ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မာရီယူပိုးလ်ကိုရဖို့ ရုရှားအတွက် ဘာကြောင့် အရေးကြီးတာလဲ
- ရေးသားသူ, ဖရန့် ဂါ့ဒ်နာ
- ရာထူးတာဝန်, လုံခြုံရေးသတင်းထောက်
- ရေးသားခဲ့သည်။
မာရီပိုးလ်မြို့ဟာ ရုရှားနဲ့ ယူကရိန်းတိုက်နေတဲ့စစ်ပွဲအတွင်း ဗုံးဒဏ် အကြီးအကျယ်အခံရဆုံးနဲ့ အပျက်အစီး အများဆုံးမြို့ ဖြစ်သလို ရုရှားက သိမ်းပိုက်နိုင်ဖို့ အသည်းသန် ကြိုးစားနေတဲ့ မြို့ပါ။
ဒါဆိုရင် ဒီမြို့ ဟာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုအတွက် သော့ချက် ဘာကြောင့် ဖြစ်နေတာလဲ ။
ယူကရိန်းရဲ့ တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပူးလ်မြို့ကို သိမ်းယူလိုက်နိုင်ရင် ရုရှား အတွက် ဗျူဟာမြောက် အောင်ပွဲဖြစ်လာမယ့် အဓိက အကြောင်းအရင်း လေးချက်ရှိနေပြီး အဲဒါတွေက ယူကရိန်းအတွက် အဓိကထိုးနှက်ချက်တွေ ဖြစ်လာနိုင်ပါတယ်။
၁။ ခရိုင်းမီးယားနဲ့ ဒွန်ဘာ့စ်ကြား ချိတ်ဆက်ပေးတဲ့လမ်းဖြစ်လာဖို့
ပထဝီအနေအထားအရ မာရီယူပိုးလ်မြို့ဟာ မြေပုံပေါ်မှာ သေးငယ်တဲ့ နေရာတစ်ခု ဖြစ်ပေမဲ့ အခုအချိန်မှာ ခရိုင်းမီးယားကျွန်းဆွယ်ဘက်က တက်လာတဲ့ ရုရှားတပ်တွေရဲ့ လမ်းကြောင်းကို အဓိကခုခံ တားဆီးနေတဲ့နေရာ ဖြစ်နေပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘာ့စ်ဒေသက ယူကရိန်းခွဲထွက်ရေးသမားတွေနဲ့ သူတို့ရဲ့ မဟာမိတ်တပ်တွေ ချိတ်ဆက်မိသွားဖို့ ကြိုးစားမှုအနေနဲ့ ရုရှားတပ်တွေက အရှေ့မြောက်ဘက်ကို ချီတက်ဖို့ ကြိုးစားနေပါတယ်။
ယူကေ ပူးတွဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး ဆာရစ်ချတ် ဘာရွန်စ်က မာရီယူပိုးလ်မြို့ကို သိမ်းပိုက်တဲ့ကိစ္စဟာ ရုရှား စစ်ရေးအတွက် အရမ်းအရေးကြီးတယ်လို့ ပြောပါတယ်။
"ရုရှားတွေက ဒီတိုက်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ပြီလို့ ခံစားမိဖို့ဆိုရင် သူတို့အနေနဲ့ ရုရှားကနေ ခရိုင်းမီးယားကိုဆက်သွယ်မယ့် လမ်းကြောင်း တစ်ခုတည်ဆောက်နိုင်ဖို့ လိုပါတယ်။ ပြီးတော့ အဲ့ဒါမှ မဟာဗျူဟာမြောက်အောင်ပွဲ တစ်ခုရပြီလို့ သူတို့မြင်လာကြမှာပါ ။"
မာရီယူပိုးလ်ကို သိမ်းပိုက်နိုင်လိုက်ရင် ရုရှားဟာ ယူကရိန်းရဲ့ ပင်လယ်နက်ကမ်းရိုးတန်းဒေသ ၈၀% ကျော်ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားမှာဖြစ်သလို ယူကရိန်းရဲ့ ရေကြောင်းကုန်သွယ်မှုကို ပါ ဖြတ်တောက်မှာဖြစ်ပြီး ကမ္ဘာနဲ့လည်း သီးခြားခွဲထားနိုင်လိုက်မှာ ဖြစ် ပါတယ်။
ချီတက်လာတဲ့ ရုရှားတပ်တွေကို ခုခံတွန်း လှန်ပြီး မြို့ကို ကာကွယ်နေတဲ့ ယူကရိန်းတပ်တွေအတွက်ကတော့ အင်အားကြီးမားတဲ့ ရုရှားတပ်တွေကို တားဆီးနိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ ရုရှားတပ်တွေက မြို့ကိုမြန်မြန် မသိမ်းပိုက်နိုင်တာကြောင့် ရုရှားတပ်မှူးတွေကို ၂၁ ရာစုပုံစံ အလယ်ခေတ် သိမ်းပိုက်ဝိုင်းရံတဲ့ နည်းဗျူဟာကို အသုံးပြုဖို့ တွန်းအားပေးခံရသလိုလည်း ဖြစ်နေပါတယ်။
သူတို့ဟာ မာရီယူပိုးလ်မြို့ကို အမြောက်တွေ၊ ဒုံးပျံတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး မြို့ရဲ့ ၉၀%ကျော်ကို ပျက်စီးအောင်လုပ်ခဲ့ကြပါတယ်။
ပြီးတော့ လျှပ်စစ်မီး၊ အပူပေးတာ၊ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကိုပါ သုံးလို့မရအောင် ဖြတ်တောက်ခဲ့လို့ လူဖန်တီးတဲ့ ကပ်ဘေးဒုက္ခကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါအတွက် ရုရှားကတော့ တနင်္လာနေ့ မနက် ၅ နာရီ နောက်ဆုံးထား လက်နက်ချဖို့ အကြောင်းကြားထားတာကို ငြင်းဆိုခဲ့တဲ့ ယူကရိန်းကိုပဲ အပြစ်တင်ပါတယ်။
ယူကရိန်းလွှတ်တော်အမတ်တစ်ဦးကတော့ ရုရှားဟာ "မာရီယူပိုးလ်မြို့ လက်နက်ချဖို့ အငတ်ဘေးကျအောင် လုပ်နေတယ်" လို့ စွပ်စွဲထားပါ တယ်။
ယူကရိန်းဘက်ကလဲ မြို့ကို နောက်ဆုံးတပ်သားကျန်တဲ့အထိ ခုခံကာ ကွယ်သွားမယ်လို့ ကတိပေးထား ပါတယ်။
အဲဒီ့အခြေအနေကို ရောက်သွားနိုင်တဲ့ သဘောမျိုးလည်း ဖြစ်နေပါတယ်။ ရုရှားတပ်တွေဟာ မြို့လယ်ကိုရောက်လာအောင် တဖြည်းဖြည်း ချဥ်းကပ်လာကြပါတယ်။ ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး မရရင် ရုရှားဘက်က ဗုံးကြဲတိုက်ခိုက်မှု ပို ပြင်းထန်လာဖို့ ရှိနေပါတယ်။ လက်နက်ကိုင် ခုခံကာကွယ်သူတွေနဲ့ အဲဒီမှာရှိနေသေးတဲ့ အရပ်သား နှစ်သိန်းကျော်ဟာလည်း ရုရှားတပ်တွေရဲ့ အဝိုင်းခံနေရပါတယ်။
တကယ်လို့ ရုရှားကသာ မာရီယိုလ်ပူးမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ရင် အဲ့ဒီမှာရှိနေတဲ့ ရုရှားစစ်အင်အား ၆၀၀၀ ကို အင်အား ၁၀၀၀ ပါ တိုက်ခိုက်ရေး နည်းဗျူဟာ အုပ်စုတွေ ပြန်ဖွဲ့ပြီး ယူကရိန်းနိုင်ငံတဝန်းက ရုရှား စစ်မျက်နှာတွေဆီ အားဖြည့်စေလွှတ်နိုင်မှာပါ။
အဲ့ဒီ့တပ်တွေ စေလွှတ်ဖို့ အလားအလာရှိတဲ့ နေရာတွေကို အခုလို တွေ့နိုင်ပါတယ်။
- ဒွန်ဘာ့စ်ဒေသက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်နေတဲ့ ယူကရိန်း အမြဲတမ်းတပ်ဖွဲ့တွေကို ဝိုင်းပတ်ချေမှုန်းဖို့ အရှေ့မြောက်ဘက်ကို စေလွှတ်နိုင်တာ
- ယူကရိန်းရဲ့ နောက်ဆုံးလက်ကျန် အဓိကထွက်ပေါက်ဖြစ်နေဆဲ အိုဒက်ဆာမြို့ရှိတဲ့ အနောက်ဘက် ပင်လယ်နက်ဒေသကို စေလွှတ်နိုင်တာ
- အနောက်မြောက်ဘက် ဒနီပရို မြို့ဘက်ကို စေလွှတ်နိုင်တာ
၂။ ယူကရိန်းစီးပွားရေး အကျပ်တွေ့အောင်လုပ်ဖို့
မာရီယူပိုးလ်မြို့ဟာ ပင်လယ်နက်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အာဇော့ဗ်ပင်လယ်ရဲ့ မဟာဗျူဟာအရ အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်နေတာ ကြာပါပြီ။
မာရီယူပိုးလ်မြို့က ဆိပ်ကမ်းဟာ အာဇုဗ်ပင်လယ်ဒေသက အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး သံနှင့်သံမဏိလုပ်ငန်းတွေရှိတဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။
ပုံမှန်အချိန်တွေမှာဆိုရင် မာရီယူပိုးလ်မြို့ကနေ ယူကရိန်းထွက်ကုန်တွေဖြစ်တဲ့ သံမဏိ၊ ကျောက်မီးသွေးနဲ့ ပြောင်းတွေကို အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံတွေက ဖောက်သည်တွေဆီ ပို့နေတဲ့ အဓိကအချက်အချာကျတဲ့နေရာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို တရားမဝင်သိမ်းပိုက်ပြီးနောက် အခုအချိန်အထိ ရှစ်နှစ်တာကာလအတွင်း မာရီယူပိုးလ်မြို့ဟာ ခရိုင်းမီးယားက ရုရှားတပ်ဖွဲ့တွေ၊ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ဒွန်ညက်စ်နဲ့ လူဟန့်စ်တို့က ကိုယ့်ကိုယ်ကိုယ် လွတ်လပ်တဲ့ သမ္မတနိုင်ငံအဖြစ်ကြေညာထားတဲ့ ရုရှားထောက်ခံရေးသမားတွေရဲ့ ကြားထဲ ကို ရောက်နေတာပါ။
မာရီယိုပူးလ်မြို့ ကို ဆုံးရှုံးလိုက်ရရင် ကျန်ရှိနေတဲ့ ယူကရိန်းစီးပွားရေးအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။
၃။ ဝါဒဖြန့်ချိရေး အခွင့်အလမ်း
မာရီယိုပူးလ်မြို့မှာ ကျန်ပင်လယ်နက်ဒေသနဲ့ မာရီယိုပူးလ်မြို့ ကို ဆက်သွယ်ထားတဲ့ အာဇော့ဗ် ပင်လယ်နာမည်ကို အစွဲပြုထားတဲ့ အာဇော့ဗ် တပ်မဟာလို့ခေါ်တဲ ယူကရိန်းပြည်သူ့စစ်တပ်ဖွဲ့ အခြေစိုက်တဲ့ အဖွဲ့ရှိပါတယ်။ အဇော့ဗ် တပ်မဟာဟာ နာဇီလက်သစ်တွေနဲ့ လက်ယာအစွန်းရောက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဲ့ဒီ ယူကရိန်းတိုက်ခိုက်ရေးတပ်ဖွဲ့ အင်အားက နည်းနည်းလေးပဲ ရှိတယ်ဆိုပေမဲ့ သူတို့တပ်ဖွဲ့ဟာ ရုရှားအတွက်တော့ အသုံးဝင်မယ့် ဝါဒဖြန့်လက်နက်တစ်ခု ဖြစ်နေပါတယ်။ တိုက်ပွဲဝင်ဖို့ ယူကရိန်းကို လူငယ်တွေကို စေလွှတ်နေတာဟာ အဲ့ဒီမှာရှိတဲ့ နာဇီလက်သစ်တွေကို ဖယ်ရှားသုတ်သင်ပစ်ဖို့လို့ ရုရှားလူထုကို အကြောင်းပြ ဝါဒဖြန့်ထားတာပါ။
တကယ်လို့ ရုရှားက အဇော့ဗ်တပ်မဟာက တိုက်ခိုက်ရေးသမား အများအပြားကို အရှင်လ တ်လတ် ဖမ်းမိခဲ့မယ်ဆိုရင်လည်း ယူကရိန်းနဲ့ ယူကရိန်း အစိုးရကို သိက္ခာကျအောင် သတင်း အချက်အလက်စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနိုင်ငံပိုင် မီဒီယာတွေမှာ အောင်ပွဲခံ ချပြမယ့် အခြေအနေ ရှိပါတယ်။
၄။ စိတ်ခွန်အား အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်
တကယ်လို့ ရုရှားက မာရီယူပူးလ်မြို့ ကို သိမ်းပိုက်နိုင်လိုက်ရင် ဒီစစ်ပွဲမှာ နှစ်ဖက်စလုံးအတွက် ကြီးမားတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဖြစ်လာမှာပါ။
မာရီယူပူးလ်အောင်ပွဲက ရုရှားအနေနဲ့သူ့ ရည်မှန်းချက်တွေ အောင်မြင်ပြီး တိုးတက်မှုရှိ တယ်ဆိုတာ အစိုးရပိုင်မီယာကတဆင့် သူ့နိုင်ငံကလူတွေကို ပြသနိုင်မှာ ဖြစ်ပါတယ်။
ဒီစစ်ပွဲဟာ သမ္မတပူတင်အတွက် ပုဂ္ဂိုလ်ရေးအရရော သမိုင်းဆိုင်ရာ အရရော အရေးပါမှု တစ်ခုဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ကမ်းရိုးတန်းကို ၁၈ ရာစု ရုရှားပိုင်မြေ Novorossiya လို့ခေါ်တဲ့ ရုရှားနိုင်ငံတော်သစ်အဖြစ် (New Russia) အဖြစ် သူက မြင်နေတာပါ။
ရုရှားသမ္မတပူတင်ဟာ ကိယက်ဗ်မြို့က အနောက်အုပ်စုကို ထောက်ခံတဲ့ အစိုးရရဲ့ အာဏာရှင် ဆန်မှုတွေကနေ ရုရှားတွေကို ကယ်တင်ဖို့ လုပ်နေတယ်ဆိုတဲ့ အယူအဆကို လည်း ပြန်လည် အသက်သွင်း ချင်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မာရီယိုပူးလ်မြို့ဟာ သူလုပ်ချင်တဲ့ ရည်မှန်းချက်အကောင်အထည်ဖော်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
ဒါပေမဲံ ယူကရိန်းနိုင်ငံသားတွေအတွက်ကတော့ မာရီယူပိုးလ်မြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဟာ စစ်ရေးအတွက်နဲ့ စီးပွားရေးအတွက်တင်သာမက သူတို့နိုင်ငံကို ခုခံကာကွယ်နေတဲ့ မြေပြင်က အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ စိတ်ထဲမှာလည်း ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာ သေချာပါတယ်။
မာရီယူပိုးလ်မြို့မှာ ပြင်းထန်တဲ့ ခုခံမှုတွေရှိနေပေမယ့်လည်း မြို့ရဲ့အခြေအနေကိုကြည့်လိုက်ရင် တစ်မြို့လုံး ပြိုကျသလိုဖြစ်နေပြီး အပျက်အစီးတွေကလည်း အများကြီးပါ။
ရုရှားက ဗုံးကြဲပြီး ကျည်ဆန်မိုးတွေ ရွာခဲ့တဲ့ ချေချင်းညာက ဂရိုဇနီမြို့နဲ့ ဆီးရီးယားက အလက်ပိုမြို့တို့လို အုတ်ကျိုးအုတ်ပဲ့ အပျက်အစီး ပုံထဲရောက်နေတဲ့ အခြေအနေမျိုးဖြစ် လာနေပါပြီ။
မာရီယူပိုးလ်မြို့လို သူတို့ကို တွန်းလှန်တိုက်ခိုက်ရင် ယူကရိန်းက အခြားမြို့တွေလည်း ဒီလိုဘဝမျိုးရောက်သွားမယ်ဆိုတဲ့ သတင်းစကားပါးတာမျိုးလည်း ပေးချင်နေပါတယ်။
"ရုရှားတွေ မာရီယူပိုးလ်မြို့ထဲမှာ ဖြတ်လျှောက်သွားလို့မရဘူး။ အပျက်အစီးပုံတွေ ရှိနေတဲ့ အတွက် တင့်ကားတွေလည်း မောင်းလို့ရမှာ မဟုတ်ဘူး။ ပြီးတော့ ဒါမျိုးက တခြားဘယ်နေရာမှာ မဆိုတွေ့ နိုင်တဲ့အတွက် သူတို့အတွက် အခက်အခဲ ဖြစ်မှာ သေချာတယ်လို့ " ဗိုလ်ချုပ်ကြီး ဆာရစ်ချတ် ဘာရွန်စ်က ပြောပါတယ်။