ကိုဗစ် - လူနာကို အလောင်းအိတ်နဲ့သယ်ခဲ့မှု တာဝန်ရှိသူ လေးဦးကို ရာထူးက ထုတ်ပယ်

ရေးသားခဲ့သည်။

တရုတ်ပြည်မှာ အသက်မသေ သေးတဲ့ သက်ကြီး လူနာ တယောက်ကို သေဆုံးပြီ အထင်နဲ့ အသုဘယာဥ်ပေါ် တင်ခဲ့တဲ့ ဝန်ထမ်း ၄ ယောက်ကို ဒေသအာဏာပိုင်တွေက အလုပ်ဖြုတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရေခဲတိုက်မှာ အလုပ်လုပ်ကြသူတွေလို့ ယူဆရတဲ့ လူ ၂ ယောက်က လူနာ တယောက်ကို အလောင်းထည့်တဲ့ အိပ်ထဲ ထည့်ပြီး အသုဘယာဥ်ပေါ် တင်နေကြတဲ့ ဗီဒီယိုတခု အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီလူတွေက အိတ်ကို မပိတ်ဘဲ ဆွဲလာခဲ့ကြတာ ဖြစ်ပြီး တယောက်က လူနာက အသက်ရှိနေတုန်းလို့ ပြောနေတာကိုပါ ကြားကြရပါတယ်။ ဒီဖြစ်ရပ်ကြောင့် တရုတ်ပြည်က လူမှု ကွန်ရက်တွေပေါ်မှာ မကျေနပ်သံတွေ တော်တော်လေး ထွက်လာခဲ့ပါတယ်။

ရှန်ဟိုင်းက ပုတူအို ခရိုင်ရဲ့ ဒေသအာဏာပိုင်တွေ တနင်္လာနေ့ အနှောင်းပိုင်းမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အကြောင်း အတည်ပြုခဲ့ကြပါတယ်။ အဲဒီ လူနာကို အခု ဆေးရုံပို့ထားလိုက်ပြီ ဖြစ်ပြီး အခြေအနေတည်ငြိမ် နေတဲ့ အကြောင်း ပြောကြပါတယ်။

တာဝန်ရှိသူ ၄ ဦးနဲ့ ဆရာဝန် တဦးတို့လည်း ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့ အကြောင်း ပြောပါတယ်။ အဲဒီ တာဝန်ရှိသူ ၄ ဦးထဲမှာ ဒေသလူမှုရေးရာ ဗျူရိုရဲ့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ သက်ကြီး စောင့်ရှောက်ရေး ဌာနရဲ့ ညွှန်ကြားရေးမှူး တယောက်လည်း ပါပြီး တာဝန်ကနေ အနားပေးလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာဝန်ကိုတော့ သူ့ရဲ့ မျိုးရိုးနာမည် တီယန် ကိုပဲ ဖော်ပြထားကာ သူ့ကိုလည်း ဆေးကုသခွင့် လိုင်စင် ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

လူနာဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေ တော်တော်များများ ရှိခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းဌာန ဟူ ရှီဂျင်း ရဲ့ အယ်ဒီတာ ချုပ်ဟောင်းကဆိုရင် တော်တော်ဆိုးတဲ့ ဝတ္တရားပျက်ကွက်မှု ဖြစ်ပြီး အသက်ဆုံးရှုံးမှုတောင် ဖြစ်သွားနိုင်လောက်တယ်လို့ ဆိုခဲ့ပါတယ်။

ဝေဘို လူမှုကွန်ရက်ပေါ်မှာလည်း တယောက်က ဒါဟာ ရှန်ဟိုင်းက ဝရုန်းသုန်းကား အခြေအနေတွေကို ထင်ဟပ်ပြနေတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တရုတ်ပြည်မှာ အကြီးဆုံးမြို့ကြီး ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ လူဦးရေ ၂၅ သန်းနီးပါး နေထိုင်ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လအတွင်းကစပြီး ကိုဗစ် ကူးစက်မှုတွေ ခေါင်းထောင်လာတာကြောင့် လော့ခ်ဒေါင်းချထားခံရတာဟာ အခုဆို သီတင်း ၆ ပတ်ထဲ ရောက်လာနေပြီဖြစ်ပါတယ်။

လူအများစုကို ဘာအကြောင်းနဲ့မှ အိမ်ထဲက အိမ်ပြင်ထွက်ခွင့် မပြုသလို ကိုဗစ် ကူးစက်ခံရသူတွေနဲ့ သူတို့နဲ့ ထိတွေ့မှု ရှိခဲ့သူတွေကို အစိုးရက ဖွင့်ထားတဲ့ ကွာရန်တင်း စင်တာတွေမှာ အတင်းအကြပ် သွားနေစေပါတယ်။ အိမ်ထဲက လူတွေကို ဆွဲခေါ်ထုတ်ကြရင်း ရဲနဲ့ ပြည်သူတွေအကြား ထိပ်တိုက် တွေ့ကြတဲ့ ဗီဒီယိုတွေတောင် ရှိပါတယ်။

ရှန်ဟိုင်း အာဏာပိုင်တွေ ကိုဗစ်ကူးစက်မှုတွေကို ထိန်းဖို့ မနိုင်မနင်း ဖြစ်နေတဲ့ အထောက်အထားတွေကိုလည်း ဘီဘီစီက အရင်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အများစုက ကိုဗစ်ပိုးနဲ့ နေတတ်ဖို့ ပြင်ဆင်လာကြချိန်မှာ တရုတ်ကတော့ ကမ္ဘာပေါ်မှာ ကိုဗစ်ကို အမြစ်ဖြတ်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံ အဖြစ် ဆက်လက် တိုက်ဖျက်နေဆဲ ဖြစ်ပါတယ်။ မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း အိုမီခရွန် မျိုးကွဲပိုးသစ် ကူးစက် ပျံ့နှံ့မှုတွေ စခဲ့ပြီးနောက် သူတို့ရဲ့ ကိုဗစ်သုည မူဝါဒကို အကောင်အထည် ဖော်ရေးမှာ တော်တော် ခက်ခဲလာနေတာကို တွေ့ရပါတယ်။