ဖိလစ်ပိုင်မှာ ဒူတာတေးအစိုးရကို ဝေဖန်တဲ့ ရက်ပလာသတင်းဌာနပိတ်ပင်ဖို့ အမိန့်ထုတ်

ရေးသားခဲ့သည်။

နိုဘဲငြိမ်းချမ်းရေးဆုရှင် မာရီယာရက်ဆာတည်ထောင်တဲ့ ရက်ပလာသတင်းဌာနကို ပိတ်ပင်ဖို့ ဖိလစ်ပိုင်အာဏာပိုင်အဖွဲ့အစည်းတွေက အမိန့်ထုတ်လိုက်ပါတယ်။

ရက်ပလာဟာ မကြာမီသက်တမ်းကုန်တော့မဲ့ သမ္မတရိုဒရီဂိုဒူတာတေးအစိုးရအပေါ် ဝေဖန်ဆန်းစစ်တဲ့ အမြင်ရှိတဲ့ သတင်းဌာနတွေထဲက တခုလည်း ဖြစ်ပါတယ်။

သမ္မတဒူတာတေး သက်တမ်းကုန်ဆုံးပြီး သူ့မဟာမိတ် ဖာဒီနန်မားကို့စ်ဂျူနီယာ ရာထူးလွှဲပြောင်းဆက်ခံကာနီး အချိန်မှာ အခုလိုရက်ပလာကိုပိတ်ပင်ဖို့ အမိန့်ထွက်လာတာဖြစ်ပါတယ်။

ရက်ပလာသတင်းဌာနကတော့ သတင်းဌာနကို မပိတ်ဘူးလို့ဆိုနေပါတယ်။ ဒီအမိန့်နဲ့ပတ်သက်ပြီး တရာရုံးမှာ ရင်ဆိုင်မယ်လို့ဆိုပါတယ်။

"ကျွန်မတို့လုပ်နေကျအလုပ်တွေကို ဆက်လုပ်သွားပါမယ်။ တရားရေးလုပ်ငန်းစဉ်အတိုင်းဆက်သွားပြီး ကျွန်မတို့ အခွင့်အရေးအတွက် ခုခံသွားပါမယ်။" လို့ မစ္စရက်ဆာက သတင်းသမားတွေကို ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။

အခုတရားရုံးဆုံးဖြတ်ချက်ဟာ မူမမှန်တဲ့ဆောင်ရွက်ချက်အများအပြားရှိနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို သတင်းဌာနက မလိုက်နာနိုင်ဘူးလို့ဆိုပါတယ်။

ရက်ပလာသတင်းဌာနရဲ့ ကုမ္ပဏီလိုင်စင်ရုပ်သိမ်းရေးဆုံးဖြတ်ချက်ကို အယူခံဝင်ထားတဲ့အတွက် ဆိုင်းငံ့ထားတယ်လို့ ဖိလစ်ပိုင်စတော့ရှယ်ယာကော်မရှင်ကဆိုပါတယ်။ ရက်ပလာကုမ္ပဏီရဲ့ ဘဏ္ဍာရေး အထောက်အပံ့ရယူနေမှုဟာ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ရုပ်သိမ်းဖို့ဆုံးဖြတ်တာလို့ စတော့ရှယ်ယာကော်မရှင်ကဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကုမ္ပဏီလိုင်စင်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ ဖိလစ်ပိုင်မီဒီယာတွေအပေါ် နိုင်ငံခြားပိုင်ဆိုင်မှုခွင့်မပြုတဲ့ အခြေခံဥပဒေပါ တားမြစ်ချက်နဲ့ ငြိစွန်းနေလို့ အဲသလိုဆုံးဖြတ်တာလို့ ဆိုပါတယ်။

ရက်ပလာဟာ ပီယာအိုမေဒယာ ကွန်ရက်ရဲ့ထောက်ပံ့မှုကို ရယူထားတာဖြစ်ပါတယ်။ အီးဘေးတည်ထောင်သူ ဘီလျံနာပီယာအိုမေဒယာက ဘဏ္ဍာရေးထောက်ပံ့တာကိုဝန်ခံပေမဲ့ ကုမ္ပဏီကိုပိုင်ဆိုင်မှုမရှိကြောင်း ငြင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ ဖိလစ်ပိုင်စတော့ရှယ်ယာကော်မရှင်ရဲ့ ဆောင်ရွက်ချက်ဟာ နိုဘဲဆုရှင်မာရီယာရက်ဆာရဲ့ သတင်းဌာနကို ပိတ်ပင်ဖို့ ကြိုးစားချက်တရပ်ပဲလို့ ဆိုပါတယ်။

ရက်ပလာသတင်းဌာနဟာ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်မှုတွေကို စုံစမ်းဖော်ထုတ်ဝေဖန်ရေးသားနေတဲ့ သတင်းဌာနဖြစ်ပါတယ်။

မစ္စရက်ဆာဟာ သတင်းဌာနကို ၂၀၁၂ ခုနှစ်မှာတည်ထောင်ခဲ့ပြီး ဒီအတောအတွင်းမှာ ရာဇဝတ်မှု၊ တရားမမှု စုစုပေါင်း ၇ မှုအစွဲဆိုခံထားရပါတယ်။ ၂၀၂၀ ခုနှစ်မှာ အသရေဖျက်မှုနဲ့ တရားစွဲခံထားရတာကိုလည်း သူက အယူခံဝင်ထားပါတယ်။ အဲဒီအမှုဟာ ဖိလစ်ပိုင်သတင်းစာလွတ်လပ်ခွင့်ကို စမ်းသပ်မှတ်ကျောက်တင်တဲ့ အမှုလို့ရှုမြင်ကြပါတယ်။

သူ့ကို ရုရှားသတင်းသမားတယောက်နဲ့အတူပူးတွဲပြီး မနှစ်ကငြိမ်းချမ်းရေးနိုဘဲဆုချီးမြှင့်ခဲ့တာပါ။ သူဟာ လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးပြုပြီး အာဏာအလွဲသုံးမှု၊ အကြမ်းဖက်မှု၊ အာဏာရှင်စနစ်ပေါ်ထွန်းလာမှုတွေကို ဖော်ထုတ်ခဲ့တဲ့အတွက် နိုဘဲဆုချီးမြှင့်တာလို့ ဆုရွေးချယ်တဲ့ အဖွဲ့က ဆိုပါတယ်။

မားကို့စ်ဂျူနီယာရဲ့အစိုးရသစ်ဟာ ဘယ်လိုအစိုးရမျိုးဖြစ်မလာမလဲဆိုတာကို စောင့်ကြည့်နေကြစဉ်မှာ အခုလို သတင်းဌာနပိတ်ပင်တဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မားကိုစ်ဂျူနီယာဟာ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်ပါတယ်။ အာဏာရှင်ဟောင်းမားကို့စ် လက်ထက်မှာ သတင်းသမားတွေကို ဖမ်းဆီးအရေးယူမှု လူ့အခွင့်အရေးသမားတွေကိုဖမ်းဆီးအရေးယူမှုတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖိနှိပ်မှုတွေရှိခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ လက်ဝဲနိုင်ငံရေးသမားတွေကို ထောက်ခံတဲ့ အင်တာနက်သတင်းဝက်ဘ်ဆိုက်တွေကို ဒီလအတွင်းမှာပဲ ပိတ်ပင်ဖို့ အင်တာနက်ကုမ္ပဏီတွေကို အစိုးရကညွှန်ကြားခဲ့ပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ဖိလစ်ပိုင်ရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်ဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၇ မှာရှိတယ်လို့သတ်မှတ်ထားပါတယ်။ ၂၀၂၁ ခုနှစ်ကထက် ၉ နေရာအောက်ကျသွားတာလည်း ဖြစ်ပါတယ်။