ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ပွဲအတွင်းက သားဖွားဆရာမတစ်ဦး ကြုံရတဲ့ ဘဝ
"စစ်ပွဲဇုန်လို ရှုပ်ထွေးလွန်းတဲ့ နေရာတစ်နေရာကိုသွား အလုပ်လုပ် အဲ့ဒီမှာ အလုပ်နည်းနည်းလုပ်ပြီးပြန်လာရင် တစ်နည်းတစ်ဖုံနဲ့ စိတ်ကျေနပ်မှုရ နောက်ပြီးတော့ ပျော်ရွှင်ရွှင်နဲ့ နေသွားရလိမ့်မယ်လို့ အရင်က ကျွန်မ တကယ်တွေးမိခဲ့တာပါ” လို့ အန်နာကန့်က ပြောပါတယ်။
ဒါပေမဲ့ သားဖွားဆရာမတစ်ယောက်ကြုံရတဲ့ဘဝက သူတွေးထင်ထားတာနဲ့ လက်တွေ့မှာ တစ်ခြားစီပါ။ အန်နာဟာ စစ်ဖြစ်နေတဲ့ ဒေသတွေ၊ ကြီးကြီးမားမား ကပ်ဘေးတွေအကြီးအကျယ်ကျခဲ့တဲ့နေရာတွေနဲ့ ဒုက္ခသည်စခန်းတွေကိုသွားပြီး ကလေးတွေအများကြီး မွေးပေးခဲ့ပါတယ်။
အန်နာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်း၊ ယူကေအမျိုးသားကျန်းမာရေးဝန်ဆောင်မှု(NHS)ဌာနရဲ့ သူနာပြုဆရာမနဲ့ သားဖွားဆရာမ တစ်ယောက်ပါ။
အမျိုးသမီးငယ်တစ်ဦးအနေနဲ့ သူ့ရဲ့ အသက်မွေးကြောင်းမှုဘဝကို တည်ငြိမ် ကောင်းမွန်တဲ့အလုပ်နဲ့ စပြီး၊ အိမ်ထောင်ပြုသားမွေး ရေရှည်အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီး "သမားရိုးကျ" ဘဝနဲ့ နေထိုင်သွားဖို့ သူရည်မှန်းခဲ့ပါတယ်။
အန်နာ အသက်၂၆နှစ်မှာ (MSF)လို့ လူသိများတဲ့ နယ်စည်းမခြားဆရာဝန်များ အဖွဲ့ကို ဝင်ရောက်ပူးပေါင်းခဲ့ပါတယ်။
သူ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို မကြာခင်က ထုတ်ဝေခဲ့ပြီး ဘီဘီစီရဲ့ Outlook ရေဒီယိုအစီအစဉ်မှာလည်း သူကြုံခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်းကို ပြောပြခဲ့ပါတယ်။
အသည်းအသန်ဖြစ်နေတဲ့ လူနာ
“ကိုယ်ဝန်လွယ်ထားရတာ အသက်အန္တရာယ်ရှိတယ်။ သားဖွားဆရာမ မရှိရင် အမျိုးသမီးတွေ အသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့ အမြင်တွေကို နိုင်ငံရပ်ခြားမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံကနေ ရခဲ့တယ်လို့ထင်တယ်“လို့ ဘီဘီစီကို အန်နာက ပြောပြပါတယ်။
၂၀၀၇ ခုနှစ်မှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့က သူ့ကို နောက်ပိုင်းမှာ တောင်ဆူဒန်နိုင်ငံဖြစ်လာမယ့်နေရာ အာဖရိကတိုက်က နေရာတစ်ခုကို စေလွှတ်ခဲ့ပါတယ်။
အဲ့ဒီကိုသွားတုန်းက ကုန်တင်လေယာဥ်ပေါ်မှာ 'Aid Worker' စာတန်းပါတဲ့ တီရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး စိတ်ကလည်း တက်ကြွလှုပ်ရှားနေပါတယ်။
အဝတ်တွေနဲ့ ထုပ်ထားတဲ့ လူနာတစ်ယောက်ကို တင်ထားတဲ့ ထမ်းစင်တစ်ခု အန်နာစီးလာတဲ့ လေယာဥ်ရဲ့ ကြမ်းပြင်ပေါ် သူ့ဘေးကို ရောက်လာတဲ့ အချိန်မှာတော့ ကြည်နူးပျော်ရွှင်နေတဲ့ သူ့ ရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ ခံစားချက်တွေ ပျောက်ကုန်ပါတယ်။
“အခုလို လူနာတစ်ယောက် ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရတာ မမြင်ဖူးဘူး ၊ လေ့ကျင့်သင်ကြားထားတဲ့ သားဖွားဆရာမ တစ်ယောက်မရှိလို့ အဲ့ဒီအမျိုးသမီးရဲ့ကလေး ဗိုက်ထဲမှာသေသွားတယ်။” ဗိုက်ထဲမှာ ကလေးသေသွားတဲ့ အတွက် ကလေးအမေမှာလည်း အူမကြီးပေါက်ပြဲတဲ့ ဒဏ်ရာနဲ့ အတွင်းဒဏ်ရာတွေရ သွားပါတယ်။
အဲ့လိုအခြေအနေမျိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ အန်နာ့မှာ လေ့ကျင့်ထားတာမရှိပါဘူး။ ကံကောင်းထောက်မလို့ လေယာဥ်မြေပေါ် ဆင်းသက်ပြီး သိပ်မကြာခင်မှာ အဲ့ဒီလူနာ အရေးပေါ် ခွဲစိတ်ခွင့် ရသွားပါတယ်။
နောက်တစ်နေ့မှာ အလုပ်လုပ်ရမယ့်နေရာကို အန်နာ ရောက်သွားပါတယ်။ပထဝီအနေအထားအရ အဲ့ဒီနေရာက ဘယ်လ်ဂျီယံ နိုင်ငံ အရွယ်အစားကျယ်ဝန်းပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံကလည်း တစ်ခုတည်းရှိပါတယ်။
လူ ထောင်နဲ့ချီကို ကုသပေးရ
ဆေးခန်းအဆောက်အဦးကို ရွှံ့၊ တုတ်တွေနဲ့ ဆောက်ထားပြီး အမိုးကို သက်ကယ် မိုးထားပါတယ်။ နေ့အပူချိန်ကတော့ ၅၀စင်တီဂရိတ်ထက်တောင် ကျော်ပါတယ်။
"ကျွန်မတို့မှာ ရေနဲ့လျှပ်စစ်မီး မရှိဘူး။ ဂြိုလ်တုဖုန်းကို အားသွင်းနိုင်တဲ့ ဆိုလာပြား တစ်ခုပဲရှိတယ်။"
ရောဂါမျိုးစုံဖြစ်နေတဲ့ လူနာတစ်ထောင်လောက်ကို လစဉ် ကုသပေးရပါတယ်။ အန်နာက ကလေးမွေးပေးတာ (အဲ့ဒီအချိန်က သူ့မှာတကယ့် သားဖွားသင်တန်း အတွေ့အကြုံမရှိသေးပါဘူး ) အဖျားပြင်းတာတွေနဲ့ အာဟာရချို့တဲ့တဲ့ကလေးတွေ၊ မြေမြှုပ်မိုင်းဒဏ်ရာရတဲ့သူတွေ ၊ ငှက်ဖျားဖျားတဲ့သူတွေနဲ့ အခြားကူး စက်ရောဂါ ဖြစ်နေတဲ့သူတွေကို ကုသပေးခဲ့ရပါတယ်။
မုန်တိုင်းထဲမှာ မွေးဖွားခြင်း
ကြုံတောင့်ကြုံခဲဖြစ်တဲ့ မိုးကြိုးမုန်တိုင်းတစ်ခုတိုက်နေတဲ့နေ့မှ မွေးလူနာတစ်ဦး ဆေးခန်းကိုရောက်လာပါတယ်။
"ကျွန်မတို့ အိမ်မှာလုပ်သလို သွေးတွင်းမှာရှိနေတဲ့ သကြားဓာတ်စစ်တာကို သေသေချာချာလုပ်ပါတယ်။ သူ့ သွေးတွင်းသကြားဓာတ်က အရမ်းကျနေတော့ သူ့အကြောထဲ ကို dextrose ဂလူးကို့စ် သွင်းပေးရပါ တယ်"
ကံကောင်းတော့ အဲ့ဒီလုပ်တဲ့ပုံစံက အောင်မြင်သွားပါတယ်။
"ဘေဘီ မို့စ်လေးကို မုန်တိုင်းထဲမှာ မွေးပေးခဲ့ရတာ။ ဒါကြောင့် အသက်ကယ်ဖို့ ကိစ္စမှာ ရှုပ်ထွေးတဲ့ ဆေးဘက်ဆိုင်ရာ ကုသမှုမျိုး အမြဲ မလိုအပ်ပါဘူး" လို့ အန်နာက သူကြုံခဲ့ရတာကို ရှင်းပြပါတယ်။
ကိုယ်ရေးကိုယ်တာ ကျန်းမာရေးပြဿနာတွေ
အန်နာ အဲ့ဒီအလုပ်ကို တစ်ရက်ကို နှစ်ဆယ့်လေးနာရီနဲ့ သုံးလဆက်တိုက် လုပ်ခဲ့ရပါတယ်။
"ကျွန်မ ရာသီလာတာတောင် ၁၈လလောက် ရပ်သွားတယ်၊ ဆံပင်တွေ ကျွတ်ကုန် တယ်၊ ကိုယ်အလေးချိန်လည်း ကျသွားတယ်"
ယူကေကို ပြန်ရောက်လာတဲ့အချိန်မှာ သူ့ ချစ်သူနဲ့ ပြန်အဆက်သွယ်ရဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကြားက အချစ်ရေးဇာတ်လမ်း အဆုံးသတ်သွားပါတယ်။
အဲ့ဒီနောက် သားဖွားဆရာမတစ်ဦးအဖြစ် လေ့ကျင့်သင်ကြားဖို့ သူ ဆုံးဖြတ်ခဲ့ပြီး အလုပ်အတွက် အာရုံစိုက်ခဲ့ပါတယ်။
အဲ့ဒီနောက် ငလျင်ဘေးကနေ အသက်ရှင်ကျန်ခဲ့သူတွေကို ကူညီဖို့ ဟေတီကို သူ သွားခဲ့ပါတယ်။ အဲဒီကနေ ရိုဟင်ဂျာဒုက္ခသည် ၃၀၀၀၀ လောက်ရှိတဲ့ ကူတုပလောင်စခန်းမှာ အလုပ်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူးခဲ့ပါတယ်။
ကလေးအသေမွေးပေးရတဲ့ အတွေ့အကြုံ
အန်နာကို ဒုက္ခသည်စခန်းထဲက ဆေးရုံမှာ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့ တာဝန်ပေးထားပြီး၊ သူနဲ့ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် လုပ်ဖော်ကိုင်ဖက်တွေက ကလေးမွေးဖွားပေးတာတွေ လုပ်ပေးခဲ့ကြပါတယ်။ အဲ့ဒီမှာလည်း သူ့အတွက် စိတ်မချမ်းမြေ့စရာ အတွေ့အကြုံတွေနဲ့ ကြုံခဲ့ရပါတယ်။
အဲ့ဒီ အတွေ့အကြုံတွေထဲမှာ ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသက်ကို ကယ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာလည်းပါပါတယ်။
အန်နာ့ကို နှစ်ပေါင်းများစွာ ချောက်ချားစေမယ့် အဲ့ဒီ အတွေ့အကြုံက သေနေတဲ့ ကလေးလေးကို ဗိုက်ထဲက မွေးထုတ်ပေးခဲ့ရတာပါ။
"ကလေးပျက်ကျသွားတဲ့ မာယာ လို့ခေါ်တဲ့ အမျိုးသမီးကို မွေးပေးရတာပါ ။ပျက်ကျသွားတဲ့ကလေးက (မာယာ့ဗိုက်ထဲမှာ) ဆက်ရှိနေတာကြောင့် အဲ့ဒီကလေးကို မွေးထုတ်နိုင်ဖို့ သူ့ရဲ့ ဦးခေါင်းအရွယ်အစား သေးကျုံ့သွားအောင် လုပ်ရပါတယ်။ အဲ့ဒါက ကလေးအသေမွေးထုတ်ရတဲ့ လမ်းငန်းစဥ်တစ်ခုပါ။ “
“ကမ္ဘာပေါ်က ဘယ်အမျိုးသမီးမှ ဒီလိုအတွေ့အကြုံမျိုး ထပ်မကြုံရပါစေနဲ့ ကျွန်မမျှော်လင့်ပါတယ်။ ဒါက ကြောက်စရာကောင်းပါတယ်။
"ဒါပေမဲ့ ဗိုက်ထဲမှာ ကလေး သေသွားပြီဆိုတော့ တခြားကျန်းမာရေးစောင့် ရှောက်မှုကို လက်လှမ်းမမီတဲ့ အခြေအနေမျိုးမှာ တစ်ခါတစ်လေ ဒါမျိုးလုပ်ဖို့ လိုအပ်ပါတယ်။"
တရားထိုင်ခြင်း
သူ့အလုပ်မှာ စိတ်ထိခိုက်စရာတွေများလာပြီး အလုပ်ဆက်လုပ်ဖို့ ခက်လာတဲ့အတွက် ယူကေက အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု NHS မှာ သားဖွားဆရာမလုပ်ဖို့ ယူကေကို ပြန်ဖို့ သူ ရွေးချယ်ခဲ့ပါတယ်။
ကျန်းမာတဲ့ကလေးတစ်ယောက်ကို မွေးပေးနိုင်ခဲ့ပြီးရင်တောင်မှာ ဝမ်းနည်းတဲ့ ခံစားချက်က သူ့မှာရှိနေပါသေးတယ်။အင်္ဂလန်နိုင်ငံက ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရတယ်ဆိုပေမယ့် ကူတုပလောင်စခန်းမှာတုန်းက ကလေး အသေမွေးပေးခဲ့ရတဲ့ အတွေ့အကြုံက သူ့ကို ပြန်အမှတ်ရ ရိုက်ခတ်နေဆဲပါ။
" ဒုက္ခသည်စခန်းက မီးခိုးနံ့တွေ ရနေသေးသလို ခံစားရတယ်။ သားဖွားခန်းအပြင်ဘက် ဝရန်တာက မိုးရွာနေတဲ့အသံကိုတောင် ကြားနေရတယ်။ ခံစားမှုက တစ်စက္ကန့် နှစ်စက္ကန့်လောက်ပဲဆိုပေမယ့် ကျွန်မအတွက်တော့ တကယ် လန့်စရာကောင်းတယ်။"
အဲ့ဒီနောက် ဗုဒ္ဓဘာသာ တရားစခန်းတစ်ခုကို သွားပြီ စိတ်ကုသမှု ကုထုံးကို စတင်ခံယူခဲ့ပါတယ်။
"အဲဒီခံစားနေရတဲ့ စိတ်တွေပျောက်သွားအောင် ဘယ်လိုကုစားရမလဲဆိုတာ လေ့လာသင် ယူခဲ့ရပါတယ်"
စိတ်ဒဏ်ရာခံစားနေရတာတွေ ပြန်ကောင်းလာပြီးနောက်မှာနေဖို့ လှေလေးတစ်စင်းဝယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သားဖွားဆရာမတွေကို တစ်လသင်တန်းပေးရမယ့် အလုပ်ကိုလျှောက်ခဲ့ပါတယ်။
မင်္ဂလာဆောင်တဲ့နေ့ ကိုယ်ဝန်ပျက်ကျ
အဲ့ဒီနောက် ဘင်္ဂလားဒေ့ရှ်မှာ အလီလို့ခေါ်တဲ့ ရေလွှာလျှောစီး နည်းပြဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး သိပ်မကြာခင်မှာပဲ အန်နာ ကိုယ်ဝန်ရသွားပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ အလျင်စလို စီစဉ်ခဲ့ရပေမယ့် သူ လက်ထပ်တဲ့နေ့မှာ ကိုယ်ဝန် ပျက်ကျခဲ့ပါတယ်။
အဲ့ဒီနောက် သူတို့ ဇနီးမောင်နှံမှာ နော်တင်ဟမ်က သူဝယ်ထားတဲ့ လှေပေါ်မှာပြန်နေကြပြီး အဲဒီမှာ ကိုယ်ဝန်ထပ်ရခဲ့ပါတယ်။
ငါးလကြာ ပုံမှန်စကင်န်လုပ်တာတွေလုပ်နေတဲ့အချိန်မှာ သူ့ရဲ့ သန္ဓေသားမှာ အလွန် ရှားရှားပါးပါးဖြစ်ခဲတဲ့ ကြီးထွားလာနေတဲ့ ဦးနှောက်အကျိတ် တစ်ခုရှိနေတာကို ဆရာဝန်တွေ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲ့ဒါကြောင့် သူ့ ကလေး အသက်ရှင်ဖို့ အခွင့်အလမ်း လုံးဝမရှိဘူးဆိုတာ အန်နာ သိခဲ့ရပြီး ကိုယ်ဝန်ခြောက်လမှာ သဘာဝအတိုင်း မွေးဖွားဖို့အတွက် စိတ် မချမ်းမြေ့စွာ ဆုံးဖြတ်ခဲ့ရပါတယ်။
သူ့ကို သူနာပြုဆရာမတွေနဲ့ သားဖွားဆရာမတွေက ပြုစုစောင့်ရှောက်ခဲ့ကြပြီး ဖာတီမလို့ အမည်ပေးထားတဲ့ ကလေးမလေးကို မွေးဖွားခဲ့ပါတယ်။
“ကျွန်မ မြင်ဖူးသမျှထဲမှာတော့ သူက အချောဆုံး ကလေးပဲ။ သူ့ကို ကျွန်မ ရင်ဘတ်ပေါ်မှာ တစ်နာရီလောက် တင်ပြီး သိပ်ခွင့်ရခဲ့ရတယ်။ခံစားနာကျင်ခဲ့ရတဲ့ အရိပ်အယောင်မျိုးတွေ သူ့မှာ မတွေ့ခဲ့ရတာအတွက် အမြဲကျေးဇူး တင်မိတယ် “
ပူဆွေးသောက
နိုင်ငံရပ်ခြားနဲ့ ယူကေမှာ အလုပ်လုပ်ရင်း ကလေးမွေးပေးတာတွေမှာ ကြေကွဲ စရာဖြစ်ရပ်မျိုးစုံနဲ့ ကြုံခဲ့ရတဲ့ အန်နာဟာ သူ့ကလေး သေဆုံးခဲ့ရတာအတွက်လည်း ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။
အန်နာနဲ့အလီတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်ထွက်လာကြပါတယ်။
အဲ့ဒီမှာ အချိန်တိုတိုလေးအတွင်း ကိုယ်ဝန်ထပ်ရခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့ အိုင်ရှာလို့ ခေါ်တဲ့ ကလေးမလေးကို ကျန်းကျန်းမာမာနဲ့ မွေးနိုင်ခဲ့ပါတယ်။
သူ့သမီးလေး အိုင်ရှာရဲ့ အသက်က ၅နှစ်ရှိသွားပါပြီ။အလီနဲ့ အန်နာတို့ လမ်းခွဲလိုက်ပြီး အခုအချိန်မှာ အိုင်ရှာလေးကို အန်နာတစ်ဦးတည်းကပဲ ပြုစုစောင့်ရှောက်နေပါတယ်။
"ကျွန်မသမီးအနေနဲ့ ဘယ်လိုဘဝမျိုးကို ရွေးချယ်ရွေးချယ် ကမ္ဘာကြီးရဲ့ ဖိစီးမှုဒဏ်တွေကို တော့ ကျွန်မ ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ ဆွေးနွေးမှုတွေကိုတော့ သူနဲ့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ကလေးမီးဖွားမှုနဲ့ဆက်စပ်ပြီးသေဆုံးသူ တစ်ရက်မှာ ရှစ်ရာရှိ
အန်နာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုမျိုးတွေက ဆက်ရှိနေဆဲပါ။
ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန်ဆောင်တာနဲ့ ဆက်နွှယ်တဲ့ ရောဂါတွေနဲ့ နေ့စဉ် အမျိုးသမီး ၈၀၀ကျော် သေဆုံးနေရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
စစ်ပွဲနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေမှာ ကလေးမွေးတာက မိခင်တွေအတွက်ပို အန္တရာယ်ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာမှုတစ်ခုအရဆိုရင် ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေမှာ မိခင်သေဆုံးနှုန်းက မိခင် ၅၄၀၀မှာ တစ်ဦးပဲရှိပေမဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ သေနှုန်းက အဲ့ဒီထက် အဆ ၁၂၀ ပိုများပြီး၊ မိခင်၄၅ဦးမှာ ၁ ဦးနှုန်း ရှိပါတယ်။