ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန် ခရီးသည်သင်္ဘောပျောက်ဆုံးမှု သေဆုံးသူ ဆယ်ဦးအထိရှိလာ
ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်ဒိုကျွန်းမှာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လိုက်ပါလာတဲ့ သင်္ဘောတစ်စီးပျောက်ဆုံးပြီးတဲ့နောက် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က အတည်ပြုပါတယ်။
Kzau 1 သင်္ဘောတစ်စီးပေါ်မှာ လိုက်ပါသွားတဲ့ နောက်ထပ် ၁၆ ယောက်ကို အင်မတန် အေးခဲနေတဲ့ ရေအောက်တွေထဲမှာ ဆက်လက်ရှာဖွေနေကြတယ်လို့လည်း ဆိုပါတယ်။
ဒီသင်္ဘောဟာ စနေနေ့ နေ့လယ် ဒေသစံတော်ချိန် ၁ နာရီ ၁၅ မိနစ်လောက်က ရေပြင်ကို စတင်ထွက်ခွာပြီးနောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
Kazu 1 သင်္ဘောဟာ ရှီရီတိုကို ကျွန်းဆွယ် အနီးတစ်ဝိုက် သုံးနာရီကြာ ရှုခင်းလှည့်ပတ်ကြည့်တဲ့ ပင်လယ်ရေကြောင်း ခရီးစဥ် ဖြစ်ပါတယ်။
အဲဒီဒေသဟာ ကုလသမဂ္ဂ UNESCO အဖွဲ့ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရာ နေရာအဖြစ် သတ်မှတ်ထားခံရပြီး ဝေလငါးတွေ၊ ပင်လယ်ဖျံကြီးတွေသာမက ကျောက်တုံးကျောက်ဆောင်တွေနဲ့ ပြည့်နေတဲ့ ကမ်းခြေတွေမှာ ဝက်ဝံညိုကြီးတွေကို တွေ့ဖို့အတွက် ကမ္ဘာ့လှည့်ခရီးသည်တွေ၊ သင်္ဘောခရီးစဥ်တွေနဲ့ စည်ကားတဲ့ နေရာဖြစ်ပါတယ်။
သင်္ဘောဟာ ၃၀ ဒီဂရီ စောင်းလာနေပြီး စတင် နစ်မြုပ်နေပြီဆိုတဲ့အကြောင်း သင်္ဘောအဖွဲ့သားတွေက အချက်ပြခဲ့တယ်လို့ ဂျပန်သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။
လှည့်ကင်း သင်္ဘောတွေ၊ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ ချက်ချင်း ထွက်ခွာပြီး ဒီသင်္ဘောကို ရှာဖွေခဲ့ကြပါတယ်။
ဒေသခံ ငါးဖမ်းသင်္ဘောတွေလည်း ရှာဖွေကယ်ဆယ်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အဲဒီသင်္ဘောပေါ်မှာ ၂၆ ယောက် လိုက်ပါ သွားခဲ့ပြီး သင်္ဘောအဖွဲ့သား ၂ ယောက်နဲ့ ကလေးငယ် ၂ ယောက်လည်း ပါဝင်ပါတယ်။
လူတချို့ကို ရေထဲကနေ ဆွဲတင်ခဲ့ကြတယ်လို့ အစောပိုင်းတုန်းက သတင်းတွေမှာ ဖော်ပြကြပေမယ့် သူတို့တွေဟာ သေဆုံးသွားပြီလို့ အတည်ပြုလိုက်နိုင်တဲ့ ၁၀ ယောက်ထဲမှာ ပါမပါ ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။
အဲဒီဒေသမှာ ပင်လယ် ရေလှိုင်းလုံးကြီးတွေ မြင့်တက်ခဲ့လို့ ဒေသခံ ငါးဖမ်းသင်္ဘောတွေဟာ ကမ်းစပ်ကို ပြန်ကပ်ဖို့ မွန်းမတည့်ခင်ကတည်းက ဆုံးဖြတ်ခဲ့ကြပုံ ပေါ်ပါတယ်။
သင်္ဘောပေါ် လိုက်ပါသူတွေအားလုံး အသက်ကယ်အင်္ကျီဝင်ဆင်ထားခဲ့ကြတယ်လို့ ဝန်ထမ်းတွေက ပြောတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒါပေမဲ့ အဲဒီဒေသက အပူချိန်ဟာ ညရောက်တဲ့အခါ ဝ ဒီကရီ စင်တီဂရိတ်အထိ လျော့ကျနိုင်ပါတယ်။