ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာအနောက်ဘက်ကမ်းက အစ္စရေးရဲ့ စီးနင်းမှုမှာ အယ်ဂျာဇီးယားသတင်းထောက် ပစ်ခတ်ခံရပြီးသေဆုံး
အယ်ဂျားဇီးယားသတင်းဌာနက သတင်းထောက် ရှရီင်း အဘူ အခ်လက်ခ်ဟာ ဂါဇာအနောက်ဘက်ကမ်း သိမ်းပိုက်ခံနယ်မြေက အစ္စရေးနယ်မြေ ဂျနီးမြို့မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေ ပြုလုပ်တဲ့ စီးနင်းရှာဖွေမှုကို သတင်းယူနေတုန်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၁ နှစ်အရွယ် အဘူ အခ်လက်ခ်ဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ ''သွေးအေးအေး''နဲ့ ''ရည်ရွယ်ချက်ရှိရှိ'' ပစ်ခတ်မှုမှာသေဆုံးခဲ့တာလို့ဆိုပြီး သူ့ရဲ့မိခင်သတင်းဌာနက သတင်းဖော်ပြပါတယ်။ အဲဒီဖြစ်ရပ်မှာ နောက်ထပ်သတင်းထောက်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကတော့ သူ့တပ်ဖွဲ့တွေဟာ သတင်းထောက်တွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ပြောဆိုချက်ကို ပယ်ချပါတယ်။
အပြန်အလှန်ပစ်ခတ်ချိန်မှာ သတင်းထောက်တွေဟာ ပါလက်စတိုင်းသေနတ်သမားတွေရဲ့ ပစ်ခတ်တာခံခဲ့ရတာလားဆိုတာကိုလည်း စုံစမ်းနေပြီလို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid ကတော့ အဘူ အခ်လက်ခ် သေဆုံးမှုဟာ ဝမ်းနည်းစရာဖြစ်ရပ်ဖြစ်ပြီး ပါလက်စတိုင်းအာဏာပိုင်တွေနဲ့အတူ ဒီဖြစ်ရပ်ကို ပူးတွဲစုံစမ်းမယ်လို့ ပြောပါတယ်။
''ပဋိပက္ခနယ်မြေတွေမှာ သတင်းထောက်တွေကို အကာအကွယ်ပေးရပါမယ်။ အမှန်တရားပေါ်ထွက်အောင်လုပ်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်''လို့ သူက ပြောပါတယ်။
ကာတာရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lolwah al-Khater ကတော့ အဘူ အခ်လက်ခ်ဟာ သတင်းသမားစာတန်းပါတဲ့ ကိုယ်ကြပ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားပေမဲ့ မျက်နှာတည့်တည့်ကို ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်တွေကတော့ အဘူ အခ်လက်ခ် သေဆုံးမှုကို အတည်ပြုသလို ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့် ဆေးရုံကို အရေးပေါ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဘူ အခ်လက်ခ်ဟာ အယ်ဂျာဇီးယားသတင်းဌာနရဲ့ အာရဗီဘာသာစကားဌာနမှာ လူသိများတဲ့ သတင်းသမားတစ်ဦး ဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို သတင်းတင်ဆက်နေတာ ၁၅ နှစ်ရှိနေပြီဖြစ်ပါတယ်။
အယ်လ်ဂျာဇီးယားသတင်းထောက် Nida Ibrahim ကလည်း အဘူ အခ်လက်ခ်ဟာ အများလေးစားရတဲ့သတင်းသမားတစ်ယောက်ဖြစ်ပြီး အခုဖြစ်ရပ်ဟာ သူနဲ့အတူလက်တွဲ လုပ်ကိုင်နေတဲ့သတင်းသမားတွေအားလုံးအတွက် တုန်လှုပ်စရာ သတင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အစ္စရေးနိုင်ငံထဲမှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးအာရပ်တွေကြားက တိုက်ခိုက်မှုတွေကြောင့် အစ္စရေး ၁၇ ယောက်နဲ့ ယူကရိန်း ၂ ယောက်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဂါဇာအနောက်ဘက်ကမ်းမှာဖြစ်တဲ့ ထိပ်တိုက်တွေ့မှုတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းရှာဖွေမှုတွေအတွင်းမှာ သတ်ဖြတ်ခံရတဲ့အရပ်သား ဒါမှမဟုတ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ရင်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ တိုက်ခိုက်သူတွေအပါအဝင် ပါလက်စတိုင်း ၂၆ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
အစ္စရေးရဲ့ အဲဒီစီးနင်းရှာဖွေမှုတွေကို ဂျနီးခရိုင်အတွင်းမှာ ဦးတည်လှုပ်ရှားခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ အစ္စရေးမှာ တိုက်ခိုက်မှုတွေပြုလုပ်တဲ့ ပါလက်စတိုင်းလေးယောက် လာကြတဲ့နေရာလည်းဖြစ်ပါတယ်။