ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပျောက်ဆုံးနေတဲ့ သားနေရာဝင်ပြီး ၄၁ နှစ်ကြာဟန်ဆောင်ခဲ့တဲ့ အိန္ဒိယကဇာတ်လမ်း
ချမ်းသာတဲ့ မြေပိုင်ရှင်တစ်ဦးရဲ့သားအဖြစ် ၄၁ နှစ်ကြာဟန်ဆောင်ခဲ့တဲ့ သူတစ်ဦးကို အပြစ်ရှိတယ်လို့ အိန္ဒိယတရားရုံးက စစ်ဆေးတွေ့ရှိပြီး ထောင်ချလိုက်ပါတယ်။
တရားခံက လှည့်စားမှုတွေ ဘယ်လိုလုပ်ခဲ့တာလဲ။ တရားရုံးရဲ့ နှောင့်နှေး ကြန့်ကြာမှု အခြေအနေတွေကိုပါ ပေါင်းစပ်ပြီး ဘီဘီစီက ဆိုတစ်ခ်ဘစ်ဝက်စ်က တင်ပြထားပါတယ်။
၁၉၇၇ ဖေဖော်ဝါရီ လတုန်းက ဘီဟာပြည်နယ် အရှေ့ပိုင်းမှာ ဆယ်ကျော်သက်လူငယ်တစ်ဦး ကျောင်းကနေ အိမ်ကိုပြန်လာချိန် လမ်းမှာ ပျောက်သွားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။
သူ့နာမည်က ကန်ဟီယာဆင်းဖြစ်ပြီး နာလန်ဒါခရိုင်က ချမ်းသာပြီး သြဇာညောင်းတဲ့ လယ်မြေပိုင်ရှင်ကြီးတစ်ယောက်ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။စာမေးပွဲ ဒုတိယ နေ့အပြီး အိမ်ကိုပြန်လာချိန် လမ်းမှာ သူပျောက်သွားတာပါ။ သူပျောက်ဆုံးမှုကို မိသားစုက ရဲကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။
ပြီးတော့ ကန်ဟီယာကို မိသားစုက တတ်နိုင်သလောက်ရှာခဲ့ကြပေမယ့် အချည်းနှီး ဖြစ်ခဲ့ပါတယ်။သူပျောက်ဆုံးမှုကြောင့် အသက်ကြီးနေတဲ့ သူ့ဖခင်လည်း စိတ်ကျရောဂါခံစားခဲ့ရပြီး ဆရာဝန်နဲ့ အမြဲသွားပြခဲ့ရပါတယ်။
ရွာတစ်ရွာက နတ်ဆရာတစ်ယောက်က သူ့သား အသက်ရှင်နေဆဲဖြစ်ပြီး မကြာခင် ပြန်ပေါ်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
၁၉၈၁ ခုနှစ် စက်တင်ဘာလမှာ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ကန်ဟီယာ နေခဲ့တဲ့ ရွာနဲ့ ၉မိုင်ဝေးတဲ့ ရွာတရွာကို ရောက်လာပါတယ်။
အဲ့ဒီလူငယ်က ရွှေဝါရောင်ဝတ်စုံကို ၀တ်ဆင်ထားသလို သီချင်းတွေဆိုပြပြီး လူတွေဆီက ငွေတောင်းပါတယ်။ပြီးတော့ သူက ပျောက်ဆုံးနေတဲ့ ကလေးနေတဲ့ရွာ မါဂါဝန်ရွာက "လူသိများ ထင်ရှားတဲ့ လူတစ်ယောက်ရဲ့ သား" လို့ လည်း ဒေသခံတွေကို ပြောပါတယ်။
အဲ့ဒီကနေ နောက်ဘာတွေဆက်ဖြစ်လဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒါပေမဲ့ သိသလောက်ကတော့ ပျောက်ဆုံးနေတဲ့ သူ့သား ကန်ဟီယာဆင်း ပြန်ရောက်လာပြီဆိုတဲ့ ကောလာဟလတွေ ထွက်လာတော့ ဟုတ်မဟုတ် အဖေ ကိုယ်တိုင် အဲ့ဒီရွာကို သွားကြည့်ခဲ့ပါတယ်။
ဆင်းနဲ့ အဖော်လိုက်လာတဲ့ အိမ်နီးနားချင်းတွေက အဲ့ဒီလူငယ်က သူ့သား အစစ် ဖြစ်တယ်လို့ သက်သေခံကြတဲ့အတွက် နောက်ဆုံးမှာ အဲ့ဒီလူငယ်ကို အိမ်ခေါ် လာခဲ့ပါတယ်။
"ကျွန်တော့် မျက်လုံးတွေကလည်းမကောင်းတော့ သူ့ကို ကောင်းကောင်း မမြင်ရဘူး။သူက ကျွန်တော့်သားလို့ ခင်ဗျားတို့ကပြောရင်တော့ သူ့ကိုလက်ခံရမှာပေါ့" လို့ သူပြောထားတာလည်း ရဲမှတ်တမ်းထဲမှာ ရှိပါတယ်။
အဲ့ဒီကနေ လေးရက်အကြာမှာ သူ့သားပြန်ရောက်လာပြီဆိုတဲ့ သတင်း ပြည်နယ်မြို့တော် ပါတနာမှာ သမီး ဗီဒါယာနဲ့ အတူနေနေတဲ့ ဆင်းရဲ့ ဇနီး ရာမသာကီ ဒေဝီ ဆီ ရောက်သွားတော့ သူလည်း ကမန်းကတန်း ရွာကိုပြန်လာခဲ့ရပါတယ်။
သူရောက်ပြီး သူ့သားဟုတ်မဟုတ် သေသေချာချာ စစ်ကြည့်လိုက်တော့ အဲ့ဒီ လူငယ်က သူ့သားမဟုတ်ဘူးဆိုတာ သူသိလိုက်ပါတယ်။
"ကန်ဟီယာရဲ့ ခေါင်းဘယ်ဘက်ခြမ်းမှာ ပြတ်ရှအမှတ်အသား" တစ်ခုရှိတယ်လို့ သူ့အမေက ပြောပါတယ်။ သူ့သားကျောင်းက ဆရာမတစ်ယောက်အကြောင်းကို မေးကြည့်တော့လည်း အဲ့ဒီကောင်လေးက မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဖေဆင်းက အဲ့ဒီလူငယ်က သူတို့ရဲ့ သားပါလို့ ယုံနေပါတယ်။
အဲ့ဒီကိစ္စဖြစ်ပြီး ရက်ပိုင်းအကြာမှာ အမေဖြစ်သူ ဒေဝီက အယောင်ဆောင်မှုနဲ့ အမှု ဖွင့်ခဲ့အတွက် အဲ့ဒီလူငယ်အဖမ်းခံရပြီး ထောင်ထဲမှာတစ်လလောက်နေခဲ့ရပြီးမှ အာမခံနဲ့ ပြန်လွတ်လာပါတယ်။
နောက်ဆယ်စုနှစ် လေးခုအတွင်း ဖြစ်ပျက်ခဲ့တာတွေကတော့ မြေပိုင်ရှင်ကြီး တစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ သားအဖြစ် ဟန်ဆောင်ပြီး မိသားစုထဲဝင်လာတဲ့ အမျိုးသားတစ်ဦးရဲ့ လှည့်ဖြားမှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
အာမခံနဲ့ လွတ်လာပြီးတဲ့အချိန်မှာ အထောက်အထားအသစ်နဲ့ တက္ကသိုလ်တက်၊ အိမ်ထောင်ပြု၊ မိသားစုကို ပြုစုပျိုးထောင်ပြီး အထောက်အထား အတုများစွာ အသုံးချပြီး ရပ်တည်နေထိုင်ခဲ့ပါတယ်။
အဲ့ဒီအထောက်အထားတွေကို အသုံးပြုပြီး မဲပေး၊ အခွန်ဆောင်၊ နိုင်ငံသားစိစစ်ရေးကတ်အတွက် အချက်အလက်တွေ ပေးပြီး၊ သေနတ်လိုင်စင်ပါ ရခဲ့သလို ဆင်းပိုင်တဲ့ မြေ ၃၇ ဧကကိုလည်း အမွေရပြီး ပြန်ရောင်းချခဲ့ပါတယ်။
မြေပိုင်ရှင် ဆင်းရဲ့ သမီးနဲ့ သူက မောင်နှမအစစ်ဖြစ်ကြောင်း သက်သေပြဖို့ မျိုးဗီဇ DNA နမူနာတောင်းတော့လည်း သူက မပေးခဲ့ပါဘူး။
တရားရုံးကို အံ့အားသင့်စေတဲ့ နောက်လုပ်ရပ်တစ်ခုကတော့ သူ့မူလဘဝ အထောက်အထားတွေကို ဖျောက်ဖျက်ပစ်ဖို့ သေစာရင်း အတုတောင် လုပ်ခဲ့တာပါ။
ဒီ အယောင်ဆောင်သမားရဲ့ ဇာတ်လမ်းကနေ အိန္ဒိယတရားရေးစနစ်ရဲ့ နှေးကွေးညံ့ဖျင်းမှုကိုပါ မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတလွှားက တရားရုံးတွေမှာ သန်း ၅၀နီးပါး အမှုတွေ ဆိုင်းငံ့နေပြီး အဲ့ဒီထဲက အမှု တစ်သိန်းရှစ် သောင်းကျော်ဟာ နှစ် ၃၀ ကျော်ကြာတဲ့အထိတောင် မပြီးပြတ်သေးပါဘူး။
တရားဝင်မှတ်တမ်းတွေအရဆို အခုဇာတ်လမ်းထဲက လူလိမ်အမျိုးသားဟာ အိန္ဒိယက နာမည်တွေမှာ လေးစားသမှုနဲ့ သုံးတဲ့ နာမည် ဂျီးကို နာမည်မှာထည့်ပြီး ကန်ဟီယာဂျီး Kanhaiya Ji ဆိုတဲ့ နာမည်နဲ့ မှတ်ပုံ တင်လုပ်ထားတာပါ ။အဲ့ဒီနာမည်ရဲ့ ပထမနဲ့ ဒုတိယနာမည်က အားလုံးက အသိအမှတ်ပြု လက်ခံထားတဲ့ နာမည်ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလူဟာ အယောင်ဆောင်မှု၊ လိမ်လည်မှု၊ အကွက်ချကြံစည်မှုတွေ လုပ်ထားတာ အပြစ်ရှိကြောင်း စုံစမ်းတွေ့ရှိခဲ့တဲ့ တရားသူကြီးတွေကတော့ မူရင်းနာမည်အစစ် ဒါယန်နန် ဂိုစိန်းဆိုတဲ့သူကို ထောင် ၇ နှစ် ချလိုက်ပါတယ်။ သူဇာတိက သူ့ကိုမွေးစားထားတဲ့အိမ်နဲ့ ၆၂ မိုင်လောက် ဝေးတဲ့ ဂျာမူးခရိုင်က ရွာတစ်ရွာကပါ။
ဆင်းအိမ်ကို သူရောက်ပြီး တစ်နှစ်အကြာ ၁၉၈၂ခုနှစ် သူမင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ ဒါယန်နန်ဂိုစိန်းရဲ့ အဖြူအမည်းဓာတ်ပုံတစ်ပုံမှာ နှုတ်ခမ်းမွှေးပါးပါးနဲ့ ခပ်ချောချော အမျိုးသားတစ်ဦးကို တွေ့ရပါတယ်။ အလှဆင်ပုဝါပါးကို ခြုံလွှားထားပြီး အဝေးကို စိုက်ကြည့်နေတဲ့ပုံပါ။
ဆင်းမိသားစု အိမ်ကို သူမရောက်လာခင် သူအသုံးပြုခဲ့တဲ့ အချက်အလက် အများစုကတော့ ရှင်းရှင်းလင်းလင်းတော့ သိပ်မရှိပါဘူး။
သူ့ရဲ့ တရားဝင်စာရွက်စာတမ်းတွေထဲမှာလည်း မွေးသက္ကရာဇ်အမျိုးမျိုးဖြစ် နေပြီး အထက်တန်းကျောင်းက မှတ်တမ်းထဲမှာ ဇန်နဝါရီ ၁၉၆၆၊ နိုင်ငံသား မှတ်ပုံတင်ကတ်ထဲမှာ ဖေဖော်ဝါရီ ၁၉၆၀၊ မဲဆန္ဒရှင်သက်သေခံကတ်ပြားမှာတော့ ၁၉၆၅ ခုနှစ်ဖြစ်နေပါတယ်။
၂၀၀၉ ခုနှစ် ဒေသန္တရအစိုးရရဲ့ အစားအသောက် ခွဲတမ်းထုတ်တဲ့ မှတ်ပုံတင်ကတ်ထဲမှာ သူ့ အသက်ကို ၄၅ နှစ်လို့ ဖော်ပြထားပြီး၊ အဲ့ဒီမှတ်ပုံတင်အရဆိုရင် သူ့မွေးသက္ကရာဇ်က ၁၉၆၄ ခုနှစ် ဖြစ်နေပါတယ်။
ဂိုစိန်းရဲ့ မိသားစုက သူ့အသက်က "၆၂ နှစ်ခန့်" ရှိတယ်လို့ ပြောကြတဲ့အတွက် အဲ့ဒီအသက်အတိုင်းဆိုရင် နိုင်ငံသားကတ်ထဲမှာပါတဲ့ မွေးသက္ကရာဇ်နဲ့ သွားတူနေတာ တွေ့ရပါတယ်။
စုံစမ်းစစ်ဆေးသူတွေရဲ့ စုံစမ်းမှုအရ ဂိုစိန်းဟာ ဂျာမူးမြို့က လယ်သမားတစ်ဦးရဲ့ သားလေးယောက်ထဲက အငယ်ဆုံးဖြစ်ပါတယ်။ သူ သီချင်းဆို ပိုက်ဆံလိုက်တောင်းပြီး အသက်မွေးတဲ့ ၁၉၈၁ ခုနှစ် ကတည်းက အိမ်ကထွက်သွားတာလို့ အတည်ပြုလို့ရပါတယ်။
ဂျာမူးမြို့က အကြီးတန်းရဲအရာရှိ ချီတာရန်ဂျန်ကူးမားက ဂိုစိန်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပြီး ဇနီးကို ထားသွားတဲ့သူလို့ ပြောပါတယ်။
"သူတို့လင်မယား ကလေးမရသေးလို့ နောက်ပိုင်းမှာ ပထမဇနီးက နောက်အိမ်ထောင်ပြုပြီး အဲ့ဒီမှာပဲ အခြေချနေထိုင်ခဲ့တာ " လို့ မစ္စတာကူးမားက အတည်ပြုပါတယ်။
ဒီအမှုမှာ ဂိုစိန်းဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို တရားရုံးမှာ ဖော်ထုတ်ခဲ့တဲ့ ရွာထဲအထိသွားပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
" ဂိုစိန်းက နာလန်ဒါမှာ မြေပိုင်ရှင်မိသားစုနဲ့ အတူနေနေတယ်ဆိုတဲ့ အကြောင်းကို သူ့ဇာတိရွာက လူတော်တော်များများ သိကြတယ်"လို့လည်း တရားသူကြီး မန်ဗန်ဒရာမစ်ရှာရာက သူ့ရဲ့တရားရုံးစီရင်ချက်ထဲမှာ ထည့်ရေးထားပါတယ်။
ဂိုစိန်း ဆင်းမိသားစုထဲကိုရောက်လာပြီး တစ်နှစ်အကြာမှာအမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
သူတို့ မိသားစုထဲက ရတဲ့ စာရွက်စာတမ်းတစ်ခုအရ ဂိုစိန်းဟာ ဒေသတွင်းက ကောလိပ်တစ်ခုကနေ အင်္ဂလိပ်၊ နိုင်ငံရေးနှင့် ဒဿနိကဘွဲ့ရခဲ့ပြီး သူ့လုပ်ဆောင် ကြိုးစားမှုက ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ ဂိုစိန်းသားနှစ်ယောက်၊ သမီး သုံးယောက်ရခဲ့ပါတယ်။ မြေပိုင်ရှင်ကြီး ဆင်း ကွယ်လွန်ပြီးနောက်ပိုင်းမှာ မာဂါဝန်က ရာစုနှစ်နီးပါး သက်တမ်းရှိတဲ့ နှစ်ထပ်အိမ်ကြီး တစ်ဝက်ကို သူ အမွေဆက်ခံခွင့်ရခဲ့ပါတယ် ။
သရက်ပင်၊ မာလကာပင်တွေ ဝိုင်းထားတဲ့ ရေကန်ကြီးတစ်ကန်ကို အပေါ်စီး ကမြင်ရသလို ဆေးသုတ်မထားတဲ့ သံတံခါးနဲ့ အုတ်နံရံတွေ ခတ်ထားပြီး အိမ်က လုံလုံခြုံခြုံနဲ့ လေဝင်လေထွက်လည်း ကောင်းပါတယ်။ အဲ့ဒီအိမ်အမိုးအောက်မှာ မျိုးဆက်သုံးဆက်နေထိုင်ခဲ့ပြီး၊ အခန်း ၁၆ ခန်းပါတဲ့ အိမ်ကြီးက တစ်ချိန်တုန်းကဆို မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာကောင်းခဲ့ပါတယ်။
ခုတော့ ငြိမ်သက်တိတ်ဆိတ်နေပြီး ခြံဝင်းကလည်း ညစ်ပတ်နေသလို ဆွေးမြည့်နေတဲ့ ဂျုံလှေ့စက်ကလည်း ခြံထောင့်စွန်းတစ်နေရာမှာ ရှိနေပါတယ်။
များသောအားဖြင့် သူ့အဖေက အိမ်မှာရှိနေပြီး လယ်မြေဧက ၃၀ ခန့်ကို စီမံခန့် ခွဲနေတာလို့ ဂိုစိန်းရဲ့ သားအကြီး ဂူတပ်ကူးမားက ပြောပါတယ်။
အဲ့ဒီလယ်မြေတွေမှာစိုက်တဲ့ ဆန်၊ ဂျုံနှင့် ပဲမျိုးစုံက အထွက်နှုန်းကောင်းပြီး အများစုကို အလုပ်သမားတွေငှားပြီး စိုက်ပျိုးတာ ဖြစ်ပါတယ်။
သူ့အဖေ အယောင်ဆောင် လိမ်ညာခဲ့တဲ့ကိစ္စကို မိသားစုထဲမှာ တစ်ခါမှ မဆွေးနွေးကြဘူးလို့ ဂူတမ်ကူးမားက ပြောပါတယ်။
"သူက ကျွန်တော်တို့အဖေလေ ၊ အဘိုးက သူ့ကို သူ့သားအဖြစ် လက်ခံခဲ့တာဆိုရင် ကျွန်တော်တို့က သူ့ကို ဘာလို့ မေးခွန်းထုတ်စရာရှိလဲ။ ခင်ဗျားအဖေကို ခင်ဗျားရော မယုံကြည်ဘူးလား" လို့ သူက ပြန်မေးခွန်းထုတ်ပါတယ်။
" အဖေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာက ပျောက်သွားပြီဆိုတော့ ကျွန်တော်တို့ရဲ့ ဘဝနဲ့ အနေအထားတွေကလည်း ဟန်ချက်ပျက်သွားပါတယ်။ ကျွန်တော်တို့ဘဝက စိုးရိမ်ပူပန်မှုတွေကြားထဲ နေနေရတာပါ "လို့လည်း သူကထပ်ဖြည့်ပြောပါတယ်။
သူပျောက်သွားတဲ့ ၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ခုနှစ်အတွင်း လေးနှစ်အတွင်းမှာ ဘယ်မှာနေခဲ့တာလဲ၊ ဘယ်သူနဲ့နေခဲ့တာလဲဆိုတာကို ဂိုစိန်းကို တရားသူကြီး မီရှာရာက စစ်မေးခဲ့ပါတယ်။
တရားသူကြီးမေးတာကို ဂိုစိန်းက အတိအကျမဖြေဘဲ ရှောင်လွှဲပြီး ဖြေခဲ့ပါတယ်။ အိမ်နီးချင်း အူတရာပရာဒက်စ်ပြည်နယ်က ဂိုရက်ပူအရပ်မှာရှိတဲ့ ဘုရားကျောင်းမှာ သူတော်စင်တစ်ပါးနဲ့ နေခဲ့တာလို့ တရားသူကြီးတွေကို သူက ဖြေပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး ဘာသက်သေမှ မပြနိုင်ခဲ့ပါဘူး။
သူ့အနေနဲ့ မြေပိုင်ရှင်ရဲ့သားအဖြစ် ဘယ်တုန်းကမှ ဟန်မဆောင်ခဲ့ဘူးလို့တောင် ဂိုစိန်းက တရားသူကြီးတွေကို ပြန်ပြောခဲ့ပါတယ်။ ဆင်းကသာ "ကျွန်တော့်ကို သူ့သားအဖြစ် လက်ခံပြီး အိမ်ခေါ်သွားတာ" လို့ ပဲ သူက ပြန်ဖြေခဲ့ပါတယ်။
"ကျွန်တော်က ဘယ်သူ့ကိုမှ အယောင်ဆောင်လှည့်စားတာတွေ မလုပ်ခဲ့ဘူး။ ကျွန်တော်က ကန်ဟီယာပါ"လို့ သူက ပြောပါတယ်။
တရားရုံးက စာရွက်တွေမှာ တွဲညှပ်ထားတဲ့ ပေါက်ပြဲပျက်စီးနေတဲ့ သူ့ရဲ့ တစ်ခုတည်းသော အဖြူအမဲ ကိုယ်တပိုင်းပုံထဲမှာ ကန်ဟီယာဆင်းကို ဆံပင် သပ်သပ်ရပ်ရပ် ခွဲထားတာ၊ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီဝတ်ထားတာ တွေ့ရပါတယ်။
အခုအဖြစ်အပျက်က ပတာနာမြို့နဲ့ ကီလိုမီတာ ၁၀၀ လောက်ဝေးတဲ့ ဇာတ်မြင့် ဟိန္ဒူဘာသာဝင် ၁၅၀၀ လောက်ရှိတဲ့ မာဂါဝန်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ။ အသက် ၁၆ နှစ်မှာ ရွာကပျောက်သွားတဲ့ ကန်ဟီယာကို ရွာလူတွေ ဘာမှသိပ်မပြောကြဘဲ နှုတ်ဆိတ်နေကြတာကလည်း စဥ်းစားစရာ လှည့်ကွက် တစ်ခုဖြစ်နေပါတယ်။
အကြီးတန်းတရားရုံးချုပ်ရှေ့နေတစ်ဦးဖြစ်သလို ကန်ဟီယာနဲ့ ဆွေမျိုးတော်ဆပ်သူ ဂိုပါဆင်းကကတော့ "ရှက်တတ်ပြီး ဖော်ရွေတဲ့ " ကောင်လေးလို့ သူအမှတ်ရနေတာကို ပြောပါတယ်။
"ကျွန်တော်တို့ အတူတူကြီး လာကြတာ။ သူနဲ့ တူတူဆော့ခဲ့ကြတာ။ သူပျောက်သွားချိန်တုန်းက အော်ကြ ငိုကြနဲ့ပေါ့"လို့ သူက ပြောပါတယ်။
"သူပျောက်ပြီး နောက်လေးနှစ်လောက်ကြာတဲ့အချိန်မှာ အဲဒီလူပေါ်လာတော့ သူက ကန်ဟီယာနဲ့လည်း လုံးဝမတူဘူး။ ဒါပေမဲ့ သူ့အဖေက ပျောက်သွားတဲ့ သူ့သားလို့ သေသေချာချာပြောနေတော့လည်း ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးလေ။"
မြေပိုင်ရှင်ကြီး ကန်မီစ်ရှာဝါဆင်း ၁၉၉၁ ခုနှစ်မှာဆုံးတော့ သူပိုင်တဲ့ မြေဧက အနည်းဆုံး ၆၀ကျော် ကျန်ခဲ့ပါတယ်။
သူဟာ ဆယ်စုနှစ်လေးစုနီးပါး ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ကျေးရွာကောင်စီ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့ဆွေမျိုးအရင်းတွေထဲမှာ တရားရုံးချုပ် ရှေ့နေတွေ အပြင် လွှတ်တော်အမတ်တစ်ဦးလည်း ရှိပါတယ်။
ဆင်းမှာ အိမ်ထောင်နှစ်ဆက်ကမွေးတဲ့ သမီးခုနစ်ယောက်နဲ့ သားတစ်ယောက် (ကန်ဟီယာ)ရှိပြီး သားက အငယ်ဆုံးပါ။ ကန်ဟီယာက သူ့အချစ်ဆုံး ကလေးဖြစ်ပြီး ဥပဒေကြောင်းအရ အမွေဆက်ခံ သူလည်း ဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အချက်က နာမကျန်းဖြစ်နေတဲ့ မြေပိုင်ရှင်ကြီးက တရားရုံးကို ဘယ်တုန်းကမှ သွားပြီး မကာကွယ်ခဲ့တာပါ။
ဒီကလေးက ငါ့သားမဟုတ်ဘူးဆိုရင် သူ့ကိုလက်မခံဘူး ပြန်ပို့မယ်လို့ ရွာသားတွေကို သူပြောခဲ့တဲ့အကြောင်း ဆင်းက ရဲကိုပြောခဲ့ဖူးတာ ရှိပါတယ်။
ဒီအမှုကို တရားသူကြီး အနည်းဆုံး ၁၂ ယောက်က ဆယ်စုနှစ် လေးခုကျော်ကြာ ကြားနာစစ်ဆေးခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ဖေဖော်ဝါရီလကစပြီး ၄၄ရက်ကြာ ကြားနာမှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ဧပြီလအစောပိုင်းမှာ စီရင်ချက်ချခဲ့ပါတယ်။
တရားသူကြီး မီရှာရာက ဂိုစိန်းမှာ အပြစ်ရှိတယ်လို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အထက်တရားရုံးကလည်း ဇွန်လထဲမှာ အဲဒီအမိန့်ကို အတည်ပြုခဲ့ပြီး ဂိုစိန်းကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပါတယ်။
တရားရုံးက တရားခံပြသက်သေ ခုနစ်ဦးစလုံးရဲ့ ထွက်ဆိုချက်ကိုလည်း အယုံအကြည်မရှိဘူးလို့ သတ်မှတ်ခဲ့ပါတယ်။
"ဒီအမှုကို ကျွန်တော်တို့က ဘယ်တုန်းကမှ အလေးအနက်ထားခဲ့ကြတာ မဟုတ်ဘူး။
ကျွန်တော်တို့ဘက်က သက်သေတွေကို ပိုကောင်းအောင် စုသင့်တယ်။ ကျွန်တော့် အဖေ ရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ တစ်ခုခုရှိတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး" လို့ ဂူတမ် ကူမာက ပြောပါတယ်။
ဒါယန်နန်ဂိုစိန်းကွယ်လွန်သွားပြီလို့ ကြေညာပြီး သေစာရင်းကိုပါ တရားရုံးတင်လာတဲ့ အတွက် ဒီဇာတ်လမ်း အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ သေစာရင်းမှာ တပ်ထားတဲ့ ရက်စွဲတွေက ကွဲလွဲမှုတွေရှိနေတာ တွေ့ရပါတယ်။ သေစာရင်းထဲမှာ ၂၀၁၄ ခုနှစ် ရက်စွဲတပ်ထားပေမယ့် ဂိုစိန်းသေတဲ့ရက်က ၁၉၈၂ ခုနှစ် ဇန်နဝါရီလထဲမှာ ဖြစ်နေပါတယ်။
ဒေသတွင်း မှတ်တမ်းမှတ်ရာတွေကို စစ်ဆေးကြည့်တော့လည်း ဂိုစိန်း သေတယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ ရဲအရာရှိ ချီတာ ရန်ဂျန်ကူးမားကလည်း ပြောပါတယ်။
လူသေဆုံးပြီး ၃၂ နှစ်အကြာမှ ဘာကြောင့် သေစာရင်း လုပ်ရတာလဲလို့ တရားရုံးက တရားခံကို မေးမြန်းခဲ့ပြီး အဲဒါကို အတုဆိုပြီး ပယ်ချခဲ့ပါတယ်။
"သူ့ကိုယ်သူ ကန်ဟီယာဖြစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့ ဂိုစိန်းက သူ့ကိုယ် သူပြန်သတ်လိုက်တာပါ" လို့ တရားသူကြီး မီရှာက ထောက်ပြပါတယ်။
သူ ဂိုစိန်း မဟုတ်ဘူးဆိုတာ သက်သေပြနိုင်ဖို့အတွက် ၂၀၁၄ ခုနှစ်က DNA စစ်ပေးဖို့ တရားလိုဘက်ကတောင်းဆိုတာကိုလည်း သူက လက်မခံခဲ့ပါဘူး။
DNA အစစ်ဆေးမခံဘဲ ရှစ်နှစ်ကြာငြင်းဆိုမှုတွေပြုခဲ့ပြီးနောက် သူ့ရဲ့ DNA နမူနာကိုမပေးနိုင်ဘူးဆိုတဲ့အကြောင်း စာနဲ့ အခုနှစ် ဖေဖော်ဝါရီလမှာ အကြောင်းကြားခဲ့ပါတယ်။
"တခြားသက်သေတွေ မလိုပါဘူး။ DNA စစ်လိုက်ရင် သူ့သက်သေခံချက်တွေ မှားယွင်းနေတယ်ဆိုတာ ဖော်ထုတ်လိုက်နိုင်မယ်ဆိုတာ တရားခံက သိပါတယ်။ " လို့ တရားရုံးက ပြောပါတယ်။
"သူဘယ်ဝါဖြစ်တယ်ဆိုတာကို သက်သေပြရဖို့က စွပ်စွဲခံရသူမှာတာဝန်ရှိပါတယ် " လို့ တရားသူကြီးက ဆက်ပြောပါတယ်။
ဂိုစိန်းအမှုမှာ မမြင်ရ မသိရတာတွေ အများကြီး ရှိနေနိုင်သေးတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ပျောက်သွားတဲ့ သူတို့သားအဖြစ် ဟန်ဆောင်ပြီး ဆင်းမိသားစုထဲကို ဂိုစိန်း ရောက်သွားအောင် အကွက်ချပူးပေါင်းကြံစည်တဲ့ ကိစ္စမှာ မာဂါဝန်ရွာက လူတွေအများကြီး ပါဝင်နိုင်တယ်လို့ တရားရုံးက ယုံကြည်ထားပါတယ်။
"ကျွန်မခင်ပွန်း ကျန်းမာရေးမကောင်းတာနဲ့ မျက်စိမှုန်တာကို အခွင့်ကောင်းယူပြီး မိသားစုပိုင်ဆိုင်မှုကို လုယူဖို့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကို လုပ်ခဲ့ကြတာပါ"လို့ ၁၉၉၅ ခုနှစ်မှာ သေဆုံးသွားတဲ့ ရမ်ဆာကီဒေဝီက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
လိမ်လည် လှည့်စား ဟန်ဆောင်မှုကျူးလွန်ခဲ့တဲ့ ဒီဇာတ်လမ်းမှာ အဖြေမရတဲ့ မေးခွန်းတွေလည်း အများကြီး ရှိနေပါသေးတယ်။
အထောက်အထားအတုတွေသုံးပြီး ဆင်း ရောင်းလိုက်တဲ့မြေက ဘာဆက်ဖြစ်မလဲ။
မြေကွက်တွေကို ဝယ်ထားတဲ့သူတွေဆီက ပြန်ယူပြီး အမွေဆက်ခံခွင့်ရှိတဲ့ ကျန်တဲ့ သားသမီးတွေကို ပေးမှာလား။
ဂိုစိန်းလုပ်ခဲ့တဲ့ အထောက်အထား အတုတွေနဲ့ပတ်သက်ပြီး ဘယ်လို အရေးယူမှာလဲ ။
ပြီးတော့ အရေးကြီးဆုံးကိစ္စက ကန်ဟီယာအစစ် ဘယ်မှာရောက်နေတာလဲဆိုတာပါ။
အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ ခုနစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့သူကို သေလူအဖြစ် သတ်မှတ်တာရှိပါတယ်။
ဒါဆိုရင် ရဲက ဘာလို့အဲ့အမှုကို မပိတ်သေးတာလဲ။ သူ အသက်ရှင်နေသေးလား။