ယူကရိန်းစစ်ပွဲ - အမေရိကန်က တာလတ်ပစ် ဒုံးကျည်တွေ ကူညီမယ်

ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်း ကာကွယ်ရေးအတွက် ပိုပြီးခေတ်မီတဲ့ ဒုံးကျည်စနစ်တွေ ပေးပို့သွားမှာ ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဒီလက်နက်တွေဟာ အဝေးက ရန်သူ့ပစ်မှတ်တွေကို ပိုပြီး တိတိကျကျ ပစ်ခတ်လို့ ရမှာ ဖြစ်ပြီး ယူကရိန်းကလည်း ဒီလိုလက်နက်တွေ ပေးဖို့ အတွက် တောင်းဆိုနေခဲ့တာ ကြာပြီဖြစ်ပါတယ်။

အရင်ကတော့ အမေရိကန်ဘက်က ဒီလက်နက်တွေကို ရုရှားထဲအထိ လှမ်းပစ်မှာကို စိုးရိမ်တာကြောင့် ပေးဖို့ကို ငြင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က အမေရိကန်က ဒီလို လက်နက်တွေ ယူကရိန်းကို ပို့ပေးတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မီးလောင်ရာ လေပင့် လုပ်တာပဲလို့ ဆိုပါတယ်။

တခါ ဂျာမန် အစိုးရကလည်း ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ပို့ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

ဝန်ကြီးချုပ် အိုလပ်ဖ် ရှို့လ်ဇ် က ပါလီမန်အမတ်တွေကို ဂျာမနီရဲ့ ခေတ်အမီဆုံး လက်နက်စနစ် ဖြစ်တဲ့ IRIS-T ကို ပေးမှာဖြစ်ပြီး ယူကရိန်းအနေနဲ့ တမြို့လုံးကို ရုရှားက လေကြောင်းက တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူက IRIS-T အပြင် ရန်သူ့ လက်နက်ကြီးတွေကို ထောက်လှမ်းနိုင်မယ့် ရေဒါတွေနဲ့ ဒုံးကျည်ပစ်စင်တွေပါ ပံ့ပိုးသွားမယ်လို့ ပြောပါတယ်။

ဟန်ချက်ညှိခြင်း

မစ္စတာ ဘိုင်ဒန်က ဒီလို စွမ်းရည်မြင့် လက်နက် အကူအညီတွေကြောင့် ယူကရိန်းအနေနဲ့ ရုရှားနဲ့ ညှိနှိုင်းရာမှာ ပိုမို အားကောင်းလာစေမှာ ဖြစ်ပြီး သံတမန်ရေးနဲ့ ဖြေရှင်းဖို့ ပိုနီးစပ်လာစေနိုင်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်းစာထဲမှာ သူက ဒါကြောင့် ယူကရိန်းဘက်က စစ်မြေပြင်မှာ အဓိက ပစ်မှတ်တွေကို ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်နိုင်အောင် အတွက် ယူကရိန်းကို ပိုပြီး ခေတ်မီတဲ့ ဒုံးကျည်စနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းကို ပိုပြီး စွမ်းရည်မြင့်တဲ့ လက်နက်တွေ ပေးရင် ရုရှားကို ဆွပေးသလို ဖြစ်ပြီး တုံ့ပြန်မှုတွေ ရှိလာနိုင်သလို အမေရိကန်နဲ့ နေတိုး မဟာမိတ်တွေကိုပါ ထိပ်တိုက် ရင်ဆိုင်လာနိုင်မယ့် အန္တရာယ်မျိုး ရှိနိုင်တဲ့ ကြားမှာ မစ္စတာ ဘိုင်ဒန်က လိမ္မာပါနပ်စွာ အင်အား ချိန်ခွင်လျှာကို ညှိပေးလိုက်တာ ဖြစ်ပါတယ်။

နောက်ထပ် ပေးပို့မယ့် လက်နက်သစ်တွေထဲမှာ M142 High Mobility Artillery Rocket System (HIMARS) စွမ်းရည်မြင့် ရွေ့လျား ဒုံးကျည်ပစ် စနစ်တွေ လည်းပါတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်ရဲ့ အကြီးတန်းအရာရှိ တယောက်က ပြောပါတယ်။ ဘယ်လောက်ပေးမယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။

အဲဒီ ဒုံးကျည်စနစ်က ၇၀ ကီလိုမီတာ ( ၄၅ မိုင်ခန့်) အကွာအဝေးက ပစ်မှတ်ကိုတောင် တိကျစွာ ထိန်းကျောင်းပစ်နိုင်တဲ့ ဒုံးကျည်စနစ် ဖြစ်ပါတယ်။ လက်ရှိ ယူကရိန်းမှာ ရှိနေတဲ့ လက်နက်စနစ်တွေထက် အများကြီး ပိုဝေးတဲ့ နေရာအထိ ပစ်နိုင်တာ ဖြစ်ပါတယ်။ တိကျမှုမှာလည်း ရုရှားဘက်က သုံးနေတဲ့ လက်နက်တွေထက် ပိုပြီး တိကျမှု ရှိတယ်လို့ သိရပါတယ်။

ဒီ အမေရိကန် သမ္မတရဲ့ ကြေညာချက်ဟာ စစ်ရေးအရ တော်တော်ကို တာသွားတဲ့ ကိစ္စဖြစ်ပြီး ဒီလိုဖြစ်လာဖို့ အခြေအနေတွေက တွန်းပို့နေခဲ့တာလည်း ကြာပြီ ဖြစ်တယ်လို့ ဘီဘီစီရဲ့ သံတမန်ရေးရာ သတင်းထောက် ပေါလ် အက်ဒမ်စ် က သုံးသပ်ပါတယ်။

ယူကရိန်းက ဒွန်ဘတ်စ်ဒေသမှာ ရုရှားဘက်က ပစ်အား သာတာကြောင့် ဒါကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ ယူကရိန်းတပ်တွေက သူတို့အနေနဲ့ ရုရှားကို ယှဥ်ပစ်နိုင်တဲ့ အင်အားမျိုး မရှိဘူးလို့ ပြောနေကြတာ ဖြစ်ပါတယ်။

HIMARS တွေက ဒီအခြေအနေကို ပြောင်းပစ်နိုင်မှာ ဖြစ်ပါတယ်။

သူတို့ရဲ့ GPS စနစ်သုံးထားတဲ့ ဒုံးကျည်တွေက ရုရှား ဒုံးကျည်စနစ်ထက် အများကြီး ပိုတိကျစွာ ထိမှန်နိုင်ပါတယ်။ နောက်ပြီး နောက်တကျော့ ပစ်ဖို့ ဒုံးကျည်တွေကို ဖြည့်ရာမှာလည်း အများကြီး ပိုမြန်မြန်လုပ်နိုင်ပါတယ်။ နောက် သူ့နာမည်မှာ ပြောတဲ့အတိုင်းပဲ ဒုံးကျည်ပစ်စင်တွေဟာ တနေရာက တနေရာကို ခပ်မြန်မြန် ပြောင်းပြီး ပစ်ခတ်နိုင်ကြပါတယ်။

အမေရိကန်နဲ့ ယူကရိန်း အရာရှိတွေက HIMARS တွေ ယူကရိန်းကို ရောက်လာတဲ့အခါမှာ ဘယ်လိုနေရာတွေမှာ ဘယ်ပုံဘယ်နည်း သုံးမလဲ စတဲ့ကိစ္စတွေကို အသေးစိတ်ဆွေးနွေး နေပြီးလောက်ပြီ ဖြစ်ပါတယ်။

ယူကရိန်းက လက်ရှိပစ်နိုင်တဲ့ အကွာအဝေးထက် ပိုဝေးတဲ့ နေရာက ရုရှားရဲ့ ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစခန်းတွေ၊ သယ်ပို့စခန်းတွေအပြင် ဒွန်ဘတ်စ်မှာ ယူကရိန်းတပ်ဖွဲ့တွေကို မလှုပ်နိုင်အေင် လှမ်းပစ်နေတဲ့ လက်နက်ကြီးစခန်းတွေ စတဲ့ ပစ်မှတ်တွေကို လှမ်းပစ်ဖို့ပါ စဥ်းစားနိုင်တော့မှာ ဖြစ်တယ်လို့ ပေါလ် အက်ဒမ်စ်က သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ လက ယူကရိန်း စစ်ဦးစီးချုပ်က ရုရှားရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကို တန်ပြန် တိုက်ခိုက်နိုင်ရေးမှာ HIMARS တွေရရှိရေးက အင်မတန် အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

အဲဒါကြောင့်လည်း ယူကရိန်းဟာ အဲဒီ လက်နက်တွေ ရတဲ့အခါမှာ နိုင်ငံအရှေ့ဖျားက တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ဒွန်ဘတ်စ် ဒေသထဲမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ မြို့ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ရုရှားရဲ့ လက်နက်ကြီး စခန်းတွေကို တိုက်ခိုက်ပစ်ခတ်ရာမှာ သုံးလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ထားပြီး ဖြစ်ပါတယ်။

အိမ်ဖြူတော် အရာရှိတွေက ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလင်းစကီးက ဒီလက်နက်တွေကို သုံးပြီး ရုရှားထဲက ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူးဆိုတဲ့ အာမခံချက် ရမှ အခုလို ပေးပို့ဖို့အတွက် သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ရုရှားကို တိုက်ရိုက်လှမ်းပစ်နိုင်တဲ့ ဒုံးကျည်စနစ်တွေကို ယူကရိန်းကို ပို့မှာ မဟုတ်ပါဘူးလို့ မစ္စတာ ဘိုင်ဒန်က ဗုဒ္ဓဟူးနေ့ ထုတ် သတင်းစာထဲမှာ ရေးသားဖော်ပြထားပါတယ်။

မစ္စတာ ဇလန်းစကီးကလည်း အမေရိကန် သတင်းဌာန Newsmax နဲ့ တွေ့ဆုံရာမှာ ရုရှားထဲ ဘာဖြစ်ဖြစ် စိတ်မဝင်စားဘူး၊ ကိုယ့် ပိုင်နက် ယူကရိန်းထဲက ကိစ္စတွေကိုပဲ စိတ်ဝင်စားတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ မော်စကိုဘက်က မစ္စတာ ဇလန်းစကီးကို မယုံကြည်ကြောင်း ပြောပါတယ်။ ယုံကြည်နိုင်ဖို့ အတွက် ကိယဗ်က သူတို့ပေးထားတဲ့ ကတိတွေ တည်အောင်လုပ်ပြဖို့ လိုတယ်၊ ခုထက်ထိ ဘာမှ မရှိသေးဘူးလို့ ဆိုကြောင်း Ria သတင်းဌာနက ကိုးကား ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့လည်း အမေရိကန် တမင် ရည်ရွယ်ချက် ရှိရှိနဲ့ မီးလောင်ရာ လေပင့်လုပ်ပေးနေတာ လို့ ဆိုပါတယ်။

အမေရိကန်ဟာ ယူကရိန်းဘက်က နောက်ဆုံး တယောက်ကျန်တဲ့အထိ ရုရှားကို တိုက်သွားဖို့ လုပ်နေတာ သိသာပါတယ်လို့ သူက ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် အရာရှိတွေရဲ့ အဆို အရ ဒီ ဒုံးကျည်တွေဟာ အမေရိကန်က ယူကရိန်းကို ပေးမယ့် ဒေါ်လာသန်း ၇၀၀ တန် အကူအညီတွေရဲ့ အဓိက အစိတ်အပိုင်း တခု ဖြစ်ကာ ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း အမေရိကန်က ယူကရိန်းကို ၁၁ ကြိမ်မြောက်ပေးတဲ့ စစ်ရေး အကူအညီတွေဖြစ်ပြီး ရဟတ်ယာဥ်တွေ၊ တင့်ကားဖျက် လက်နက်တွေ၊ စစ်ဘက်ဆိုင်ရာ နည်းဗျူဟာမြောက် ယာဥ်တွေနဲ့ အပိုပစ္စည်းတွေကိုပါ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာ ဆောင်းပါးထဲမှာ မစ္စတာ ဘိုင်ဒန်က အမေရိကန်ရဲ့ ရည်မှန်းချက်က ဒီမိုကရေစီထွန်းကားပြီး လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ ယူကရိန်း နိုင်ငံ အဖြစ် မြင်ရဖို့ပဲ ဖြစ်တယ်၊ မစ္စတာ ပူတင်ကို ရုရှားသမ္မတအဖြစ်က ပြုတ်ကျစေဖို့လည်း မဟုတ်သလို ရုရှားနဲ့လည်း စစ်ဖြစ်ဖို့ မဟုတ်ကြောင်း ပြောထားပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ရုရှားဘက်က ဆက်ပြီး ရန်လိုမှုတွေ ပြကာ အချိန်ဆွဲနေတာကို အပြစ်ဆိုထားသလို စစ်အဆုံးသတ်ဖို့အတွက် ယူကရိန်းကို သူ့ပိုင်နက် နယ်မြေ တလက်မနဲ့မှ အလဲအလှယ် လုပ်ဖို့ အမေရိကန်အနေနဲ့ ဘယ်တော့မှ ဖိအားပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ယူကရိန်းထဲမှာ နျူကလီးယား လက်နက်တွေ သုံးလာနိုင်မယ့် အန္တရာယ်နဲ့ ပတ်သက်လို့ လည်း မစ္စတာ ဘိုင်ဒန်က လောလောဆယ်မှာတော့ ရုရှားဘက်က အဲဒီလို သုံးလာမယ့် အရိပ်အယောင်မျိုး မတွေ့သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီလို သုံးလာမယ် ဆိုရင်တော့ ဒါဟာ လက်ခံနိုင်စရာ မဟုတ်ဘူး။ ကြီးမားပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။

မစ္စတာ ဘိုင်ဒန်ရဲ့ ဆောင်းပါး ထုတ်ဝေပြီး မကြာခင်အချိန်အတွင်းမှာပဲ ရုရှားစစ်ဘက် အရာရှိတွေက မော်စကို အနီးက Ivanovo ဒေသထဲမှာ သူတို့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေ စစ်ရေး လေ့ကျင့်နေကြတဲ့ အကြောင်း ကြေညာပါတယ်။ တပ်ဖွဲ့ဝင် ၁,၀၀၀ လောက်နဲ့ ယာဥ် စင်းရေ ၁၀၀ ကျော် ပါတယ်လို့ ဆိုပါတယ်။ ကင်းလှည့်ယာဥ်တွေပါသလို၊ ဒုံးကျည်စနစ်တွေ တပ်ဆင်ကြတာ နောက် ပြင်ပက တိုက်ခိုက်လာမှုတွေကနေ ကာကွယ်တာမျိုးတွေ အကုန်လုပ်ကြမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒုံးကျည်တွေကိုတော့ ပစ်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။