ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၁၂၃ ဦးထိ မြင့်တက်
ဖိလစ်ပိုင်နိုင်ငံမှာ မဂ္ဂီမုန်တိုင်းဝင်ခဲ့ပြီးနောက် မြေပြို၊ ရေကြီးမှုတွေကြောင့် သေဆုံးသူ လူ ၁၂၃ ဦးထိ ရောက်ရှိလာပါတယ်။
မနေ့ကထိ သေဆုံးသူ ၅၃ ဦးရှိပြီး တနင်္ဂနွေကစတဲ့ သဘာဝကပ်ဘေးကြောင့် သေဆုံးသူအတည်ပြုနိုင်တဲ့ အရေအတွက်ဟာ တစထက်တစ တိုးမြင့်လာပြီး ထပ်မံတိုးမြင့်ဦးမယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ခန့်မှန်းထားခဲ့ကြပါတယ်။
မုန်တိုင်းကြောင့်လူပျောက်ဆုံးသေဆုံးမှုတွေရှိတဲ့ ရွာတွေထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျတဲ့မြေတွေကိုတူး၊ ရင်ခေါင်းလောက်နက်တဲ့ရေထဲမှာကူးပြီး အသက်မသေဘဲ ရှင်ကျန်သူတွေကို လိုက်လံရှာဖွေ ကယ်ဆယ်နေပါတယ်။
ဖိလစ်ပိုင်စစ်တပ်ကလည်း ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်ဦးမယ်လို့ ဒီကနေ့ ပြောပါတယ်။
အဆိုးဆုံးထိခိုက်တဲ့နေရာက လေတီပြည်နယ်အလယ်ပိုင်း ဘေးဘေးမြို့အနီးဝန်းကျင်ကရွာတွေဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ တောင်ကုန်းတွေကနေ မြေပြိုကျတာတွေရှိခဲ့ပါတယ်။ မြစ်တွေလည်းရေလျှံပြီး အိမ်တွေမျောပါပြိုကျ၊ လူတွေအရှင်လတ်လတ်မြေမြှုပ်ခံရသလိုဖြစ်ခဲ့ပါတယ်။ အဲဒီနယ်မြေအတွင်းမှာတွင် လူပေါင်း ၄၇ ယောက်သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် ဟိုဆေးကားလို့စ်ကာရီက CNN သတင်းဌာန ကိုပြောခဲ့ပါတယ်။
ပီလာကျေးရွာမှာ အိမ် ၈၀ ရာခိုင်နှုန်းလောက်ပြိုကျပြီး ပင်လယ်ထဲအထိမျောပါသွားခဲ့တယ်လို့ အစိုးရအရာရှိတယောက်က AFP သတင်းဌာနကိုပြောပါတယ်။
တောင်ပိုင်းဒါဗာအိုဒေသ၊ မင်ဒါနာအိုနဲ့ နီဂရိုးစ်အိုရီယန်တယ်ပြည်နယ်အလယ်ပိုင်းတို့မှာလည်း လူသေဆုံးမှုရှိကြောင်း ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ်ဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်ကျွန်းစုရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်း မုန်တိုင်းတိုက်ခတ်ခံရတဲ့နေရာတွေမှာ လူပေါင်း ၁ သိန်းလောက်ဘေးဒုက္ခရင်ဆိုင်နေကြရပါတယ်။
တနင်္ဂနွေ့ မုန်တိုင်းစတိုက်ပြီးနောက် လူအမြောက်အမြားဟာလည်း အိုးအိမ်စွန့်ပြီး မုန်တိုင်းအကာအကွယ်ပေးအဆောက်အအုံတွေနဲ့ မြေမြင့်ရာအရပ်တွေမှာ ခိုလှုံကြရပါတယ်။ မုန်တိုင်းဟာ ကျွန်းစုတွေပေါ်မှာ တနာရီမိုင် ၄၀ နှုန်းနဲ့တိုက်ခတ်ဖြတ်သန်းသွားခဲ့ပါတယ်။
ဖိလစ်ပိုင်ကမ်းခြေစောင့်အဖွဲ့က လူမှုကွန်ရက်မှာတင်တဲ့ဓာတ်ပုံတွေထဲမှာတော့ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့တင်ပြီး ရင်ခေါင်းလောက်မြင့်တဲ့ရေထဲမှာ ထမ်းပြီးသယ်ယူနေပုံတွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို ဖောင်တွေနဲ့တင်ပြီး ရေစီးအတိုင်းဘေးကင်းရာခေါ်ဆောင်သွားပုံတွေ တွေ့မြင်ရပါတယ်။
ဒါပေမဲ့ အဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် ကယ်ဆယ်ရေးအတွက် အခက်အခဲများစွာဖြစ်ခဲ့ရပါတယ်။ အင်္ဂါနေ့မှာတော့ မိုးလျော့နည်းသွားခဲ့ပါတယ်။
ဒါဟာဒီနှစ်ထဲမှာ ပထမဆုံးတိုက်တဲ့မုန်တိုင်းဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်မှာ တနှစ်ကို မုန်တိုင်းအကြိမ် ၂၀ လောက်ကြုံတွေ့ရတတ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖိလစ်ပိုင်အရှေ့တောင်ပိုင်းကျွန်းစုတွေကို တိုင်ဖုန်းမုန်တိုင်းရိုင် တိုက်ခတ်ပြီး လူပေါင်း ၃၇၅ ယောက်သေဆုံးခဲ့ပါတယ်။ လူပေါင်း ၅ သိန်းလောက်ဒုက္ခရောက်ခဲ့ကြရပါတယ်။
အဲဒီမုန်တိုင်းဟာ မနှစ်ကတိုက်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အဆိုးဆုံးမုန်တိုင်းဖြစ်ပြီး မှန်းထားတာထက် မြန်မြန် အားကောင်းပြင်းထန်လာခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်အေဂျင်စီပြောခွင့်ရပုဂ္ဂိုလ်က ဘေးဘေးမြို့နဲ့အနီးတဝိုက်မြေပြိုမှုဟာ အန္တရာယ်ကင်းဇုန်လို့ သတ်မှတ်ထားတဲ့နေရာတွေမှာအထိဖြစ်ပွားခဲ့တယ်လို့ AFP သတင်းဌာနကို အင်္ဂါနေ့က ပါတယ်။ တကယ်တော့ဒီအချိန်ဟာ ခြောက်သွေ့ရာသီပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် အခုလိုဖြစ်ပွားခဲ့ပုံရပါတယ်လို့ ဘေးဘေးမြို့က ပြန်ကြားရေးအရာရှိတဦးဖြစ်တဲ့ မရစ္စမီဂွဲစန်နိုက ဆိုပါတယ်။
လူကြောင့်ဖြစ်တဲ့ ဥတုပြောင်းလဲမှုတွေက မုန်တိုင်းတွေကို ပိုမိုပြင်းထန်ဆိုးဝါးလာစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၆ ခုနောက်ပိုင်းမှာ လူအသေအပျောက်အများဆုံးမုန်တိုင်းတွေကိုကြုံတွေ့လာနေရပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာမှာ ရာသီဥတုကပ်ဘေးအန္တရာယ်အများဆုံးကြုံတွေ့ရနိုင်တဲ့ နိုင်ငံတွေစာရင်းထဲမှာပါဝင်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။