သြစတြေးရဲတွေက အလိုအရှိဆုံးတရားခံပြေးတစ်ဦးကို ၁၂ နှစ်အကြာမှာ ဖမ်းမိ

ရေးသားခဲ့သည်။

သြစတြေးလျရဲတွေက ၁၂ နှစ်ကြာ လိုက်ရှာနေခဲ့ရတဲ့ နိုင်ငံထဲမှာ ရဲတွေအလိုအရှိနေဆုံး တရားခံပြေးတစ်ယောက်ကို ဖမ်းမိလိုက်ပါပြီ။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဂရေဟမ်ပေါ်တာဟာ ၂၀၁၀ ခုနှစ်က လူသတ်ရန်ပူးပေါင်းကြံစည်ခဲ့မှုနဲ့ ဗစ်တိုးရီးယားပြည်နယ်ထဲက တရားရုံးတစ်ခုကို လာရောက်ဖို့ ရှိပေမဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။

သူဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ကွင်းစလန်ပြည်နယ်ထဲရောက်နေတယ်ဆိုတဲ့ သတင်းရခဲ့ပြီးတဲ့နောက် ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၁ ရက် တနင်္လာနေ့ မနက်မှာ သူ့ကို ရဲတွေက ဖမ်းမိခဲ့ပါတယ်။

သူ့ကို ဖမ်းမိတဲ့အချိန်မှာ တွေ့ရတဲ့မြင်ကွင်းမှာတော့ သူဟာ ပြိုကျပျက်စီးနေတဲ့ အခန်းတစ်ခုထဲမှာ မတ်တပ်ရပ်နေတာကို မြင်ရပါတယ်။ နောက်တော့ ရဲတွေက သူ့ကို လက်ထိပ်ခတ်ပြီး ခေါ်ထုတ်သွားပါတယ်။

ဂရေဟမ်ပေါ်တာဟာ ၁၉၈၁ ခုနှစ်တုန်းက မိန်းကလေးငယ်တစ်ဦးကို ခေါင်းဖြတ်သတ်မှုနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူဖြစ်ပါတယ်။ အဲဒီပြစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်ကျခံပြီးတဲ့နောက် လွတ်မြောက်လာခဲ့ပါတယ်။

တနင်္လာနေ့မှာ သူ့ကိုဖမ်းမိတော့ သူဟာ ကွင်းစလန်ပြည်နယ်ရဲ့ မြောက်ဖျားအစွန်က ရာဗင်ရှူးအရပ်က အိမ်တစ်အိမ်မှာ ရှိနေခဲ့ပါတယ်။

သူထွက်ပြေးတဲ့အချိန်က လူသတ်မှုမှာ ပူးပေါင်းကြံစည်မှုအပြင် ဒေါ်လာ ၃၁၇သန်း တန်ဖိုးရှိတဲ့ ကုတ်ကင်းနဲ့ မူးယစ်ဆေးပြားတွေမိလို့ ဖက်ဒရယ်တရားရုံးမှာ အမှုတွေ ရင်ဆိုင်ရဖို့ ရှိနေချိန်လည်း ဖြစ်ပါတယ်။

အဲဒီလို သူထွက်ပြေးသွားချိန်ကစလို့ သူ့ကို ဟိုနေရာ ဒီနေရာမှာတွေ့တယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပေမဲ့ တကယ်တန်းရှာမတွေ့ဘဲ ၂၀၁၇ မှာတော့ သူ့ကို ရှာဖွေတာတွေ ရပ်ဆိုင်းထားလိုက်ကြတယ်လို့ သြစတြေးလျက The Age သတင်းစာဖော်ပြချက်အရ သိရပါတယ်။

သူ့ကို ဖမ်းမိရင် ဆုငွေ သြစတြေးလျ ဒေါ်လာတစ်သိန်းပေးမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပေါ်တာဟာ သူ့ကို မမှတ်မိအောင် ရုပ်ပြောင်း အသွင်ပြောင်းတာတွေ အမျိုးမျိုးလုပ်ပြီးနေသွားခဲ့တဲ့ အထောက်အထားတွေအဖြစ် ဖမ်းမိချိန်မှာ သူ့ဆီမှာ ဆံပင်ဆိုးဆေးနဲ့ တခြားပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဗစ်တိုးရီးယားပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုတော့ အင်မတန်ဆိုးဝါးတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ အလိုရှိနေတဲ့ အရေးကြီးတဲ့ တရားခံပြေးတစ်ယောက်ကို ကာလတာရှည် ရှာဖွေနေရမှုတွေ အဆုံးသတ်ခဲ့ပါပြီလို့ ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့ရဲ့ မှုခင်းထိန်းချုပ်ရေးဌာန ဒုတိယရဲမှူးကြီး မစ်ဖရာဝင်က ဆိုပါတယ်။

ပေါ်တာကို ဗစ်တိုးရီးယားပြည်နယ်ကို လွှဲပြောင်းပေးသွားမှာဖြစ်ပြီး သူ အဲဒီမှာ တရားဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။