ချာနီဟိဗ်မြို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့နည်းကို ရုရှား သုံးနေသလား

    • ရေးသားသူ, ဂျက် ဂွတ်ဒ်မန်း၊ ကေလီးန် ဒက်ဗ်လင်၊ မာရီယာ ကိုရန်ညွန့်ခ်၊ ဂျော့ရှူအာ ချီသမ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
  • ရေးသားခဲ့သည်။

ယူကရိန်းမှာ အရပ်သားတွေ သတ်ဖြတ်ခံထားရတဲ့ ထိတ်လန့်စရာပုံတွေ ထွက်ပေါ်လာခဲ့အပြီး ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားခဲ့တဲ့နေရာတွေမှာ စစ်ရာဇဝတ် ကျူးလွန်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အရေးတကြီး တိုက်တွန်း တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့လည်း အရပ်သားတွေအပေါ် ရုရှားတပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုဟာ စစ်ရာဇဝတ်မှု မြောက်သလား ဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ယူကရိန်းနိုင်ငံတဝန်းမှာ ရုရှားတို့က စစ်ရေး နည်းပရိယာယ်ကို အမြဲ တသမတ်တည်း သုံးနေသလား ဆိုတာနဲ့ ရုရှားတို့ရဲ့ စစ်ရေး နည်းဗျူဟာက ဘယ်လိုလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့ ချာနီဟိဗ်မြို့ တမြို့တည်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ဘီဘီစီက သုံးသပ်ကြည့်ခဲ့ပါတယ်။

အခုဖော်ပြမယ့် သတင်းဆောင်းပါးထဲမှာ ထိတ်လန့်စရာ အကြောင်းအရာတချို့ ပါရှိတယ်ဆိုတာကို ကြိုတင် အသိပေးပါရစေ။

၁။ အရပ်သားတွေအပေါ် တိုက်ရိုက် ပစ်မှတ်ထား တိုက်ခိုက်မှု

"သူတို့မှာ ရှိရှိသမျှတွေနဲ့ ကျွန်မတို့ကို ချိန်ရွယ် ပစ်ခတ်ခဲ့တယ်" လို့ အသက် ၂၀ အရွယ် ဒိုင်ယာနာက ပြောပါတယ်။ ရုရှားတင့်ကားတွေနဲ့ ရင်ဆိုင်တွေ့အပြီး မိနစ်ပိုင်းအတွင်းမှာတင် ဒိုင်ယာနာရဲ့ မိသားစု တစ်ဝက်လောက် အသက်မရှိကြတော့ပါဘူး။

သီတင်းပတ်နဲ့ချီ ဗုံးတွေ၊ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရအပြီး မတ်လ ၉ ရက်နေ့မှာ ဒိုင်ယာနာ၊ သူ့မိခင် အီရီနာ၊ သူ့အမျိုးသား ဆာရှာနဲ့ အမျိုးသားရဲ့ ညီငယ် မက်ဆင်း တို့ ချာနီဟိဗ်မြို့ကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူတို့ဆွေမျိုးတွေ ရှိတဲ့ ဘေးကင်းလုံခြုံရာ နိုင်ငံအနောက်ပိုင်းကို အရောက်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြို့ကနေ ထွက်ခွာအပြီး မိနစ်ပိုင်းအတွင်းမှာပဲ အန္တရာယ်နဲ့ ကြုံလိုက်ရပါတယ်။

ကိုလစ်ချစ်ကာရွာကို သူတို့ရဲ့ ဗောက်စ်ဝက်ဂွန် ဂေါ့ဖ် ကား ဖြတ်မောင်းလာတုန်း သူတို့အရှေ့မှာ ရုရှားတင့်ကားတွေကို ဆာရှာလှမ်းတွေ့လိုက်ပါတယ်။ တင့်ကားတစ်စင်းက သူတို့ကို ချက်ချင်းပဲ လှမ်းပစ်ခတ်ခဲ့ပါတယ်။ အန္တရာယ်စက်ကွင်းကနေ အမြန်ဖြတ်ကျော်သွားနိုင်ဖို့ မျှော်လင့်ရင်း ဆာရှာက ကားကို အမြန်ဖိမောင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ ကားက ရုတ်တရက် ထိုးရပ်သွားခဲ့ပါတယ်။

ပစ်ခတ်မှုတွေ ဆက်ရှိနေတဲ့အတွက် ကားထဲကနေ ထွက်ကြဖို့ ဆာရှာက အော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ၁၅ နှစ်အရွယ် မက်ဆင်းက သေနတ် ထိမှန်ခံခဲ့ရပြီးပါပြီ။ သူ့ရင်ဘတ် ပေါက်သွားပြီး ပါးစပ်ကနေ သွေးတွေ ထွက်ကျလာပါတယ်။ ဒိုင်ယာနာ၊ ဆာရှာနဲ့ အီရီနာတို့ လေးဖက်ထောက် တွားသွားပြီး လမ်းဘေးက ခြုံတောတွေထဲ ဝင်ပုန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ရုရှားစစ်သားတွေ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး သူတို့ ဘယ်မှာ ပုန်းနေသလဲ ဆိုတာကို အချင်းချင်း အော်မေးနေတာ ကြားရပါတယ်။ သူတို့ဆီ ဦးတည်ပြီး ကျည်ဆန်တွေ ကျလာပါတယ်။

ဒိုင်ယာနာရဲ့ ခြေထောက်မှာလည်း ဒဏ်ရာ အကြီးအကျယ် ရသွားပါတယ်။ ဆာရှာက ဒဏ်ရာကို ပတ်တီးနဲ့ စည်းပေးဖို့ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အီရီနာကို ကူဖို့ လှည့်လိုက်တဲ့အချိန်မှာ ထိတ်လန့်စရာ ဖြစ်သွားခဲ့ရပါတယ်။

"အီရီနာက သူ့ဂျက်ကက်ကို ဖွင့်လိုက်တဲ့အခါ ပတ်တီးစည်းလို့ မရတော့တဲ့ အခြေအနေဆိုတာကို ကျွန်မတို့ သဘောပေါက်သွားတယ်" လို့ ဒိုင်ယာနာက ဘီဘီစီ သတင်းဌာနကို ပြောပြပါတယ်။

"သူ့ရဲ့ ဗိုက်တခြမ်းနဲ့ အူတွေကို ကျည်ဆန်က ဖောက်ဝင်သွားခဲ့တာ တွေ့လိုက်ရတယ်"

နောက်ထပ် ပစ်ခတ်သံတွေ သူတို့ ကြားခဲ့ရပါတယ်။ ဒါဟာ သူတို့ရဲ့ နောက်ဆုံး အသက်ရှင်ချိန်ပဲလို့ ဒိုင်ယာနာက ယူဆလိုက်ပြီး "ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာကို ပြောဖို့ အချိန်လေး ရလိုက်သေးတာပဲ"လို့ တွေးမိတယ်ဆိုပြီး ပြန်ပြောပြပါတယ်။ "ကျွန်မတို့ ဒီမှာသေရမှာလားဟင်" လို့ ဆာရှာ့ကို မေးကြည့်တော့ "ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့" ဆိုပြီး ပြန်ဖြေခဲ့တယ်လို့ ဒိုင်ယာနာက ပြောပါတယ်။

"အမေက ကျွန်မတို့နဲ့ အတူတူ လေးဖက်ထောက်ပြီး နောက်ထပ် နည်းနည်း ဆက်လိုက်လာသေးတယ်၊ ကျွန်မက "အမေရေ၊ ကြိုးစားပြီး လာနော်" လို့ ဆိုတော့ သူက "အေး၊ အေး လို့ပြောတယ်၊ အဲဒီနောက် မြေကြီးပေါ် ပုံကျသွားတယ်၊ အဲဒီမှာပဲ အမေ ဆုံးပါးသွားတာပဲ" လို့ ဒိုင်ယာနာက ပြောပြပါတယ်။

သစ်ပင် ခြုံနွယ်ထူထူထပ်ထပ်တွေကြားကနေ ဆာရှာထွင်ပေးတဲ့ လမ်းကြောင်းအတိုင်း ဒိုင်ယာနာ တွားသွားရင်း လိုက်ခဲ့ပါတယ်။ မီးလောင်ပြင်ကြီးတစ်ခုနဲ့ တောအုပ်ကြီးတစ်ခုကို ဖြတ်ခဲ့ရပါတယ်။

ဒိုင်ယာနာနဲ့ ဆာရှာတို့ အသက်ရှင်လွတ်မြောက်လာခဲ့ပြီး ဒိုင်ယာနာ ဆေးရုံတစ်ခုဆီ အရောက်သွားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဖက်ခြေထောက်က ခြေချောင်း ၄ ချောင်းဆုံးရှုံးခဲ့ပါတယ်။ သူတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သူတွေဟာ ရုရှားစစ်သားတွေ ဆိုတာကို သူတို့ရဲ့ လေယူလေသိမ်း၊ သူတို့ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ တင့်ကားတစီးမှာ ထွင်းထားတဲ့ Z ပုံသင်္ကေတ အမှတ်အသားတွေကြောင့် အသေအချာ သိနိုင်တယ်လို့ ဒိုင်ယာနာက ပြောပါတယ်။

သူတို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာအနီးတဝိုက်မှာ စစ်ရေးအရ ပစ်မှတ်ထား တိုက်ခိုက်စရာ အထောက်အထား တစ်စုံတစ်ခုကိုမှ ဘီဘီစီရဲ့ အထောက်အထား စုံစမ်းလေ့လာတဲ့ အဖွဲ့က မတွေ့ခဲ့ရပါဘူး။

တခြားနေရာတွေမှာ ကားတွေထဲက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ

  • ယူကရိန်းစစ်ပွဲ စတင်ကတည်းကစလို့ ချာနီဟိဗ်မြို့ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ ကားတွေကို ပစ်ခတ် တိုက်ခိုက်မှုတွေ ဒါမှမဟုတ် အများပြည်သူ သွားလာတဲ့နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အတွင်း ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
  • ကိယက်ဗ်ဒေသမှာ ယူကရိန်းဘက်က ဒရုန်းတစ်ခုနဲ့ ရိုက်ယူထားတဲ့ ဗီဒီယို ပုံတွေထဲမှာ ကားထဲကနေ လက်မြှောက်ပြီး ထွက်လာတဲ့ အမျိုးသားတစ်ဦးကို ပစ်သတ်နေတဲ့ ပုံကို တွေ့ရပါတယ်။ သူ့ရဲ့ ဇနီးကိုတော့ ကားထဲမှာ ပစ်သတ်ထားပါတယ်။
  • ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆန်ဒေသက စစ်ဆေးရေးဂိတ်စခန်းတစ်ခုမှာ ရုရှားစစ်သားတွေရဲ့ လက်ချက်နဲ့ ယူကရိန်းမိသားစုဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သူတို့ရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

၂။ အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေကို ဖြတ်တောက်ပစ်

သောက်သုံးရေဟာ လူတွေအတွက် မရှိမဖြစ် အလိုအပ်ဆုံးဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေက ချာနီဟိဗ်မြို့မှာ သောက်သုံးရေ ထောက်ပံ့မှုတွေကို တမင် ပစ်မှတ်ထား ဖြတ်တောက်ခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ မြို့စွန်ရပ်ကွက်က ရေစုပ်စက် အဆောက်အအုံတစ်ခု တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရေလှောင်ကန်တစ်ခု အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ထိန်းချုပ်ခန်းတစ်ခန်း ပျက်စီးခဲ့တယ်လို့ ချာနီဟိဗ်မြို့က ရေကုမ္ပဏီ အကြီးအကဲ ဆာဟီယာ မာလီယက်ကို က ပြောပါတယ်။ အဲဒီစက်ရုံက ဝန်ထမ်းတစ်ဦးနဲ့ သူ့မိသားစုဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဝန်ထမ်းနဲ့ မိသားစုဟာ သူတို့အိမ် အမြောက်ထိမှန် ပျက်စီးခဲ့တဲ့အတွက် အဲဒီစက်ရုံမှာ လာခိုလှုံ နေကြတာ ဖြစ်ပါတယ်။

တခြားအဆောက်အအုံတွေနဲ့ အတော်ဝေးဝေး သစ်တော ထူထပ်တဲ့ နေရာတစ်ခုမှာ ရှိတဲ့ အဲဒီ စက်ရုံကို @obretix ဆိုတဲ့ တွစ်တာ အကောင့်သုံးသူက ရှာတွေ့ခဲ့ပြီး စက်ရုံ ထိခိုက်ပျက်စီးသွားခဲ့ပုံကို ဂြိုဟ်တုပုံတွေမှာ တွေ့ရပါတယ်။

မြေပြင်မှာ ဗုံးထိထားတဲ့ မီးလောင်ကျင်းငယ်တွေနဲ့အတူ အကြီးအကျယ် ထိခိုက်ပျက်စီးသွားတဲ့ ရေသန့် တိုင်ကီကြီး တစ်ခုကို အဲဒီ ရေကုမ္ပဏီက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ကြည့်ရတာ အမြောက်ဆံတွေကြောင့် အဆောက်အအုံတွေက ဇကာပေါက်တွေလို ဖြစ်သွားခဲ့ပုံ ရပါတယ်။

ဂြိုဟ်တုပုံတွေထဲမှာ တွေ့ရတဲ့ မီးလောင်ကျင်းကြီးတွေကို ကြည့်ခြင်းအားဖြင့် မြေပြင်ကနေ လှမ်းပစ်ခတ် တိုက်ခိုက်ခဲ့ပုံ ရတယ်လို့ Pax ဒတ်ချ် ငြိမ်းချမ်းရေးအဖွဲ့ ရဲ့ လက်နက်သုတေသီ တစ်ဦးဖြစ်သူ ဝင်းမ် ဇဝီယန်ဘာ့ဂ်က ပြောပါတယ်။

"အမြောက်ဆန်ရဲ့ အားနဲ့ ပေါက်ကွဲမှု ဦးတည်ရာလမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် မစ်ဆိုင်းဒုံးကျည်တွေကို အဲဒီ ရေစုပ်စက်ရုံရဲ့ အနောက်ဘက်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ပုံ ရပြီး ဒါဟာ နိုင်ငံအနောက်ပိုင်းမှာ တပ်စွဲနေတဲ့ ရုရှားတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်နေတယ် ဆိုတာကို ရုရှားတပ်ဖွဲ့တွေ ရှိနေတဲ့ နေရာတွေအကြောင်း အချက်အလက်တွေအရ သိရပါတယ်"

အခု ပစ်လိုက်တဲ့ လက်နက်တွေဟာ အဲဒီနေရာကို အရောက်မသွားဘဲနဲ့ အတိအကျမှန်အောင် ပစ်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီထိခိုက်ပျက်စီးမှုတွေဟာ မစ်ဆိုင်းဒုံးကျည်တွေကြောင့် မဟုတ်ဘဲ လက်နက်ကြီးတွေ၊ မော်တာအမြောက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

အဲဒီရေစုပ်စက်ရုံကို ၃ ရက်ဆက်တိုက် တိုက်ခိုက်ခံခဲ့ရတယ်လို့ ရေကုမ္ပဏီ အကြီးအကဲက ပြောပါတယ်။

"အဲဒီမှာ စစ်ရေးအရ တိုက်ခိုက်ရမယ့် ပစ်မှတ်မျိုး လုံးဝ မရှိပါဘူး၊ မြို့ထဲမှာ ဂက်စ်၊ လျှပ်စစ်မီးနဲ့ ရေတွေ မရအောင် ရုရှားတပ်ဖွဲ့တွေက မြို့ရဲ့ အခြေခံအဆောက်အအုံကို ဖျက်ဆီးပစ်နေတယ် ဆိုတာ ကျွန်တော် ရာနှုန်းပြည့် ပြောရဲပါတယ်"လို့ မစ္စတာ မာလီယက်ကို က ပြောပါတယ်။

တခြားနေရာက စက်ရုံနှစ်ခုလည်း ဖျက်ဆီးခံခဲ့ရပြီး မြို့လူထု အများစု သောက်သုံးရေ ပြတ်လပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ပိုင်းဆိုင်ရာ စည်းမျဉ်းတွေအရ သောက်သုံးရေ ထောက်ပံ့မှုမျိုးလို အရပ်သား ပြည်သူတွေရဲ့ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ နေရာအဆောက်အအုံတွေအပေါ် တမင် ကြိုတင် စီစဉ်ပြီး ပစ်မှတ်ထား တိုက်ခိုက်တာကို တားမြစ်ထားပါတယ်။

"ဒီလို တိုက်ခိုက်တာမျိုးကြောင့် ပြည်သူလူထုကို ထိတ်လန့်တကြား ဖြစ်စေပါတယ်၊ တကယ်လို့ ဒေသခံတွေ အစုလိုက်အပြုံလိုက် အန္တရာယ် ကျရောက်လာမယ် ဆိုရင် ဒေသန္တရ အာဏာပိုင်တွေက လိုက်လျောညှိနှိုင်းမှုတွေ လုပ်လာမယ်၊ မြို့က အညံ့ခံ အရှုံးပေးလာမယ်လို့ ရုရှားတို့ဘက်က မျှော်လင့်ထားပုံရပါတယ်"

သောက်သုံးရေ ဖြတ်ဖို့ တခြားနေရာတွေက တိုက်ခိုက်မှုများ

  • မာရီယူပိုလ်မြို့မှာ ရေလှောင်ကန် တစ်ခုကနေ သွယ်ထားတဲ့ အဓိက ရေပိုက်လိုင်းကြီးနဲ့ ရေစုပ်စက်ရုံတွေကို ရုရှားတပ်ဖွဲ့တွေက တမင် ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ မာရီယူပိုလ် မြို့ကောင်စီက ပြောပါတယ်။
  • ·နိုင်ငံတဝန်းမှာ တခြား သောက်သုံးရေ စက်ရုံတွေ နဲ့ ရေသန့်စက်ရုံတွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

၃။ သူတို့လက်ချက်မဟုတ်ဘူးလို့ ရုရှားငြင်းဆို

မြို့မှာ အရမ်းလိုအပ်နေတဲ့ ပေါင်မုန့်တွေ ရောက်လာပြီဆိုတဲ့ သတင်းကို မတ်လ ၁၆ ရက်နေ့ မနက်မှာ ယူကရိန်း သတင်းထောက် အလီနာ ကလီမန်ကို ကြားခဲ့ရပါတယ်။ သူ့ဖခင် ဗီတယ်လီက ပေါင်မုန့်ဝေတဲ့နေရာကို အပြေးသွားပြီး တန်းစီခဲ့ပါတယ်။

ဒါပေမဲ့ ခဏလေး ကြာတဲ့အခါ အနားကအိမ်တစ်အိမ် ပစ်ခတ် တိုက်ခိုက်ခံရတဲ့အတွက် အဲဒီနေရာကနေ သူ ထွက်ခဲ့ပါတယ်။ အမြောက်သံတွေနဲ့ ယဉ်ပါးနေတဲ့ တခြားသူတွေကတော့ အဲဒီမှာ ဆက်တန်းစီနေခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ တန်းစီနေတဲ့ လူတန်းကြီး အမြောက် ထိမှန်ခဲ့ပါတယ်။

အဲဒီနေရာကို သတင်းထောက် အလီနာ အပြေးသွားပြီး အခင်းဖြစ်ပွားအပြီး ပုံတွေကို ရိုက်ယူခဲ့ပါတယ်။ အလောင်းတွေ မြေကြီးမှာ ပုံနေပုံ၊ အခင်းဖြစ်ရာနေရာကို အရေးပေါ် လူနာတင်ယာဉ်တစ်စင်း အမြန်မောင်းသွားပုံတွေကို သူ့ရဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

အဲဒီဖြစ်ရပ်အတွင်း အရပ်သား အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေရဲ့ အပြောအရ သိရပါတယ်။

အလီနာရဲ့ ဗီဒီယိုက အစစ်အမှန် ဖြစ်ပြီး မြို့ရဲ့ လူနေရပ်ကွက် တစ်ခုမှာ ဖြစ်ခဲ့တယ်ဆိုတာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။

အပစ်ခံရတဲ့ အမြောက်ကျည်တွေဟာ အရှေ့မြောက်ပိုင်းကနေ လာတာလို့ စစ်တပ်မှာ အမှုထမ်းခဲ့ဖူးတဲ့ အလီနာရဲ့ ဖခင်က ပြောပါတယ်။ ဒါဟာ ချာနီဟိဗ်မြို့ မြောက်ပိုင်းကနေ ကီလိုမီတာပေါင်းများစွာမှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ အလားတူနေတယ်လို့ Institute for the Study of War (ISW)စစ်ရေးလေ့လာတဲ့ အဖွဲ့ ရဲ့ တည်နေရာ ရှာဖွေရေးအဖွဲ့က ပြောပါတယ်။

လက်နက် ကျွမ်းကျင်သူ မာ့ခ် ကန်ချီယန်က ဘီဘီစီရဲ့ လေ့လာချက်ကို သုံးသပ်ကြည့်ခဲ့အပြီး အဲဒီထိခိုက်မှုဟာ ကီလိုမီတာ ၃၀ (၂၉ မိုင်)အထိ ပစ်လွှတ်နိုင်တဲ့ မစ်ဆိုင်းဒုံးကျည်တစ်ခုရဲ့ အားနဲ့ ကိုက်ညီနေတယ်လို့ ဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့က ရိုက်ယူခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာ ဒီလို လက်နက်တွေ တပ်ဆင်ထားတဲ့ ရုရှားတပ်ဖွဲ့တွေဟာ မြို့ရဲ့ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာ အကွာမှာ တပ်စွဲထားတာ တွေ့ရပါတယ်။

ချာနီဟိဗ်မြို့မှာ တပ်စွဲထားတဲ့ ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုပြီး ကိယက်ဗ်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးက အစပိုင်းမှာ မှားယွင်း ပြောဆိုခဲ့ပါတယ်။

ရရှားအစိုးရဘက်က အဲဒီမြို့မှာ ရုရှားတပ်ဖွဲ့တွေ လုံးဝ မရှိဘူးလို့ ချက်ချင်းပဲ ငြင်းချက်ထုတ်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ တမင် အကွက်ရိုက် ဇာတ်လမ်းဆင်ပြတာ ဖြစ်ရင်ဖြစ် မဟုတ်ရင် ယူကရိန်း မျိုးချစ်ဝါဒီတွေရဲ့ လက်ချက်နဲ့ အရပ်သားတွေ သေဆုံးခဲ့ရတာ ဆိုပြီး တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။

ရုရှားအစိုးရဘက်က ဒီလို ငြင်းဆိုတဲ့ သာဓကမျိုးတွေ အများအပြား ရှိခဲ့ပါတယ်။

တခြားနေရာတွေမှာလည်း သူတို့ လက်ချက်မဟုတ်ဘူးလို့ ရုရှား ငြင်းဆိုထား

  • ဘူချာမြို့မှာ လူသေအလောင်းပုံတွေဟာ ရုရှားတပ်တွေ ဆုတ်ခွာပြီးမှ တမင် ဇာတ်လမ်းဆင်ထားတာ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ပြောပါတယ်။ သူ့ရဲ့ ပြောဆိုချက်က ဂြိုဟ်တုက ရိုက်ထားတဲ့ပုံတွေနဲ့ ကွဲလွဲနေပြီး ရုရှားအစိုးရ တာဝန်ရှိသူတွေရဲ့ နောက်ထပ် ပြောဆိုချက်အများအပြားဟာလည်း မမှန်ကြောင်းကို ဘီဘီစီက ထုတ်ဖော်ခဲ့ပါတယ်။
  • မေလတုန်းက မာရီယူပိုလ်မြို့ သားဖွားဆေးရုံတစ်ရုံ ဗုံးကြဲခံရတယ်ဆိုတဲ့ ဖြစ်ရပ်ဟာလည်း ဇာတ်လမ်းဆင်ထားတာ ဖြစ်တယ်လို့ လန်ဒန်မြို့မှာ ရှိတဲ့ ရုရှားသံရုံးက မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အဲဒီစွပ်စွဲချက် မမှန်ဘူးဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
  • မာရီယူပိုလ်မြို့မှာ အရပ်သားတွေ ခိုလှုံနေတဲ့ ပြဇာတ်ရုံတစ်ခု တိုက်ခိုက်ခံခဲ့ရမှုအတွင်း လူ ၃၀၀ လောက် သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့ကြပြီး ရုရှားတို့ကတော့ ဒါဟာ သူတို့ရဲ့ လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

စစ်ရာဇဝတ်မှု အထောက်အထား

စစ်ရာဇဝတ်မှုတွေအတွက် တရားစွဲဆို အရေးယူနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အရပ်သားတွေအပေါ် တမင် ရည်ရွယ် ပစ်မှတ်ထား တိုက်ခိုက်နေတယ် ဆိုတဲ့ သိသာထင်ရှားတဲ့ အထောက်အထား ရဖို့ လိုပါတယ်။

ပုံတွေ၊ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကနေ ကနဦး အစပြုလို့ ရနိုင်တယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စုံစမ်းစစ်ဆေးရေး ညှိနှိုင်းရေးမှူးဟောင်း ပါမောက္ခ အလက်စ် ဝှိုက်တင်း က ပြောပါတယ်။

ဒါပေမဲ့ အဲဒီနောက်မှာ စုံစမ်းရေးမှူးတွေအနေနဲ့ အခြေခံကျတဲ့ မေးခွန်းတွေ တသီတတန်းကြီးကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်။

  • ဒီပစ်မှတ်တွေက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ လို့ သိနိုင်လောက်သလား
  • အဲဒီနေရာမှာ စစ်ရေးအရ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိခဲ့သလား
  • ဒီလို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အချက်အလက် ကွဲလွဲမှု ဒါမှမဟုတ် လက်နက် ချို့ယွင်းမှုတစ်ခုကြောင့် မှားပြီး လုပ်ခဲ့မိတာလား

စစ်ပွဲ တလျှောက်လုံးမှာ ရုရှားတပ်ဖွဲ့တွေ အချင်းချင်းအကြား ဆက်သွယ်ပြောနေတာတွေကို ကြားဖြတ် ဖမ်းယူထားတာ ဆိုတဲ့ အချက်အလက်တွေကိုယူ ကရိန်းထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်နေပါတယ်။

အဲဒီထဲက တစ်ခုမှာဆိုရင် ရုရှားလေသံနဲ့ လူတစ်ယောက်က အရပ်ဘက် ကားတစ်စင်းကို ပစ်ဖို့ အမိန့်ပေးနေတာကို ကြားနိုင်ပါတယ်။

အဲဒီအမိန့်ပေး ပြောဆိုမှုတွေက တကယ့်အစစ် ဟုတ်မဟုတ် ဆိုတာကို ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ရုရှားတပ်ဖွဲ့တွေ အမြဲလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကို ပုံဖော်ကြည့်ခြင်းအားဖြင့် တရားစွဲဆို အရေးယူဖို့ ပိုခိုင်မာလာနေပါတယ်။

စစ်ဘက်ဆိုင်ရာ နည်းဗျူဟာ သုံးပြီး လုပ်နေတယ် ဆိုတာကို ပုံဖော်ပြဖို့အတွက် ရေထုတ်လုပ်တဲ့ စက်ရုံတွေ၊ ဆေးရုံတွေ ဒါမှမဟုတ် စူပါမားကက်တွေကို အမြဲ တိုက်ခိုက်ခံနေရသလားဆိုတာကို နိုင်ငံတဝန်းက ဖြစ်ရပ်တွေနဲ့ ပြနိုင်အောင် စုံစမ်းစစ်ဆေးရေးမှူးတွေက သုံးသပ်ကြမှာ ဖြစ်တယ်လို့ လူ့အခွင့််အရေး ဥပဒေ ကျွမ်းကျင်သူ ဆာရက်တာ အက်ရှ်ရက်ဖ် က ပြောပါတယ်။

"တမင်ပစ်မှတ်ထား လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေကို ဒါက ဖော်ပြနိုင်ပါလိမ့်မယ်၊ အရပ်ဘက် လူထုကို ဒူးထောက်အညံ့ခံလာအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေသလားဆိုတာ ပိုထင်ရှားလာပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

ယူကရိန်းစစ်ပွဲက ဆက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အရင်စစ်ပွဲတွေတုန်းက ရုရှားတို့ သုံးခဲ့တဲ့ စစ်ရေးပရိယာယ်တွေကို သူပြန်အမှတ်ရနေမိတယ်လို့ မစ်စ်အက်ရှ်ရက်ဖ် က ပြောပါတယ်။

"ယူကရိန်းမှာ ရုရှားတို့ လုပ်နေတဲ့ လုပ်ရပ်တွေဟာ ဆီးရီးယားမှာ လုပ်ခဲ့တဲ့ ဆိုးဝါးလှတဲ့ လုပ်ရပ်တချို့ ကို တစ်ကျော့ပြန် ထင်ဟပ်ပြနေတာလို့ ပြောချင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒီသတင်းဆောင်းပါးမှာ အထောက်အထားနဲ့ ဖော်ပြထားတဲ့ ဖြစ်ရပ်ကိစ္စတွေအားလုံးနဲ့ ပတ်သက်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိ တုံ့ပြန်ချက် တစ်စုံတရာ မရခဲ့ပါဘူး။