ထိုင်းမှာ ဆေးခြောက်ကို တရားဝင်စိုက်ပျိုး ကုန်သွယ်ခွင့်ပြုပြီ

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာတော့ ဆေးခြောက်ကို တားမြစ်ကန့်သတ်ထားတဲ့မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ပြီး တရားဝင်စိုက်ပျိုးခွင့်နဲ့ ကုန်သွယ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးခြောက်ကို အပန်းဖြေစရာအဖြစ် အသုံးပြုတာကိုတော့ တားမြစ်ထားပါတယ်။

ဒါ့ကြောင့် ထိုင်းဟာ အရှေ့တောင်အာရှမှာ ဆေးခြောက်တရားဝင် စိုက်ပျိုး ကုန်သွယ်ခွင့်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။

ထိုင်းအစိုးရဟာ ဒေသတွင်း ဆေးခြောက်ကုန်သွယ်မှုကနေတဆင့် စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း တိုးလာဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

'' နိုင်ငံတော်ရော၊ လူထုပါ ဆေးခြောက်နဲ့ ဆေးခြောက်ပင်ကနေ ဝင်ငွေရှာဖို့ အခွင့်အလမ်းပါပဲ''လို့ ထိုင်းကျန်းမာရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ Anutin Charnvirakul က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ပြီးခဲ့တဲ့လတုန်းက ရေးသားထားပါတယ်။

အခုတော့ ဆေးခြောက်စိုက်ပျိုးရေးကို အားပေးဖို့ ထိုင်းအာဏာပိုင်တွေက နိုင်ငံသားတွေကို ဆေးခြောက်ပင်အစေ့ တစ်သန်းကို ဖြန့်ဝေပေးနေပါတယ်။

ဒီနေ့ကစပြီး အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်မယ်ဆိုရင် ထိုင်းအိမ်ထောင် တစ်အိမ်ထောင်ကို ဆေးခြောက်ပင်အိုး ၆ အိုး အထိ စိုက်ပျိုးနိုင်မှာ ဖြစ်ပြီး ကုမ္ပဏီတွေဆိုရင်လည်း စိုက်ခင်းနဲ့ စိုက်ပျိုးတဲ့အထိ စိုက်နိုင်မှာဖြစ်ပါတယ်။

စားသောက်ဆိုင်တွေအနေနဲ့လည်း ဆေးတက်အထိမပါဝင်တဲ့ဆေးခြောက်ထည့်ချက်တဲ့ ဟင်းတွေကို တည်ခင်း ရောင်းချခွင့်ပေးနိုင်တော့မှာဖြစ်ပါတယ်။

အခုဆို ထိုင်းနိုင်ငံတဝန်းက ဆေးခန်းတွေဟာ ဆေးခြောက်ကို ကုသမှုအတွက် လွတ်လွတ်လပ်လပ် ဆေးပေးနိုင်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးအတွက်အသုံးပြုဖို့ ၂၀၁၈ ခုနှစ်မှာ အာရှမှာ ပထမဆုံး ခွင့်ပြုခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးခြောက်ကို တစ်ကိုယ်ရည်အသုံးပြုတာကတော့ ထိုင်းနိုင်ငံထဲမှာ တရားဝင် ခွင့်မပြုသေးပါဘူး။

ထိုင်းအရာရှိတွေကတော့ လူမြင်ကွင်းမှာ ဆေးခြောက်ကို ဆေးလိပ်လိုသောက်တာဟာ လူထုအတွက် ကသိကအောက်ဖြစ်စရာလို့ ယူဆတာကြောင့် အဲဒီလိုအသုံးပြုမယ်ဆိုရင် ဖမ်းဆီးခံရနိုင်တယ်လို့ လူထုကို သတိပေးထားပါတယ်။

တစ်ဖက်မှာလည်း ထိုင်းအစိုးရဟာ ဆေးခြောက်နဲ့ဆက်စပ်တဲ့ပြစ်မှုကျူးထားတဲ့ အကျဥ်းသား လေးထောင်နီးပါးကို လွှတ်ပေးဖို့ ပြင်နေပါတယ်။

အပူပိုင်းရာသီဥတု တနှစ်နီးပါး ရှိတဲ့ ထိုင်းနိုင်ငံဟာ ရိုးရာဆေးဝါးတွေမှာ ဆေးခြောက်ကို ထည့်သွင်းအသုံးပြုတဲ့သမိုင်းကြောင်းရှိပါတယ်။

လက်ရှိမှာ ဆေးခြောက်ထိန်းချုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်မယ့် ဥပဒေမူကြမ်းတစ်ရပ်ကို ဖော်ဆောင်ဖို့ ထိုင်းလွှတ်တော်က စဥ်းစားသုံးသပ်နေပြီဖြစ်ပါတယ်။ ဆေးခြောက်အသုံးပြုမှုအရေး ပညာပေးလှုပ်ရှားသူတွေကတော့ လာမယ့်နှစ်တွေအတွင်းမှာ ဆေးခြောက်အသုံးပြုမှုနဲ့ပတ်သက်ပြီး စည်းကမ်းတွေ ဖြေလျော့လာနိုင်ချေရှိတယ်လို့ ယုံကြည်နေကြပါတယ်။