ယူကရိန်းကို ရုရှားကျူးကျော်မှု - ရုရှားကျူးကျော်စစ်ရပ်ဖို့ ဂျာမန်ဝန်ကြီးချုပ်တောင်းဆို

ရေးသားခဲ့သည်။

ရုရှားကျူးကျော်စစ်ရပ်ဖို့ ဂျာမန်ဝန်ကြီးချုပ်တောင်းဆို

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ပွဲ ရပ်တန့်ဖို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ကတောင်းဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်စကီက ဂျာမနီ လွှတ်တော်မှာ ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပြီးနောက် ဂျာမန်ဝန်ကြီးချုပ်ရဲ့ အခုတောင်းဆိုချက်ထွက်ပေါ်လာခဲ့တာပါ။

ဂျာမန်ဝန်ကြီးချုပ်က ရုရှားကို စစ်ပွဲရပ်တန့်ဖို့ တောင်းဆိုခဲ့သလို သမ္မတပူတင်ဟာ ရုရှားလူငယ်တွေကိုပါ သေအောင် လုပ်နေတာလို့လည်း ပြောဆိုခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတခုအပေါ်မှာ အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲဆင်နွှဲနေတဲ့အတွက် ယူကရိန်းပြည်သူတွေ ရုရှားလူငယ်တွေ သေဆုံးနေကြတာဟာ အလွန်ကြေကွဲစရာကောင်းပါတယ်။ အဲဒီသေကြေဒဏ်ရာရမှုတွေ အတွက် မစ္စတာပူတင်တယောက်တည်းအပေါ်မှာ တာဝန်ရှိကြောင်း ရုရှားနိုင်ငံသားတွေ သိဖို့လိုအပ်ပါတယ် လို့ပြောသွားတာဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ဂျာမနီ စီးပွားရေးဖွံ့ဖြိုးမှု ထက်ဝက်လောက်ကျမယ်လို့ ခန့်မှန်း

ဂျာမန်စီးပွားရေးပညာရှင်အဖွဲ့အစည်းတခုဖြစ်တဲ့ The Kiel Institute for the World Economy ကရုရှားစစ်ပွဲကြောင့် ဂျာမနီစီးပွားရေးဖွံ့ဖြိုးမှုဟာ တဝက်နီးပါး ကျသွားလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူတို့အဖွဲ့ရဲ့ အရင်ခန့်မှန်းချက် ၄ ရာနှုန်းကနေ အခုအခါ ၂ ဒသမ ၁ ရာနှုန်းအထိ ပြင်ဆင်လျှော့ချခန့်မှန်းလိုက်တာ ဖြစ်ပါတယ်။ ကိုဗစ် မတိုင်ခင်က စီးပွားရေး အနေအထားအဆင့်ကို ဒုတိယနှစ်ဝက်မှာ ပြန်ရောက်လာလိမ့်မယ်ဆိုတဲ့ မူလခန့်မှန်းချက်ဟာလည်း နှောင့်နှေးသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။ သွင်းအားစုတွေ တင်သွင်းရခက်ခဲမှု ကုန်ကြမ်း စျေးနှုန်းကြီးမြင့်မှုနဲ့ ရောင်းအားကျဆင်းမှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှောင်းနှေးဖွယ်ရှိတယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

ရုရှားဝိုင်းထားတဲ့မြို့က လူ ၁၀၀၀ ကျော်ကို ကယ်ထုတ်

ရုရှားစစ်တပ်က ဝိုင်းထားတာခံနေရတဲ့ ယူကရိန်းဆိပ်ကမ်းမြို့ မာရီယူပိုးလ် ကနေ လူပေါင်း ၁၀၀၀ ကျော်ကို ကယ်ထုတ်ခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီလူတွေဟာ ဗုဒ္ဓဟူးနေ့က ရုရှားစစ်တပ် တိုက်ခိုက်တာခံခဲ့ရတဲ့ ကပွဲရုံကြီးရဲ့ မြေအောက်ခန်းမှာ ပုန်းအောင်းနေခဲ့ကြတာဖြစ်ပါတယ်။ တိုက်ခိုက်မှုခံခဲ့ရပေမဲ့ တယောက်မှ သေဆုံးခဲ့ပုံမရဘူးလို့ မာရီယူပိုးလ်မြို့ခံ လွှတ်တော်အမတ်တယောက်က ဘီဘီစီကို ပြောပါတယ်။

ရုရှားကတော့ ကပွဲရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ မဟုတ်ကြောင်းငြင်းဆိုပါတယ်။ ရုရှားစစ်တပ်ရဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သောင်းချီတဲ့ အရပ်သားတွေဟာ ပိတ်မိနေခဲ့ကြပါတယ်။

အကူအညီတွေက နောက်ကျလွန်းခဲ့တယ်လို့ ဂျာမန်လွှတ်တော်ကို မိန့်ခွန်းပြောရာမှာ ယူကရိန်းသမ္မတပြော

ယူကရိန်း သမ္မတ ဗလော့ဒီယာ ဇယ်လင်းစကီးက ဘာလင်က ဂျာမန် ဘွန်ဒက်စ်တက် လွှတ်တော်ကို ရုပ်သံကတဆင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ယူကေ လွှတ်တော်တွေမှာ သူပြောခဲ့တဲ့အတိုင်း အဲဒီနိုင်ငံခေါင်းဆောင်တွေကို ရုရှားရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ရာမှာ အရေးယူမှုတွေ ပိုလုပ်ကြဖို့ သူက ထပ်ပြောခဲ့ပါတယ်။

သူက ဂျာမနီကို ဦးဆောင်နေရာယူဖို့ ပြောခဲ့ပြီး ဥရောပမှာ ရုရှားက တည်ဆောက်ထားတဲ့ လွတ်လပ်မှုကို ဆန့်ကျင်တဲ့ တံတိုင်းကြီးကို ဖြိုချဖို့လည်း ဂျာမန် ဝန်ကြီးချုပ် အိုလက်ဇ် ရှော့ဇ်ကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်မှု မစခင်က အီးယူ နိုင်ငံတွေရဲ့ အရေးယူမှု မရှိခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အရေးယူပိတ်ဆို့မှုတွေက နောက်ကျခဲ့တယ်လို့ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

ပိုလန်ကို ယူကရိန်းက ထွက်ပြေးလာသူ ၂ သန်းရှိပြီ

စစ်ပွဲစကတည်းက ယူကရိန်းကနေ ပိုလန်ဘက်ကို ထွက်ပြေးလာသူ ၁.၉၅ သန်းရှိပြီလို့ ပိုလန် နယ်ခြားစောင့်အဖွဲ့က ဒီနေ့မနက်မှာ ပြောပါတယ်။

လူငါးသိန်းကျော်ဟာ တခြားနေရာတွေကို ဆက်ပြီး ထွက်ခွာသွားကြပြီလို့ ဝါဆော တက္ကသိုလ် လူဝင်မှု သုတေသနဌာနက ပါမောက္ခ Maciej Duszczyk က ပြောပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့တစ်နေ့တည်းမှာတင်ပဲ လူ ခြောက်သောင်းလောက် နယ်စပ်ဖြတ်ကျော်ရောက်လာခဲ့တယ်လို့ နယ်ခြားစောင့်အဖွဲ့က ပြောပြီး ဒါဟာ အင်္ဂါနေ့ကထက် ၁၁ ရာခိုင်နှုန်း ပိုနည်းသွားတာ ဖြစ်ပါတယ်။

ဟန်ဂေရီကို ဒုက္ခသည်တွေ နောက်တစ်ပတ် အများကြီးရောက်လာဖွယ်ရှိ

ယူကရိန်းက ထွက်ပြေးလာသူတွေ လာမယ့်သီတင်းပတ်မှာ ဟန်ဂေရီနိုင်ငံကို အများအပြား ရောက်လာဖွယ်ရှိတယ်လို့ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ပြောပါတယ်။

လူအများအပြား ဝင်ရောက်လာတာကို ကိုင်တွယ်ဖို့ နယ်ခြားစောင့်အဖွဲ့တွေဆီ အင်အားထပ်ပို့မယ်လို့ သူက ပြောပါတယ်။

မတ်လ ၁၄ ရက် အထိ လူ ၂ သိန်းခွဲကျော် ရောက်လာပြီး ဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

စစ်ပွဲပြီးဆုံးချိန်ရောက်ရင် လူ ကိုးသိန်းလောက်ရောက်လာမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဒုက္ခသည် ဝင်ရောက်လာမှုက သိသိသာသာ လျော့နည်း သွားပါတယ်။

မာရီယူပိုးလ်က အရပ်သားတွေ ခိုလှုံရာကို ရုရှား ချိန်ရွယ် ပစ်ခတ်တယ်လို့ ယူကရိန်း သမ္မတပြော

ရုရှားဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့က ယူကရိန်း အရပ်သားတွေ ရာချီပြီး ဗုံးခို ရှောင်တိမ်းနေတဲ့ အဆောက်အအုံကို ရုရှားက တမင်သက်သက် ချိန်ရွယ် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်း သမ္မတက စွပ်စွဲပြောဆိုပါတယ်။

အဲဒီအဆောက်အအုံ အပြင်ဘက် မြေပြင်မှာ "ကလေးတွေ" လို့ စာလုံးအကြီးကြီးနဲ့ ရုရှား ဂျက်လေယာဥ်တွေ ရှောင်ရှားနိုင်အောင် ရေးထားပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အများစုကတော့ ဗုံးဒဏ်က လွတ်မြောက်ဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

ရုရှားဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ မရှိဘူး၊ မတိုက်ခိုက်ဘူးလို့ ငြင်းထားပါတယ်။