အရပ်သားတွေပါ ပိတ်မိနေတဲ့ မာရီယူပိုလ် သံမဏိစက်ရုံမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ယူကရိန်းပြော

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ မာရီယူပိုလ်မြို့မှာ လူသားချင်း စာနာတဲ့အနေနဲ့ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ကို လိုက်နာမယ်လို့ ရုရှားတို့ဘက်က ပြောထားပေမဲ့ အဲဒီမြို့က အဇော့ဗ်စတယ်လ် သံမဏိလုပ်ငန်း စက်ရုံ၀င်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ယူကရိန်း တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

စက်ရုံဝင်းထဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားကြောင်း ဒါပေမဲ့ အဲဒီစက်ရုံ၀င်းပေါ် ရုရှားတို့ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ရပ်မသွားဘူးလို့ ယူကရိန်း လွှတ်တော်အမတ် အင်နာ ဆော့ဗ်ဆွန် က ပြောပါတယ်။

ရုရှားအစိုးရရဲ့ ကရမ်မလင် နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ် က အဲဒီ သံမဏိစက်ရုံဝင်းကို ရုရှားတပ်ဖွဲ့တွေက ဆက်ဝိုင်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်တာမျိုး မဟုတ်ဘဲ စက်ရုံဝင်းထဲက အရပ်သားတွေကို လူသားချင်းစာနာထောက်ထားတဲ့ လမ်းကြောင်းတွေကနေ ကယ်ထုတ်သွားရေး လုပ်ငန်းစဉ် ဆက်လည်ပတ်နေတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညနှောင်းပိုင်းလောက်တုန်းက အဇော့ဗ်စတယ်လ် သံမဏိစက်ရုံဝန်းထဲမှာ ရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တပ်မှူးက အဲဒီစက်ရုံဝင်းထဲက နေရာ တချို့ကို ရုရှားတပ်တွေ ဝင်ရောက်လာအပြီးမှာ သွေးထွက်သံယို တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဘက်ကတော့ အဲဒီစက်ရုံကို စီးနင်းဝင်ရောက်တာ မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

ယူကရိန်းကို အမေရိကန်က ထောက်လှမ်းရေးသတင်းတွေ ထောက်ပံ့

ယူကရိန်းစစ်ပွဲအတွင်း ရုရှား စစ်ဗိုလ်ချုပ် အများအပြားကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်ရာမှာ အထောက်အကူ ဖြစ်စေမယ့် ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အမေရိကန်အစိုးရက ယူကရိန်းတပ်ဖွဲ့တွေကို ထောက်ပံ့ခဲ့တယ်လို့ The New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ရုရှားတပ်ဖွဲ့တွေအကြောင်းနဲ့ တပ်ဖွဲ့တွေရဲ့ နောင်လုပ်မယ့် လှုပ်ရှားမှုတွေအကြောင်း စစ်မြေပြင် သတင်းအချက်အလက်တွေကို အမေရိကန် အစိုးရက ယူကရိန်းတပ်ဖွဲ့တွေကို ထောက်ပံ့ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထိပ်တန်း အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောကြောင်း The New York Times သတင်းစာက ဆိုပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း ရုရှားဗိုလ်ချုပ် ၁၂ ဦးကို ယူကရိန်းတပ်ဖွဲ့တွေက သတ်ဖြတ်နိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ယူဆနေပါတယ်။

အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်တွေကြောင့် ရုရှားစစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် သေဆုံးခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။

အမေရိကန်အစိုးရ လုံခြုံရေး ပြောခွင့်ရအမျိုးသမီးကတော့ ယူကရိန်းအစိုးရကို နိုင်ငံကာကွယ်ဖို့အတွက် စစ်မြေပြင် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပြီး ရုရှားစစ်ဗိုလ်ချုပ်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

ရုရှားသူဌေးကြီးတွေ ဒူဘိုင်းကို မကြုံစဖူး အများအပြား ခိုလှုံဖို့ ရောက်လာ

1200 DUBAI RUSSIANS ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံထားရတဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေအတွက် ဒူဘိုင်းက ခိုလှုံစရာ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာနေပါတယ်။

အာရပ်စော်ဘွားများနိုင်ငံ (UAE)ကို ရုရှား ဘီလျံနာ သူဌေးကြီးတွေနဲ့ ရုရှား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ အရင်က မကြုံစဖူး များပြားတဲ့ အရေအတွက်နဲ့ ရောက်လာနေကြတယ်လို့ စီးပွားရေး ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပြပါတယ်။

အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းတစ်ခုက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဒူဘိုင်းမှာ ရုရှားတွေ အိမ်မြေ ဝယ်ယူမှုဟာ အခုနှစ် ပထမ ၃ လတာကာလ အတွင်း ၆၇ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(UAE)နိုင်ငံဟာ ရုရှားအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့တာ ဒါမှမဟုတ် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာအပေါ် ဝေဖန်ပြောဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့ မခံရသူ ရုရှားလူမျိုးတွေအပေါ် အနောက်အုပ်စု နိုင်ငံတွေက ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေ လုပ်နေချိန်မှာ (UAE)နိုင်ငံ ကတော့ ပြည်ဝင်ခွင့် ဗီဇာတွေ ပေးနေပါတယ်။

ပြီးခဲ့တဲ့ နှစ်လတာ ကာလအတွင်း ရုရှားနိုင်ငံထဲကနေ လူ သိန်းသောင်းချီ ထွက်ခွာခဲ့ကြတယ်လို့ ခန့်မှန်းရပါတယ်။