ဘုရင်မကြီး ကိုဗစ်ကူးစက်ခံရ

    • ရေးသားသူ, ဒါလ်ချီလီး
    • ရာထူးတာဝန်, BBC News
  • ရေးသားခဲ့သည်။

ဘုရင်မကြီးမှာ ကိုဗစ်ကူးစက်ခံနေရတာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း ဘာကင်ဟမ်နန်းတော်က ပြောပါတယ်။

အအေးမိတဲ့ ရောဂါအပျော့စားမျိုး ခံစားနေရပေမဲ့ လာမယ့်အပတ်ထဲမှာတော့ ဝင်ဆာမှာ ဆက်နေပြီး သိပ်မပင်ပန်းတဲ့ တာဝန်တွေဆက်လုပ်နေမှာဖြစ်တယ်လို့ မျှော်လင့်ရကြောင်းလည်း နန်းတော်က ကြေညာပါတယ်။

"ဘုရင်မကြီးဟာ ဆေးကုသမှုဆက်ခံယူနေမှာဖြစ်သလို (ကိုဗစ်နဲ့ပတ်သက်တဲ့) သင့်တော်တဲ့လမ်းညွှန်ချက်တွေကိုလည်း လိုက်နာမှာဖြစ်တယ်" လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သက်တော် ၉၅ နှစ်ပြီဖြစ်တဲ့ ဘုရင်မကြီးဟာ ထီးနန်းလျာလည်း ဖြစ်သူ သူ့ရဲ့ သားတော်ကြီး ဝေလမင်းသားချားလ်စ်နဲ့ ထိတွေ့မှုရှိခဲ့ပြီး ချားလ်စ်မင်းသားကိုယ်တိုင်လည်း ပြီးခဲ့တဲ့အပတ်ကပဲ ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။

ဘုရင်မကြီးအခုလက်ရှိနေနေတဲ့ ဝင်ဆာနန်းတော်မှာလည်း လူအတော်များများ ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က "ဘုရင်မကြီး ကိုဗစ်ကူးစက်မှုကနေ အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး သူ့ရဲ့ မူလကကောင်းမွန်နေတဲ့ ကျန်းမာရေးမျိုးပြန်ရစေကြောင်း ကျွန်တော်နဲ့အတူ အားလုံးကဆုတောင်းပေးနေကြပါတယ်လို့" တွစ်တာကနေ ရေးသားခဲ့ပါတယ်။

ဘုရင်မကြီးဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့က သူ့ရဲ့ နန်းစံသက် အနှစ် ၇၀ ပလက်တီနမ်ရတုကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီ အထိမ်းအမှတ်နဲ့ ဆန်ဒရင်ဟမ်စံအိမ်တော်မှာ ပရဟိတလုပ်သားတွေကို တွေ့ဆုံဧည့်ခံစကားပြောခဲ့ပါတယ်။ ဒါဟာ ဘုရင်မကြီးအတွက် သုံးလအတွင်း အကြီးဆုံး လူထုတွေ့ဆုံပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

ဘုရင်မကြီးဟာ ဧပြီလထဲမှာ သက်တော် ၉၆ နှစ်ပြည့်မှာပါ။ သူ့ရဲ့ ပထမဆုံး ကာကွယ်ဆေးကို ၂၀၂၁ ဇန်နဝါရီမှ အထိုးခံခဲ့ပြီး နောက်ထပ်ဆေးတွေအားလုံးလည်း ထိုးနှံပြီးပြီလို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဆေးရုံမှ တစ်ညအိပ်ဆေးစစ်မှုတွေ ခံယူခဲ့ပြီးတဲ့နောက်မှာ ဘုရင်မကြီးဟာ အရင်ကထက်စာရင် ပိုပြီး အေးအေးသက်သာနေတဲ့ ပုံစံမျိုးတွေ့ရတယ်လို့ ဘီဘီစီ တော်ဝင်သတင်းထောက် နစ်ကိုလပ်ဝစ်ချယ်က ပြောပါတယ်။အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်မင်းသားလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုဗစ်ကူးစက်ခံနေရကြောင်းတွေ့ခဲ့ရပါတယ်။ သူက မယ်တော်ဘုရင်မကြီးနဲ့ အဲဒီအရင် နှစ်ရက်ကမှ တွေ့ခဲ့သူပါ။ ကိုဗစ်ရောဂါလက္ခဏာတွေဟာ ပိုးကူးခံရပြီးလို့ နှစ်ရက်က ၁၄ ရက်အတွင်း ပေါ်လာတတ်ပါတယ်။

ချားလ်စ်မင်းသားရဲ့ ကြင်ယာတော် ကာမီလာလည်း သူ့ခင်ပွန်းသည် ကိုဗစ်ကူးခံရပြီး ရက်ပိုင်းအတွင်းမှာလည်း သူ့မှာလည်း ဗိုင်းရပ်စ်ရှိနေကြောင်းတွေ့ခဲ့ရပါတယ်။

တော်ဝင်မိသားစုအတွင်း ကိုဗစ်ကူးစက်ခံရသူတွေ

  • မတ် ၂၀၂၀:ချားလ်စ်မင်းသားမှာ ကိုဗစ်ပိုးတွေ့
  • ဧပြီ ၂၀၂၀: မင်းသားဝီလျံမှာ ကိုဗစ်ပိုးတွေ့
  • ဇန်နဝါရီ ၂၀၂၁: ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့ ပထမဆုံးကာကွယ်ဆေးထိုး
  • ဖေဖေါ်ဝါရီ: ချားလ်စ်မင်းသားနဲ့ ကြင်ယာတော် ကာမီလာတို့ ပထမဆုံးကာကွယ်ဆေးထိုး
  • ၈ ဖေဖေါ်ဝါရီ ၂၀၂၂ : ဝင်ဆာရဲတိုက်မှာလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဘုရင်မကြီးနဲ့ သားတော်ချားလ်စ်တို့တွေ့ဆုံ
  • ၁၀ ဖေဖေါ်ဝါရီ : ချားလ်စ်မင်းသား ဒုတိယအကြိမ်အကြိမ် ကိုဗစ်ကူးစက်ခံရကြောင်းတွေ့
  • ၁၄ ဖေဖေါ်ဝါရီ : ကာမီလာမှာ ကိုဗစ်ပိုးကူးခံရကြောင်းတွေ့
  • ၂၀ ဖေဖေါ်ဝါရီ: ဘုရင်မကြီး ကိုဗစ်ကူးစက်ခံရတယ်လို့ ဘာကင်ဟမ်နန်းတော်က ကြေညာ