ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုံးကျည်တွေ တစ်ပြိုင်နက်ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်စနစ် ယူကရိန်းကို ယူကေ အကူအညီပေးဖို့ရှိ
ရုရှားက အနောက်နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ကြားကပဲ ယူကေက သူတို့ရဲ့ တာဝေးပစ် ဒုံးကျည်တွေကို ယူကရိန်းကို ပထမဆုံးအကြိမ်အဖြစ် ပေးပို့သွားမယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
သူတို့အကူအညီပေးမယ့် ဒုံးကျည်တွေအများကြီး တပြိုင်တည်း ပစ်နိုင်တဲ့ M270 ဒုံးကျည်စနစ်ဟာ ယူကရိန်းနိုင်ငံကို ရုရှားရန်က ခုခံကာကွယ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ယူကေကာကွယ်ရေးဝန်ကြီးက ဘန်ဝေါလေ့ စ်က ဆိုပါတယ်။
လက်နက်အရေအတွက် ဘယ်လောက်ပို့ပေးမယ်ဆိုတာကိုတော့ ယူကေအစိုးရက အတည်မပြုပေမဲ့ ကနဦးမှာ သုံးခုဖြစ်လိမ့်မယ်ဆိုတာကိုတော့ ဘီဘီစီက သိထားပါတယ်။
အမေရိကန်က ယူကရိန်းကို ဒုံးကျည်စနစ်တစ်ခု ထောက်ပံ့အကူအညီပေးမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီးနောက်မှာ ယူကေရဲ့ အခုဆုံးဖြတ်ချက် ဆက်ထွက်လာတာပါ။
M142 အလွယ်တကူ ရွေ့လျားဒုံးကျည်ပစ်တဲ့ စနစ် (HIMARS)ကို ယူကရိန်းကို ပို့ပေးမယ်လို့ ပြောတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်ဟာ ရုရှားအစိုးရကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းမှာ ရုရှားကတိုက်ခိုက်မယ့် နေရာတွေကို တိုးချဲ့သွား မယ်လို့ တနင်္ဂနွေနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
အခုပေးမယ့် ဒုံးပစ်လောင်ချာတွေကို ယူကရိန်းတပ်ဖွဲ့ဝင်တွေပစ်ခတ်အသုံးပြုတတ်အောင် ယူကေကို ခေါ်ပြီး သင်တန်းပေးမယ်လို့ ယူကေ အစိုးရက ပြောပါတယ်။
ယူကရိန်းကိုပို့ပေးမယ့် ဒုံးကျည်စနစ်ဟာ တစ်မိနစ်အတွင်း မြေပြင်ကနေ မြေပြင်ကို ဒုံးကျည် ၁၂ စင်း ပစ်လွှတ်နိုင်ပြီး မိုင် ၅၀ (ကီလိုမီတာ ၈၀) အတွင်းကပစ်မှတ်တွေကို တိတိကျကျ ထိအောင် ပစ်နိုင်ပါတယ်။ လက်ရှိ ယူကရိန်းက အမြောက်တပ်တွေရဲ့ပစ်ခတ်မှုထက် အဆပေါင်းများစွာ ပို တိကျတယ်လို့ သိရပါတယ်။
ယူကေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်ဖို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ အရေးကြီးတဲ့လက်နက်ထောက်ပံ့ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်လို့ မစ္စတာ ဝေါလေ့စ်ကပြောပြီး ရုရှားရဲ့ နည်းဗျူဟာတွေ ပြောင်းလဲလာတာနဲ့အမျှ ယူကရိန်းကို ပံ့ပိုးမှုတွေလုပ်ပေးတဲ့နေရာမှာလည်း လိုက်ပြောင်းလဲရမယ်လို့ သူကဆိုပါတယ်။
“ပူတင်ရဲ့ တပ်ဖွဲ့တွေ မြို့တွေကို ရက်ရက်စက်စက် တာဝေးပစ်အမြှောက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိလာနေတဲ့အမျှ အဲဒါတွေကို ကာကွယ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ယူကရိန်း မိတ်ဆွေတွေမှာ စွမ်းရည်မြင့် ဒုံးကျည်မျိုးစုံ ပစ်လွှတ်နိုင်တဲ့ စနစ်တွေရှိလာမှာပါ” လို့ ယူကေကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ယူကေနှင့် အမေရိကန်တို့က ယူကရိန်းကို လက်နက်တွေ ဦးဆောင်ထောက်ပံ့နေတာမှာ အခုလို အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေတပ်ဆင်ပေးတာကတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်တယ်လို့ ဘီဘီစီ ကာကွယ်ရေးသတင်းထောက် ဂျိုနသန်ဘီးလ်က ပြောပါတယ်။
ယူကရိန်းဟာ ရုရှားရဲ့ ကြီးမားတဲ့ အမြောက်လက်နက်တွေနဲ့တိုက်ခိုက်မှုတွေကို ခက်ခက်ခဲခဲ ခုခံနေရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလက်နက်ကြီးတွေ ထောက်ပံ့ပေးလာတာလည်းဖြစ်တယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။
ခုခံဖို့အတွက်ပဲ သုံးရမယ်
ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်က ယူကရိန်းကို ဒုံးကျည်အများကြီး တစ်ပြိုင်တည်း ပစ်နိုင်တဲ့ HIMARS အမျိုးအစား ဒုံးပစ်လောင်ချာ လေးစီး ထောက်ပံ့ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ယူကရိန်းဘက်ကလည်း အဲဒီဒုံးပျံတွေနဲ့ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကို တိုက်ခိုက်မှာ မဟုတ်ဘဲ ခံစစ်အတွက်ပဲ အသုံးပြုမှာဖြစ်တယ်လို့ အာမခံခဲ့ပါတယ်။ ယူကေရဲ့ M270 ဒုံးကျည်စနစ် အသုံးပြုရာမှာလည်း အလားတူ ကန့်သတ်ချက်မျိုးရှိပါတယ်။
ရုရှားအစိုးရပိုင် ရုပ်သံမှာ တနင်္ဂနွေနေ့ကဖော်ပြခဲ့တဲ့ မစ္စတာပူတင်ရဲ့ အင်တာဗျူးမှာ "ယေဘုယျအားဖြင့်တော့ နောက်ထပ် လက်နက်တွေ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်သဘောထားကို ပြောရရင် သူတို့ရည်ရွယ်ချက်က တစ်ခုတည်းပါ။ ဒီ လက်နက်ကိုင်ပဋိပက္ခကို ကြာနိုင်သမျှ ကြာအောင်ဆွဲဆန့်သွားချင်နေတာပါပဲ"လို့ ပြောခဲ့ပါတယ်။
တကယ်လို့ တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို ရောက်ရှိလာရင် သူ့နိုင်ငံအနေနဲ့ "သင့်လျော်သလို ကောက်ချက်ဆွဲပြီး" “ခုထိ မတိုက်ရသေးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်”လို့ ရုရှားသမ္မတက ပြောထားပါတယ်။ ။
သီတင်းပတ်များစွာအတွင်းမှာ တနင်္ဂနွေနေ့က ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ရဲ့ အစိတ်အပိုင်းတွေ ပထမဆုံး တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုတွေဖြစ်နေတာနဲ့ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသက အဓိက မြို့တွေနဲ့ မြို့ကြီးတွေကို ထိန်းချုပ်ဖို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အခုလို သတိပေးချက်ထွက်ပေါ်လာတာပါ။
ရုရှားဟာ ကိယက်ဗ်ဒေသက ဆုတ်ခွာခဲ့ပြီးနောက် မတ်လအကုန်မှာ ဒွန်ဘတ်စ်ဒေသကို အာရုံစိုက် တိုက်ခိုက်တာတွေ ပြန်လုပ်လာပါတယ်။
အပြင်းထန်ဆုံး ဖြစ်နေတဲ့တိုက်ပွဲအချို့ကတော့ အရှေ့ပိုင်း ဆက်ဗရာဒိုနက်စ်မြို့ Severodonetskမှာ ဖြစ်နေပါတယ်။
အဲဒီမြို့ သိမ်းပိုက်ခံရရင် လူဟန့်စ် Luhansk ဒေသဟာ ရုရှားတပ်ဖွဲ့တွေနဲ့ အဲဒီဒေသတွင်းက သူတို့ရဲ့မဟာမိတ်တွေလက်ထဲ ရောက်သွားမှာဖြစ်ပြီး ရုရှားရဲ့ မဟာမိတ်ခွဲထွက်ရေးသမားတွေက အိမ်နီးချင်း ဒွန်းညက်စ် Donetsk ဒေသ အစိတ်အပိုင်းတော်တော်များများကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီဒေသနှစ်ခုက ယူကရိန်းရဲ့ စက်မှုလုပ်ငန်းတွေ အများအပြားရှိရာ ဒွန့်ဘာ့စ်ဒေသကြီး ဖြစ်ပါတယ်။
အရှေ့ပိုင်း ဒွန်ဘာ့စ် ဒေသက Lysychansk မြို့နဲ့ Soledar မြို့က ရှေ့တန်းစခန်းတွေကို သူ သွားရောက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်စကီးက တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။
ယူကေက ယူကရိန်းကို Nlaw လို့ခေါ်တဲ့ မျိုးဆက်သစ် တင့်ဖျက်လက်နက် ၅၀၀၀ ကျော်ကိုလည်း ပေးအပ်ခဲ့ပြီး အဲဒီလက်နက်တွေက စစ်ပွဲစတင်ကတည်းက ရုရှားမြေပြင်တပ်တွေရဲ့ ထိုးစစ်ကို တွန်းလှန်ဖို့ ယူကရိန်းတပ်တွေအတွက် အရေးပါခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ယူကေအစိုးရက အကူအညီပေးထားတဲ့ အခြားလက်နက်စနစ်တွေထဲမှာ တာတိုပစ် Brimstone 1 ဒုံးကျည်တွေ ၊ Mastiff သံချပ်ကာယာဉ်တွေနဲ့ Starstreak ဒုံးကျည် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေလည်း ပါဝင်ပါတယ်။ ယူကရိန်းကို စစ်ရေးထောက်ပံ့မှု စုစုပေါင်း ပေါင်သန်း ၇၅၀ အကုန်ကျခံ ထားပြီလို့ ယူကေ အစိုးရကပြောပါတယ်။
အခြားနိုင်ငံအများအပြားကလည်း ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ပို့ပေးမယ်လို့ ကတိပြုထားကြပါတယ်။ ယူကရိန်း မြို့တစ်မြို့လုံးကို ရုရှားလေကြောင်း တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်စေဖို့ ဂျာမနီနိုင်ငံက သူ့ရဲ့ ခေတ်အမီဆုံးလေကြောင်းရန်ကာကွယ်ရေးစနစ် Iris-T ကို ပို့ပေးမယ်လို့ ကတိပြုထားတာ ရှိပါတယ်။
စစ်ရာဇ၀တ်မှုစုံစမ်းစစ်ဆေးခြင်းအတွက် အထောက်အပံ့
ဒီအတောအတွင်း ယူကရိန်းမှာ ရုရှားတပ်တွေကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ အစိုးရရှေ့နေခေါင်းဆောင်ကို ကူညီပေးဖို့ ရှေ့နေတွေနဲ့ ရဲအရာရှိတွေပါတဲ့ အထူးအဖွဲ့တစ်ဖွဲ့နဲ့ အကူအညီပေးသွားမယ်လို့ ယူကေတရားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်က တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ အကူအညီပေးမယ့် ကမ်းလှမ်းချက်ထဲမှာ နယ်သာလန်နိုင်ငံ သည်ဟိဂ် The Hague မြို့က အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးမှာ ရုံးဖွင့်ထားတဲ့ ယူကေ ရဲအရာရှိတစ်ဦး ပါဝင်မှာ ဖြစ်ပြီး ICC ရဲ့ တရားစွဲအရာရှိ ကာရင်ခန်းအနေနဲ့ ဗြိတိန်ရဲတွေ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေ ပိုပြီးရမှာ ဖြစ်ပါတယ်။
ယူကရိန်းမှာ ရုရှားတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားတွေကို ဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို တရားစွဲဖို့ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေ အတွေ့အကြုံရှိ တဲ့ ရှေ့နေခုနစ်ဦးနဲ့ အကူအညီပေးဖို့လည်း ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
ICC မှာ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ ယူဆရတဲ့ ရုရှားအကြီးတန်း အရာရှိတွေကို ပစ်မှတ်ထားအရေးယူနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။