိုင်ငံတွေက ပိုမိုပါဝင်လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
"ဒီလမ်းကြောင်းက တိုးတက်နေသလို ထပ်တလဲလဲ ပြောနေပေမဲ့ တကယ်က အဲဒီလို မဟုတ်ဘူး"လို့ သူက ပြောပါတယ်။
အာဆီယံကိုယ်တိုင်ကရေယ၊ ကုလလူ့အခွင့်အရေးအကြီးအကဲ မစ်ရှဲလ်ဘက်ချလက် နဲ့ လူ့အခွင့် အရေးအဖွဲ့တွေကပါ စစ်ကောင်စီရဲ့ကွပ်မျက်တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ကြပါတယ်။
"ဒီရက်စက်ကြမ်းကြုတ်ပြီး နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းဟာ သူ့ပြည်သူတွေကို စစ်တပ်က ဆက်လက် ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုတဲ့ လုပ်ရပ်" လို့ မစ္စဘက်ချလက်က ပြောပါတယ်။