ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမြောက်ပိုင်းမှာဟိန္ဒူ၊ မွတ်စလင် ဘာသာရေးတင်းမာမှုဖြစ်ပွား
အိန္ဒိယနိုင်ငံမြောက်ပိုင်း ရာဂျာစသန်ပြည်နယ်မှာ ဟိန္ဒူဘာသာဝင်အမျိုးသားတယောက်ကို မွတ်စလင်ဘာသာဝင် အမျိုးသားနှစ်ယောက်က သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဲဒီနယ်မြေအတွင်းမှာ ဘာသာရေးတင်းမာနေပါတယ်။
အသတ်ခံရသူဟာ ဥဒိုင်ပူရမြို့မှာနေထိုင်တဲ့ အဝတ်အထည်ချုပ်လုပ်သူအမျိုးသား ကနိုင်းယားလားဆိုသူဖြစ်ပါတယ်။ မွတ်စလင်ဘာသာဝင်အမျိုးသား ၂ ယောက်က သူတို့ကိုယ်တိုင် သတ်ဖြတ်တာလို့ ကြေညာပြီး ရိုက်ကူးထားတဲ့ဗီဒီယိုကို အင်္ဂါနေ့လွှင့်ထုတ်ခဲ့ပါတယ်။
အခုအခါအစိုးရက အင်တာနက်ဖြတ်တောက်ထားသလို လူစုလူဝေးမလုပ်ဖို့လည်း တားမြစ်ထားပါတယ်။ လူသတ်သမားအဖြစ် အစွပ်စွဲခံထားရသူ ၂ ယောက်ဟာ သူတို့ကိုယ်တိုင်သတ်ဖြတ်ကြောင်းကြေညာသလို နာမည်ထုတ်ဖော်ပြီးတော့လည်း ပြောခဲ့ပါတယ်။ အခုသူတို့ကို ရဲအဖွဲ့က ဖမ်းဆီးထားပါတယ်။
အာဏာရဟိန္ဒူအမျိုးသားရေးပါတီ ဘီဂျေပီရဲ့ပြောရေးဆိုခွင့်ရှိသူ နုပါရှားမားဟာ ရုပ်မြင်သံကြားဆွေးနွေးခန်းတခုမှာ မွတ်ဆလင်ဘာသာရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်တမန်တော်မိုဟာမက်နဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ သူ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး တခြားမွတ်စလင်နိုင်ငံတွေကလည်း ကန့်ကွက်မှုတွေရှိခဲ့လို့ သံတမန်ရေးဆိုင်ရာ အငြင်းပွားမှုအဆင့်အထိဖြစ်ပွားခဲ့ပါတယ်။ သူ့ကို ဘီဂျေပီပါတီက ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီအထုတ်ပယ်ခံရသူ နိုင်ငံရေးသမားရဲ့အမြင်ကို အပ်ချုပ်သမား ကနိုင်းယားလားက လူမှုကွန်ရက်ပေါ်မှာ ထောက်ခံရေးသားတဲ့အတွက် သူ့ကိုလက်စားချေသတ်ဖြတ်လိုက်တာလို့ လူသတ်သမားအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ မွတ်စလင်ဘာသာဝင်အမျိုးသားနှစ်ဦးက ဆိုပါတယ်။
သူတို့ဟာ သူတို့ထုတ်လွှင့်တဲ့ဗီဒီယိုထဲမှာ သူတို့လုပ်ရပ်အတွက် ဂုဏ်ယူဝင့်ကြွားပြောဆိုခဲ့သလို အာဏာရဘီဂျေပီပါတီခေါင်းဆောင် ဝန်ကြီးချုပ် နရန်ဒရာမိုဒီကိုလည်း သားလှီးဓားကိုင်ပြီး ကြိမ်းဝါးခြိမ်းခြောက်ထားပါတယ်။ အဆင့်မြင့်ရဲအရာရှိကြီး တယောက်ကတော့ အဲဒီဗီဒီယိုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တဲ့အတွက် မထုတ်လွှင့်ကြဖို့ သတင်းမီဒီယာတွေကို ပန်ကြားထားပါတယ်။
ရာဂျာစသန်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်အာရှုပ်ဂဲလော့ကလည်း ပြည်သူလူထုကို စိတ်အေးအေးထားပြီး ငြိမ်ငြိမ်သက်သက်နေကြဖို့ ပန်ကြားထားပါတယ်။ အခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အမြန်ဆုံးစုံစမ်းစစ်ဆေးဖို့ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီကို အစိုးရက တာဝန်ပေးထားပါတယ်။
အပ်ချုပ်သူ ကနိုင်းယားလားရဲ့ဆိုင်ထဲကို ဖောက်သည်အဖြစ်ဟန်ဆောင်ထားသူ ၂ ယောက်ဝင်လာပြီး အချိန်တိုအတွင်းမှာ တိုက်ခိုက်သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။ အသတ်ဖြတ်ခံရသူ ကနိုင်းယားလားဟာလည်း အခုလိုအခင်းမဖြစ်ပွားမီ သီတင်းသုံးပတ်အလိုတုန်းက ဘာသာရေးဆိုင်ရာအမုန်းစကားပြောဆိုမှု စွပ်စွဲချက်နဲ့ ရဲကဖမ်းဆီးတာကိုခံခဲ့ရသေးတယ်လို့ အိန္ဒိယအိတ်စ်ပရက်သတင်းစာက ရေးသားပါတယ်။ သူ့ကို အသက်အန္တရာယ်ပေးဖို့ခြိမ်းခြောက်မှုတွေရှိလို့ ရဲအစောင့်အရှောက်ပေးဖို့ တောင်းခံခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
ဘီဂျေပီပါတီပြောခွင့်ရအမျိုးသမီးနုပါရှားမားရဲ့ တမန်တော်မိုဟာမက်နဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့် အိန္ဒိယမှာ ဘာသာရေးဆိုင်ရာ ဆန္ဒပြကန့်ကွက်မှုတွေဖြစ်ပွားခဲ့သလို ဒေါသထွက်ဆူပူ အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အများပိုင်အဆောက်အအုံတွေကို ခဲနဲ့ပေါက်ဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
ဘီဂျေပီပါတီဝင် ရာဂျာစသန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဗာဆွန်ဒဟာရာရာဂျေးက လက်ရှိပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူနေတဲ့ ကွန်ဂရက်စ်ပါတီခေါင်းဆောင်ဝန်ကြီးချုပ် အာရှုပ်ဂဲလော့ကို အပြစ်တင်ဝေဖန်ပါတယ်။ ဘီဂျေပီပါတီခေါင်းဆောင်တချို့ကလည်း မြို့တော်ဒေလီအထိ ချီတက်ကန့်ကွက် ဆန္ဒပြမယ်လို့ ဆိုနေပါတယ်။ ကွန်ဂရက်စ်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီက သတ်ဖြတ်မှုအတွက် ထိတ်လန့်တုန်လှုပ်ကြောင်းပြောပြီး သတ်ဖြတ်သူတွေကို အမြန်ဆုံးအရေးယူဖို့တောင်းဆိုထားပါတယ်။
တချို့ထင်ရှားတဲ့ မွတ်စလင်ဘာသာရေးအဖွဲ့အစည်းတွေကလည်း အခုသတ်ဖြတ်မှုကို ရှုတ်ချကြပါတယ်။ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ မွတ်စလင်ဘာသာရေးဥပဒေဘုတ်အဖွဲ့ကလည်း ပြင်းထန်စွာရှုတ်ချကြောင်းပြောဆိုပါတယ်။ အခုလုပ်ရပ်ဟာ အိန္ဒိယဥပဒေနဲ့မကိုက်ညီသလို အစ္စလာမ်အဆုံးအမနဲ့လည်း ဆန့်ကျင်တယ်လို့ဆိုပါတယ်။
လူတယောက်ကို ရာဇဝတ်သားအဖြစ်ကြေညာပြီး ကိုယ့်ဥပဒေနဲ့ကိုယ်ဆုံးမအရေးယူတာဟာ ဘယ်သူမှလုပ်ခွင့်မရှိသလို ပြင်းထန်စွာရှုတ်ချရမဲ့ အပြုအမူလည်းဖြစ်တယ်လို့ ဆိုပါတယ်။