နေတိုးထိပ်သီး အစည်းအဝေး- စစ်ရေးမဟာမိတ်အဖွဲ့အတွက် စိန်ခေါ်ချက် ငါးခု

ရေးသားခဲ့သည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒီသီတင်းပတ် ကျင်းပနေတဲ့ နေတိုးထိပ်သီးအစည်းအဝေးဟာ အဖွဲ့သက်တမ်း ၇၃ နှစ်ရှိနေပြီဖြစ်တဲ့ နေတိုးမဟာမိတ်အဖွဲ့ အတွက် အရေးကြီးတဲ့ အချိန်ကာလတစ်ခုပါ။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုက ၂၀၀၁ခုနှစ် ၉ /၁၁တိုက်ခိုက်မှု နောက်ပိုင်း အနောက်အုပ်စုအတွက် အကြီးမားဆုံး ဗျူဟာမြောက် ခြိမ်းခြောက်ခံရမှု ဖြစ်ပါတယ်။

နေတိုးအဖွဲ့ဟာ ဥရောပကို ရုရှားရဲ့နောက်ထပ်ရန်လိုတိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်မယ့် တစ်ခုတည်းသော စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်ပေမယ့် သူတို့အဖွဲ့ မှာ ဒါနဲ့ပတ်သက်ပြီး မဟာဗျူဟာတစ်ခုခု ချထားပြီးတာ ရှိရဲ့လားဆိုတာကလည်း မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း နေတိုးအဖွဲ့က "အလုပ်မဖြစ်တော့ဘူး" လို့ လွန်ခဲ့တဲ့သုံးနှစ်လောက်တုန်းက ပြောခဲ့ဖူးပါတယ်။

ရုရှားတင့်ကားတွေ နယ်စပ်ကိုဖြတ်ကျော်ပြီး ယူကရိန်းနိုင်ငံထဲကိုဝင်လာချိန်ကစလို့ အနောက်နိုင်ငံတွေရဲ့ တုံ့ပြန်မှုအနေအထားကနေ သူတို့ရဲ့ စည်းလုံးမှု၊ အရှိန်အဟုန်အားကောင်းမှုနဲ့ အင်အားတွေကို အံ့အားသင့်လောက်စရာကောင်းအောင် တွေ့ရပါတယ်။

နယ်နိမိတ်တွေခိုင်မာဖို့နဲ့ လက်နက်ထောက်ပံ့ရေးကိစ္စတွေကိုလည်း အသစ် ပြန်အားဖြည့်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ကြပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး မက်ဒရစ် ထိပ်သီးအစည်းအဝေးမှာ နေတိုး အတွင်းရေးမှူးချုပ် ယန်စတိုလ်တန်ဘာ့်က ကာကွယ်ရေးနဲ့ပတ်သက်လို့ နေတိုးမဟာမိတ်အဖွဲ့ ရဲ့ အခြေခံအပြောင်းအလဲလို့ ကြေညာခဲ့ပြီး အရှေ့ဘက်နယ်စပ်မှာ ကာကွယ်ရေး အားကောင်းစေဖို့ တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကျော်အထိ အလျင်အမြန် အင်အားဖြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဟာ ပုံစံမျိုးစုံပေါင်းစပ် စစ်ပွဲကနေ ဘော်လကန်ဒေသ မတည်မငြိမ်မှု၊ ဆိုက်ဘာတိုက်ခိုက်မှု၊ အာကာသကို စစ်အင်အားပြင်တာနဲ့ အင်အား ကြီးလာတဲ့တရုတ်နိုင်ငံ စစ်အင်အားတွေနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ပထမဆုံးအနေနဲ့ ဒီထိပ်သီးဆွေးနွေးပွဲကနေ နေတိုးအဖွဲ့ လုံခြုံရေး၊ အကျိုးစီးပွားနဲ့ တန်ဖိုးတွေကို တရုတ်နိုင်ငံကခြိမ်းခြောက်နေတာတွေကိုကိုင်တွယ် ဖြေရှင်းသွားမယ်လို့ မစ္စတာယန်စတိုလ်တန်ဘာ့က်က ပြောပါတယ်။

အောက်က အချက်တွေကတော့ ဒီတပတ် မက်ဒရစ်ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးဖို့ ဖြစ်လာနိုင်တဲ့ ကိစ္စတွေပါ။

(၁) ယူကရိန်းစစ်ပွဲ ပိုကြီးထွားလာမှာကို ရှောင်ရှားခြင်း

နေတိုးအဖွဲ့က သူတို့လုပ်ရမယ့်ကိစ္စတွေကို ဟန်ချက်ညီညီ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ နျူကလီးယားလက်နက်တွေပိုင်ဆိုင်တဲ့ သုံးနိုင်ငံ (အမေရိကန်၊ ယူကေနှင့် ပြင်သစ်)ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိတဲ့ ကမ္ဘာ့အင်အားကြီး စစ်ရေးမဟာမိတ်အဖွဲ့နေတိုးက လက်တွေ့မှာ ရုရှားနဲ့ စစ်ဖြစ်ချင်တာတော့ မဟုတ်ပါဘူး။

ရုရှားသမ္မတပူတင်က သူ့မှာ အင်အားကြီးမားတဲ့ နျူလက်နက်တွေ ပိုင်ဆိုင်ထားတယ် ပြီးတော့ နယ်စပ်ဖြတ်ကျော် အသေးစားတိုက်ပွဲလေးတစ်ခုကနေတောင်မှ ထိန်းချုပ်လို့မရနိုင်တဲ့ စစ်ပွဲကြီးအထိအရှိန် မြင့်တက်သွားနိုင်တယ်လို့ အနောက်နိုင်ငံတွေကို ထပ်ခါတလဲလဲ သတိပေးနေပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့လေးလအတွင်းမှာရှိခဲ့တဲ့ အကြီးမားဆုံးစိန်ခေါ်မှုက အခုအချိန်ထိရှိနေဆဲ ဖြစ်ပါတယ်။ နေတိုးအဖွဲ့အနေနဲ့ တိုက်ပွဲမှာ ကိုယ်တိုင်မပါဝင်ဘဲ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်နေတဲ့ယူကရိန်းကို ဘယ်လိုထိထိရောက်ရောက်အကူအညီပေးမလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ စက်ဆုပ်ဖွယ် အသေးစိတ်အချက်အလက်တွေ ဂြိုဟ်တုပုံတွေအရ သိလာရပြီးနောက် အရင်က အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်ကြီးတွေပို့ရင် ရုရှားကို စိတ်မပျက်စေချင်လို့ လက်ရှောင်ခဲ့တာမျိုး မလုပ်တော့ပါဘူး။

နေတိုးအဖွဲ့၀င်နိုင်ငံတွေက ယူကရိန်းကို အကူအညီပေးမယ့် စစ်ရေးအကူအညီအတိုင်းအတာနဲ့ ဘယ်လောက်ကြာကြာ ပံ့ပိုးပေးမလဲဆိုတဲ့အချက်ကိုလည်း ဒီမက်ဒရစ် ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးရဖို့ရှိပါတယ်။

အခုအချိန်မှာ ရုရှားက ယူကရိန်းအရှေ့ပိုင်း ရုရှားစကားပြောဒေသ ဒွန်ဘာ့စ်မှာ နိုင်ပွဲတွေရနေပေမယ့် သေကြေပျက်စီးပျက်စီးမှုတွေကလည်း ကြီးကြီးမားမားရှိနေပါတယ်။

အဲ့ဒီကနေဖြစ်လာနိုင်တာတွေကတော့ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က ရုရှားကသိမ်းပိုက်ခဲ့တဲ့လမ်းကြောင်းအတိုင်း နယ်မြေချဲ့ထွင်မှု တဖြည်းဖြည်း လုပ်လာနိုင်တာပါ။

ပြီးတော့ ရုရှားနဲ့ ငြိမ်းချမ်းရေးစာချုပ်မချုပ်နိုင်ခဲ့ရင် နေတိုးအဖွဲ့အနေနဲ့ နောက်ပိုင်းမှာ အကျပ်ရိုက်မှုအသစ်တွေနဲ့ ကြုံလာရဖို့ရှိပါတယ်။ ရုရှားက သူ့ရဲ့ တရားဝင်နယ်မြေအစိတ်အပိုင်းအဖြစ်ယူဆနေပြီး ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းတွေကို ဆက်ပြီး လက်နက်ဆက်တပ်ဆင်ပေးဦးမှာလား။

ရုရှားကို တိုက်ခိုက်တဲ့ အနောက်တိုင်းလက်နက်တွေက သူတို့သတ်မှတ်ထားတဲ့ အနီရောင်မျဉ်းကိုဖြတ်ပြီး ရုရှားမြေပေါ်ထဲကျလာခဲ့ရင် မထင်မှတ်တဲ့အန္တရာယ်တွေနဲ့ ကြုံသွားရမယ်လို့ ရုရှားအစိုးရက ထောက်ပြ သတိပေးနေပါတယ်။

(၂) ယူကရိန်းအရေးကိုအကြောင်းပြု စည်းလုံးညီညွတ်မှုရယူ

တကယ်လို့ ရုရှားက ဒွန်ဘတ်စ်ဒေသကိုပဲတိုက်ခိုက်ပြီး ယူကရိန်းတစ်ခုလုံးကို ဘက်သုံးဘက်က အခုလိုမကျူးကျော်ခဲ့ဘူးဆိုရင် အနောက်အုပ်စုရဲ့ တုံ့ပြန်မှုမှာ ဒီလို ထူးထူးခြားခြား စည်းလုံး ညီညွတ်တာမျိုးကို တွေ့နိုင်မှာမဟုတ်ပါဘူး။

ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှု ခြောက်ကြိမ်က ရုရှားနိုင်ငံစီးပွားရေးကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပြီး၊ ဂျာမနီက သူတို့နိုင်ငံမြောက်ပိုင်းကို ရုရှားဓာတ် ငွေ့တွေပို့ပေးနေတဲ့ ဘီလျံပေါင်းများစွာတန်တဲ့ Nord Stream 2 ဓာတ်ငွေ့ ပိုက်လိုင်းကို ပိတ်ထားလိုက်ပါပြီ။

ဒါပေမဲ့ ရုရှားကို ဘယ်လောက်အထိဒဏ်ခတ်မယ်၊ အဲ့ဒီဒဏ်ခတ်မှုကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဘယ်လောက်ထိ ထိခိုက်သွားမယ် ဆိုတာတွေနဲ့ပတ်သက်ပြီး အနောက်မဟာမိတ်နိုင်ငံတွေကြားမှာ ကွဲလွဲမှုရှိပါတယ်။

ဒီအချက်တွေက မက်ဒရစ်ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ ဖြစ်လာနိုင်ပါတယ်။ ဂျာမနီက ပေးမယ်လို့ ကတိပေးထားတဲ့ လက်နက်တွေပေးပို့ဖို့ နှေးကွေးနေတယ်လို့ စွပ်စွဲခံနေရပြီး တစ်ဖက်မှာလည်း ရုရှားသမ္မတပူတင်နဲ့နီးစပ်တဲ့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ဟန်ဂေရီကတော့ ရုရှားဆီက ရေနံဆက်မဝယ်ရဘူးဆိုတာကို ငြင်းဆန်နေပါတယ်။

ရုရှားနိုင်ငံရဲ့ အခြိမ်းအခြောက်ခံရဆုံးနိုင်ငံတွေထဲပါတဲ့ ပိုလန်နိုင်ငံနဲ့ ဘောလ်တစ်နိုင်ငံတွေကလည်း သူတို့နိုင်ငံရဲ့နယ်စပ်တွေမှာ နေတိုးတပ်တွေ ဖြစ်နိုင်သမျှ အင်အားအလုံးရင်းနဲ့လာချထားဖို့ ဖိအားပေး တောင်းဆိုနေပါတယ်။

(၃) ဘောလ်တစ်ဒေသ လုံခြုံရေး

ဘောလ်တစ်ဒေသဟာ နေတိုးနဲ့ရုရှားကြားမှာ အဓိကအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဥရောပသမဂ္ဂက ပိတ်ဆို့ထားတဲ့ ကုန်ပစ္စည်းအချို့ သူတို့နိုင်ငံကိုဖြတ်ပြီး ရုရှားရဲ့ဘောလ်တစ်ဒေသ ကလီနင်ဂရက်ဒေသကို သွားတဲ့လမ်းကြောင်းကို လစ်သူယေးနီးယားက ပိတ်ပစ်လိုက်တဲ့အတွက် "လက်တွေ့ ကျတဲ့ တန်ပြန်မှုတွေ"နဲ့ ကြုံရမယ်လို့ အခုလထဲမှာ ရုရှားက ခြိမ်းခြောက်ခဲ့ပါတယ် ။

ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ အက်စ်တိုးနီးယားနိုင်ငံ၀န်ကြီးချုပ် ကာဂျာကာလာ့စ်ကလည်း ရုရှားရဲ့နယ်စပ်ဖြတ်ကျော်ကျူးကျော်မှုနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တာတွေကို သေသေချာချာပြင်ဆင်မထားတဲ့ နေတိုးအဖွဲ့ ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

နေတိုးရဲ့ လက်ရှိဗျူဟာက ရုရှားကလာသိမ်းပြီးမှ အက်စ်တိုးနီးယားကို ပြန်သိမ်းဖို့ ကြိုးစားမယ့် သဘောဖြစ်နေတယ် "သူတို့က ကျွန်မတို့နိုင်ငံကို မြေပုံပေါ်က ပျောက်သွားအောင် ဖျောက်ပစ်နိုင်တယ်"လို့ လည်း သူက ပြောခဲ့ပါတယ်။

အက်စ်တိုးနီးယား၊လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေက တစ်ချိန်တုန်းက ဆိုဗီယက်နိုင်ငံရဲ့ အစိတ်အပိုင်းနိုင်ငံတွေဖြစ်ခဲ့ပါတယ်။ အခုကာလမှာတော့ အဲ့ဒီနိုင်ငံတွေက လွတ်လပ်တဲ့နိုင်ငံတွေဖြစ်နေပြီး နေတိုးအဖွဲ့ထဲမှာ ပါနေကြပါပြီ။

ပိုလန်နဲ့ အဲ့ဒီနိုင်ငံသုံးနိုင်ငံမှာ နေတိုးအဖွဲ့ရဲ့ နိုင်ငံစုံတပ်ဖွဲ့ လေးဖွဲ့တပ်စွဲထားပြီး၊ အဲ့ဒီတပ်ဖွဲ့တွေက နေတိုးအဖွဲ့ရဲ့ ရှေ့တန်းစခန်းတွေလို့ ပြောလို့ရပါတယ်။

ယူကေတပ်က အက်စ်တိုးနီးယား၊ အမေရိကန်တပ်က ပိုလန်မှာ၊ ဂျာမနီတပ်က လစ်သူယေးနီးယားမှာ၊ ကနေဒါတပ်က လတ်ဗီးယားမှာ ဦးဆောင်ပြီး ရှိပါတယ်။

ဒါပေမယ့် အဲ့ဒီနေတိုးတပ်တွေအနေအထားက အနာဂတ်မှာ ရုရှားက ကျူးကျော်မှုတွေထပ်လုပ်လာရင် နိုင်ငံနယ်နိမိတ်ထဲ၀င်မလာနိုင်အောင်လုပ်ထားတဲ့ အဆင့်ပဲရှိတယ်လို့ နေတိုးအဖွဲ့ရဲ့ စီမံကိန်းရေးဆွဲသူတွေက ကောင်းကောင်း ကောင်းသိနေပါတယ်။

ပြန်လည်ဖွဲ့စည်းထားတဲ့ ရုရှားစစ်တပ်ရဲ့ ကျုးကျော်မှုကို တားဆီးနိုင်ဖို့ဆိုရင် အဲ့ဒီမှာချထားတဲ့အင်အားက နည်းလွန်းပါတယ်။

အခုအချိန်မှာ ဘောလ်တစ်နိုင်ငံခေါင်းဆောင်တွေက သူတို့နိုင်ငံတစ်နိုင်ငံစီမှာ အနည်းဆုံး နေတိုးတပ်မတစ်ခု ချထားတာ လိုချင်နေကြတာပါ။ အဲ့ဒီကိစ္စက မက်ဒရစ်ထိပ်သီးဆွေးနွေးပွဲမှာ အပြင်းအထန် အချေအတင်ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်လာဖို့ ရှိပါတယ်။

(၄) ဖင်လန်နှင့် ဆွီဒင်ကို ပူးပေါင်းပါဝင်ခွင့်ပြုခြင်း

ရုရှားက အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို လုံးလုံးလျားလျား ကျူးကျော်ဝင်ရောက်တိုက်ခိုက်တာကို ဖင်လန်နှင့် ဆွီဒင် နှစ်နိုင်ငံစလုံးက အင်မတန် တုန်လှုပ်ခြောက်ခြားနေကြတာကြောင့် သူတို့ရဲ့ ကြားနေဝါဒကို စွန့်လွှတ်ပြီး နေတိုးအဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

နေတိုးအဖွဲ့က သူတို့ကို လက်ကမ်းကြိုဆိုပေမယ့် အဖွဲ့ဝင်ဖြစ်ဖို့ကိစ္စက သိပ်မလွယ်ပါဘူး။ သူတို့ကို တူရကီက မကြည်ဖြူပါဘူး။ ၁၉၅၂ ခုနှစ် ကတည်းက အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့ တူရကီနိုင်ငံက အကြမ်းဖက်သမားတွေလို့ တူရကီတို့က ယူဆထားတဲ့ ကာ့ဒ်ခွဲထွက်ရေးသမားတွေကို အဲ့ဒီနောဒစ်နိုင်ငံနှစ်နိုင်ငံက ခိုလှုံနေထိုင်ခွင့်ပေးထားတာကို မကျေမနပ်ဖြစ်ပြီး အဖွဲ့၀င်အသစ်အဖြစ် လက်ခံဖို့ ကန့်ကွက်နေပါတယ်။

ဒါပေမယ့် ဖင်လန်နဲ့ ဆွီဒင်တို့ဟာ နေတိုးအဖွဲ့ အတွက် အလွန်အရေးပါတာကြောင့် တူရကီရဲ့ ကန့်ကွက်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာ ကြိုးပမ်းကြမှာဖြစ်ပါတယ်။

(နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ဒီကိစ္စကို တူရကီကသဘောတူလိုက်တဲ့ အတွက် ဆွီဒင်နဲ့ ဖင်လန်တို့ နေတိုးအဖွဲ့ဝင်သစ်ဖြစ်လာမယ့်ကိစ္စ အဆင်ပြေသွားပါပြီ။)

သူတို့နှစ်နိုင်ငံ နေတိုးအဖွဲ့၀င်ဖြစ်လာရင် အဖွဲ့ဝင်ရှစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဘောလ်တစ်ပင်လယ်ပြင်ဟာ"နေတိုးအဖွဲ့ပိုင် ရေပြင်ကျယ်ကြီး" သဘောမျိုးဖြစ်လာမှာ ဖြစ်ပြီး နောက်ဆုံးမှာ ပူးတွဲလေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ပေါင်းစပ်ဒုံး ကျည်စနစ်တွေလည်း လုပ်လာနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီကနေ အရှေ့ကိုမျှော်ကြည့်လိုက်ရင် နေတိုးအဖွဲ့အနေနဲ့ ဂျော်ဂျီယာနှင့် မော်လ်ဒိုဗာတို့လိုနိုင်ငံတွေကိုလည်း အဖွဲ့ဝင်နိုင်ငံသစ်တွေအဖြစ်လက်ခံဖို့ ရှိမရှိ ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

(၅) ကာကွယ်ရေးအသုံးစရိတ်တိုးဖို့ အရေးတကြီးလိုအပ်

လက်ရှိမှာ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးက သူတို့နိုင်ငံတွေရဲ့ နှစ်စဉ်ဂျီဒီပီ ၂% ကို ကာကွယ်ရေးအသုံးစရိတ်လုပ်ဖို့ လိုအပ်နေပေမယ့် နိုင်ငံအားလုံးက လိုက်လုပ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI)က မကြာသေးမီကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရဆိုရင် အမေရိကန်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ် ၃.၅% ၊ ဗြိတိန်က ၂.၂%၊ ဂျာမနီက ၁.၃% သာ သုံးစွဲခဲ့ကြပါတယ်။ အီတလီ၊ ကနေဒါ၊ စပိန်နှင့် နယ်သာလန်တို့က သတ်မှတ်ထားတဲ့ ၂% အောက်မှာ ရောက်နေပါတယ်။ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကတော့ သူနိုင်ငံရဲ့ ဂျီဒီပီ ၄.၁% တောင်ရှိပါတယ်။

တခြားအဖွဲ့ဝင်နိုင်ငံတွေက သူတို့ထည့်၀င်ရမယ့် ကာကွယ်ရေးအသုံးစရိတ် အချိုးအစားကို ညီညီမျှမျှမထည့်ဝင်ကြဘူးဆိုရင် နေတိုးအဖွဲ့ကနေ အမေရိကန် ထွက်မယ်လို့တောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောခဲ့ဖူးတဲ့စကားက နာမည်ကြီးခဲ့ပါတယ်။

အဲ့ဒီပြောကြားမှုကနေ သက်ရောက်မှုအချို့ရှိလာခဲ့ပေမယ့် အခုယူကရိန်း ကျူးကျော်ခံရမှုက အဲ့ဒီထက် ပိုအကျိုးသက်ရောက် မှုရှိလာပါတယ်။

ယူကရိန်းကို ရုရှား စ၀င်တိုက်ပြီး သုံးရက်အကြာမှာတင် ဂျာမနီက ကာကွယ်ရေးအသုံးစရိတ်ကို နောက်ထပ် ယူရိုဘီလျံ ၁၀၀ တိုးမြှင့်လိုက်တဲ့အတွက် နောက်ဆုံးမှာ သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်က ၂% အထက်ကိုရောက်လာပါတယ်။

ဒီသီတင်းပတ်ထဲမှာလည်း နေတိုးအဖွဲ့ဝင် နိုင်ငံ ၃၀ ထဲက ၉ နိုင်ငံက ကာကွယ်ရေးအသုံးစရိတ် ၂% ရောက်အောင်တိုးမြှင့်မယ်လို့ကြေညာခဲ့ပြီး၊ ၁၉ နိုင်ငံက ၂၀၂၄ ခုနှစ်မှာ အဲ့ဒီရည်မှန်းချက်ရောက်အောင်လုပ်မယ်လို့ ပြောထားပါတယ်။

၂% ဆိုတဲ့ ကာကွယ်ရေးအသုံးစရိတ် ကိန်းဂဏန်းက များနေတာမဟုတ်ဘူး အနိမ့်ဆုံးလို့ သဘောထားသင့်တယ်လို့ ယန်စ်စတိုလ်တန်ဘာ့ါဂ်က ပြောပါတယ်။

ရုရှားရဲ့ နောက်ထပ်ရန်လိုတိုက်ခိုက်လာမှုတွေကို ဟန့်တားဖို့ဆိုရင် ကာကွယ်ရေး အသုံးစရိတ်ကို မဖြစ်မနေအရေးပေါ်တိုးမြှင့်ဖို့လိုတယ်လို့ အနောက်နိုင်ငံ စစ်ဘက်အကြီးအကဲတွေနဲ့ လေ့လာသုံးသပ်သူတွေက တညီတညွတ်တည်း တောင်းဆိုနေကြပါတယ်။

ဒါပေမယ့် လတ်တလောဆယ်စုနှစ်တွေအတွင်း ကာကွယ်ရေးအသုံးစရိတ်တွေ ဖြတ်တောက်နေမှုတွေက နေတိုးအဖွဲ့အနေနဲ့ ရုရှားရဲ့ အနာဂတ်ကျူးကျော်မှုကို တားဆီးဟန့်တားဖို့ လုံလောက်တဲ့ အင်အားရှိပါ့မလားဆိုတဲ့ မေးခွန်း ရှိနေပါတယ်။

ယူကေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မကြာခင်က တိုးမြှင့်ခဲ့ပေမယ့်လည်း ဝယ်ယူရေးမှာ အကြီးအကျယ် ဖြုန်းတီးမှုတွေရှိခဲ့ပါတယ်။

သင်တန်းသား တပ်သားတွေ အပါအဝင် ဗြိတိသျှစစ်တပ်ရဲ့ လက်ရှိစစ်အင်အားက တပ်ဖွဲ့ဝင် ၈၂,၀၀၀ ဆိုပေမဲ့ ဘတ်ဂျက် ဖြတ်တောက်မှုတွေလုပ်ခံရလို့ အင်အား ၇၂,၅၀၀ အထိ ကျသွားပါတယ်။

ပိုစိုးရိမ်စရာကောင်းတာက ရုရှားနှင့်တရုတ်နှစ်နိုင်ငံစလုံးက ပစ်မှတ်ဆီကို အသံထက်ငါးဆပိုမြန်ပြီး ပျံသန်းလမ်းကြောင်း ခြေရာမခံနိုင်တဲ့ ဒုံးကျည်တွေ တီထွင်ထုတ်လုပ်မှုမှာ အနောက်နိုင်ငံတွေရဲ့ ရှေ့ကို ရောက်နေတာပါ။

အခုကိစ္စတွေကြုံနေရတဲ့အချိန်မှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အစားအသောက်နဲ့ လောင်စာဆီ စျေးနှုန်းတွေက ရုတ်တရက်မြင့်တက်လာသလို ကိုဗစ်ကပ်ရောဂါနဲ့လလည်းကြုံခဲ့ရတာကြောင့် နိုင်ငံအများစုရဲ့ အသုံးစရိတ်အခြေအနေက အကျပ်အတည်းဆိုက်နေပါတယ်။

အစိုးရအသုံးစရိတ်ကို အရေးကြီးတဲ့အခြားကိစ္စတွေမှာသုံးစွဲဖို့ တောင်းဆိုမှုတွေကလည်း အများကြီးရှိနေတဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်လိုက်ရင် ပြည်တွင်းမှာ ကန့်ကွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ နေတိုးအဖွဲ့အနေနဲ့ သူတို့အဖွဲ့ရဲ့လုံခြုံရေးကို အခုအချိန်မှာ အားကောင်းအောင် မလုပ်ထားရင် အနာဂတ်မှာ ရုရှားရဲ့ ကျူးကျော်ရန်စမှုကိုရင်ဆိုင်ရမယ့် ကုန်ကျစရိတ်က အဆမတန်ပိုကြီးလာဖို့ရှိတယ်လို့ စစ်ဘက်အကြီးအကဲတွေက သတိပေးထားပါတယ်။