အွန်လိုင်းပေါ်မှာ အချစ်ဂျင်းအကြီးစား မိသွားသူ သို့မဟုတ် တကယ်မရှိတဲ့ချစ်သူအတွက် အသဲကွဲရသူ

    • ရေးသားသူ, ကာဂေးလ် ကာဆာ‌ပိုဂလူ
    • ရာထူးတာဝန်, BBC World Service
  • ရေးသားခဲ့သည်။

အချစ်ဆိုတာ လှည့်စားတတ်တဲ့သဘောရှိတယ်လို့ ဆိုကြတယ်။ နေ့စဥ်တွေ့ဆုံနေကြတဲ့ ချစ်သူတွေမှာတောင် ဖုံးကွယ်ထားကြတဲ့၊ နာကျင်စရာ ဖြစ်စေနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတတ်ကြပါတယ်။

တကယ်လို့ ကိုယ့်ချစ်သူဟာ အင်တာနက်ပေါ်မှာပဲ တွေ့ခဲ့ပြီး အင်တာနက်ပေါ်မှာပဲချစ်သူဖြစ်နေကြရင် အဆုံးသတ်က နာကျင်စရာ၊ ရှက်စရာဖြစ်ရုံတင်မက ကမ္ဘာပျက်မတတ် အသဲကွဲတဲ့ ခံစားချက်မျိုး ရနိုင်ပါတယ်။

အဲဒီလို ကြုံခဲ့ရသူ တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံက ရုင်ရှင်ရိုက်ကူးသူ အိဇဘဲလ် ဒက်ဇစ္စကီပဲ ဖြစ်ပါတယ်။

အင်တာနက်ပေါ်က ကိုယ်ပျောက်ချစ်သူကြောင့် သူ့ဘဝ ဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲဆိုတာ သူက ဘီဘီစီကို ပြောပြထားပါတယ်။ အိဇဘဲလ်ဟာ အသက် ၄၆ နှစ်အရွယ် အိမ်ထောင်ကွဲ အမျိုးသမီးတစ်ဦး ဖြစ်ပြီး အွန်လိုင်းကနေ ဒိတ်လုပ်တဲ့အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ စိတ်ကူးခဲ့သူပါ။

"အိမ်ထောင်မရှိကြသေးတဲ့ ကျွန်မရဲ့ မိတ်ဆွေတွေက အွန်လိုင်းပေါ်က သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေအကြောင်း ပြောပြကြတယ်။ ပထမဆုံး ကျွန်မတွေးမိတာက အွန်လိုင်း ဒိတ် လုပ်တဲ့သူတွေကို အင်တာဗျူးကြည့်မယ်ပေါ့။ အွန်လိုင်းပေါ်ကတစ်ဆင့် သူတို့ အချစ်ကို တွေ့နိုင်တယ်ဆိုရင် ကျွန်မအတွက်လည်း အချစ်ကို ရှာတွေ့နိုင်တယ်လေ။"

အဲဒီနောက် အိဇဘဲလ်ဟာ တိုနီဆိုတဲ့ ရုပ်ချောချော အမျိုးသားတစ်ဦးကို ဒိတ် လုပ်တဲ့ ဝက်ဘ်ဆိုက်မှာ တွေ့ပါတော့တယ်။

တိုနီဟာ အမေရိကန် လော့စ်အိန်ဂျလိစ်က ခွဲစိတ်ဆရာဝန်လို့ သူ့ရဲ့ ပရိုဖိုင်းမှာ ဖော်ပြထားပြီး မကြာခင် ပြင်သစ်ကို ပြောင်းရွှေ့ဖို့ ပြင်နေတယ်လို့ ရေးထားပါတယ်။

အိဇဘဲလ်လည်း သူနဲ့ အဆင်ပြေနိုင်တဲ့သူ တွေ့ပြီဆိုပြီး လိုက်ခ် လုပ်ပါတယ်။ အပြန်အလှန် အသဲတွေ ပေးကြပြီးနောက် မက်ဆေ့ချ်တွေ အပြန်အလှန် ပို့ကြပါတယ်။

တစ်ပတ်လောက်အကြာမှာတော့ "သူက သူ့အကြောင်းတွေ ပြောပြတယ်။ ကျွန်မကလည်း ကျွန်မဘဝအကြောင်း ပြောပြတာပေါ့။ ထူးထူးဆန်းဆန်း တိုက်ဆိုင်တာက သူ့ရဲ့ ခွေးနာမည်၊ သူ့ရဲ့သမီးနာမည်တွေက ကျွန်မအိမ်က ခွေးနဲ့ သမီးရဲ့ နာမည်တွေနဲ့ ဆင်တူနေတယ်။ အမျိုးသမီးတွေက တိုက်ဆိုင်မှုကို သဘောကျတယ် မဟုတ်လား။ ကျွန်မလည်း ဒါက ရိုမန့်တစ် ဖြစ်စေတယ်လို့ မြင်တယ်။ တကယ့်အချစ်ဇာတ်လမ်းလေးပဲ လို့ တွေးပြီး ကြည်နူးရတယ်။"

"အဲဒီနောက် ကျွန်မက သူနဲ့ ဗီဒီယိုကနေ စကားပြောချင်လာတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နေတုန်းမှာပဲ ဗီဒီယိုကောလ်နဲ့ သူနဲ့ ၁၀ မိနစ်လောက် ပြောလိုက် ရတယ်။

"ဖုန်းစခရင် သေးသေးလေးပေါ်မှာ စကားပြောနေတုန်းကတော့ ကျွန်မက သူ့ကို အကဲခတ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် လှမှလှနေပါ့မလားဆိုတာကိုပဲ ပိုအာရုံစိုက်မိတော့ သူ့ရုပ်အနေအထားကို အသေးစိတ် အကဲမခတ်မိဘူး။"

အဲဒီလို မက်ဆေ့ချ်တွေ အပြန်အလှန်ပို့ကြ၊ ဗီဒီယိုကောလ် ခပ်တိုတိုတွေ ပြောကြပြီးနောက် မကြာခင်မှာတော့ တိုနီဘက်က ဘာအကြောင်းပြန်စာမှ ရောက်မလာတော့ ပါဘူး။

ရက်အတော်ကြာကြာနေမှ တိုနီဘက်က အကြောင်းပြန်လာတဲ့အချိန်မှာတော့ သူ့နာမည်ရင်းဟာ တိုနီမဟုတ်ဘဲ မူရက် ဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်မက အတော် အံ့အားသင့်သွားတယ်။ စိတ်ဆိုးတာမဟုတ်ဘဲ အံ့သြသွားတာ။ တိုက်ဆိုင်တာက အဲဒီနာမည်က ကျွန်မခင်ပွန်းဟောင်းရဲ့ နာမည်လေ။ ကျွန်မက သူ့ကို ဘာကြောင့် နာမည်ပြောင်းထားတာလဲ မေးတော့ သူက အရှေ့အလယ်ပိုင်းက အာရပ်လူမျိုး ဖြစ်တဲ့အတွက် ကျွန်မ မကြိုက်မှာစိုးလို့လို့ ပြောတယ်။ ကျွန်မကလည်း သူ့ကို ပြန်ပြောတယ်။ ကျွန်မရဲ့ အရင်အမျိုးသားကလည်း အာရပ်-ပြင်သစ် ကပြားလို့ ပြောပြီး စိတ်အနှောင့်အယှက်မဖြစ်ဖို့ ပြောမိတယ်။

"ကျွန်မလည်း သူ့နာမည်ကို ဂူဂဲလ်မှာ ရှာကြည့်တော့ တူရကီမြို့တော် အစ္စတန်ဘူလ်က နာမည်ကြီး ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေတယ်။ သူ့ပုံတွေနဲ့ သူ့အင်တာဗျူးတွေက နေရာတိုင်းမှာ တွေ့ရတယ်။"

"အဲဒီနောက် ကျွန်မတို့နှစ်ဦးကြားမှာ ပိုပြီး ရင်းနှီးသွားကြတယ်။ အချစ်စိတ် ပြင်းပြတဲ့ စာတွေပို့ရုံတင် မလုံလောက်ဘဲ လူချင်းလည်း တွေ့ချင်လာတယ်။ သူက ကျွန်မကို လာတွေ့မယ်လို့ ပြောတယ်။

"ဒါပေမဲ့ မူရက်က သူဟာ ရှန်ဟိုင်းကို အရင် သွားရဦးမယ်လို့ ပြောတယ်။"

မူရက်ရဲ့ ရှန်ဟိုင်းခရီးစဥ်ကတော့ အိဇဘဲလ်အတွက် ပထမဆုံးအကြိမ် သံသယဖြစ်လာစေပါတယ်။

"မူရက်က ရှန်ဟိုင်းမှာ ဆေးပစ္စည်းဝယ်ဖို့ ရောက်နေတယ်လို့ ပြောပြီး သူ့ရဲ့ ခရက်ဒစ်ကတ် အလုပ်မလုပ်လို့ ယူရို ၃၀၀၀ သူ့ဆီပို့ပေးဖို့ ပြောလာတယ်။ ကျွန်မလည်း တွေးမိတာက ဒီလောက် နာမည်ကြီး ဆရာဝန်ကြီးက ကျွန်မဆီ ပိုက်ဆံအကူအညီတောင်းဖို့ ဘာကြောင့်လိုတာလဲပေါ့။ သူငယ်ချင်းတွေကိုလည်း ပြောပြမိတယ်။ သူတို့လည်း သံသယဖြစ်ကြတယ်။"

"သံသယဖြစ်မိပေမဲ့လည်း ကျွန်မက ယူရို ၂၀၀ ကိုတော့ လွှဲပေးလိုက်တယ်။ အဲဒီတုန်းက တွေးမိတာက တူရကီက ခရက်ဒစ်ကတ်က ရှန်ဟိုင်းမှာ သုံးလို့မရဘူး ထင်တယ် ဆိုပြီး ပို့လိုက်တယ် ထင်ပါတယ်။ နောက်ပြီး သူက ရှန်ဟိုင်းကနေ ပဲရစ်ကို သုံးရက်နေရင် လာမယ်လို့ ပြောတာလေ။"

မူရက်လာမယ်လို့ ပြောတဲ့ရက်မှာတော့ ပထမဆုံးအကြိမ် လူချင်းတွေ့ရတော့မှာမို့ အိဇဘဲလ်ဟာ အရမ်းကို စိတ်လှုပ်ရှားနေပါပြီ။

"ကျွန်မ သူ့ကို သွားကြိုဖို့ လေဆိပ်ကို ထွက်ခဲ့တယ်။ ကျွန်မအကြာကြီး စောင့်ခဲ့တယ်။ ဒါပေမဲ့ သူကတော့ ပေါ်မလာဘူး။"

အိဇဘဲလ်ဟာ ဒီအကြောင်းပြောရင်း သက်ပြင်းရှည်ကြီးချပြီး ဆက်စကားပြောဖို့ အားယူလိုက်ပါတယ်။

"ကျွန်မ သူ့ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ သူဆီက အကြောင်းမပြန်တော့ဘူး။ ကျွန်မ အရမ်းကိုပဲ စိတ်ဆိုးဒေါသထွက်မိတယ်။ ဘာကြောင့် သူအကြောင်းမပြန်တာလဲ ဆိုတာ စဥ်းစားမရဘူး။ စိတ်ဆိုးနေပေမဲ့ ကျွန်မ သူ့ကို ချစ်နေတုန်းပဲ။ ဘာကြောင့်လဲဆိုတဲ့အပေါ် ကျွန်မ အဖြေတစ်ခုရမှ ဖြစ်မယ်။"

အိဇဘဲလ်ဟာ အွန်လိုင်းပေါ်က အလိမ်အညာကိစ္စ၊ ငွေညှစ်တဲ့ကိစ္စ ဖြစ်နိုင်တယ်လို သံသယဝင်မိပေမဲ့ မူရက်နဲ့ကိစ္စမှာတော့ ဒီလိုဖြစ်မယ်လို့ သူလက်ခံလို့ မရပါဘူး။

"ကျွန်မနဲ့ ဗီဒီယိုကောလ်တွေမှာ သူ့ကို မြင်ခဲ့တာလေ။ မူရက်က အပြင်မှာ တကယ်ရှိတဲ့သူပဲ။ သူငယ်ချင်းတွေတောင် သူ့ကို မြင်ဖူးတာပဲ။ ကျွန်မကလေးတွေတောင် သူ့ကို မြင်ဖူးတယ်။ သူဟာ အပြင်မှာ တကယ်မရှိတဲ့သူ မဖြစ်နိုင်ဘူး။"

နောက်ရက်အနည်းငယ်အကြာမှာတော့ မူရက်ဟာ အိဇဘဲလ်ကို ဆက်သွယ်လာပါတယ်။ အိဇဘဲလ်က ဒီတစ်ကြိမ်မှာတော့ မူရက်ကို ဖုန်းပေါ်က မဟုတ်ဘဲ ကွန်ပျူတာကနေ သေသေချာချာ ကြည့်ပါတယ်။ ဒါပေမဲ့ ဗီဒီယို အရည်အသွေးက မကောင်းသလို ခဏခဏ ထစ်နေပါတယ်။ နောက်ပြီး ကလစ် ကလစ် ကလစ် ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။

အိဇဘဲလ်က ဒီဗီဒီယိုကို ကျွမ်းကျင်သူတစ်ဦးဆီ ပြကြည့်တဲ့အခါ ဒီဗီဒီယိုက အတုဖြစ်နိုင်ကြောင်း ပြောပါတယ်။ နောက်ပြီး ယူကျုမှာ သမ္မတအိုဘားမားကို အတုလုပ်ပြီး ပြထားတဲ့ "Obama Deepfake" ဗီဒီယိုနဲ့ နှိုင်းယှဥ် ကြည့်ခိုင်းပါတယ်။ အဲဒီအခါ ဗီဒီယိုကောလ်မှာ တွေ့ရတဲ့ မူရက်ရဲ့ ပုံက အတုဖြစ်တယ်ဆိုတာ အိဇဘဲလ် လက်ခံသွားပါတယ်။ (Deepfake နည်းပညာဆိုတာကတော့ လူတစ်ဦးဦးရဲ့ ဗီဒီယိုကို ဒီဂျစ်တယ်နည်းပညာနဲ့ ပြုပြင်ပြီး အဲဒီလူ ပုံနဲ့ပါးစပ်လှုပ်ပုံတွေအတိုင်း သူ မပြောတာတွေကို သူ တကယ်ပြောနေတယ်လို ထင်ရအောင် နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။)

"ကျွန်မ အရမ်းရှက်မိတယ်။ ကျွန်မ အရမ်း မိုက်မဲခဲ့တယ်။ အရမ်းတုံးအခဲ့တယ်။ တကယ်တော့ ကျွန်မက စိတ်ဓာတ်ခိုင်မာတဲ့သူတစ်ဦးပါ။ ဒါပေမဲ့ အခုတော့ ကျွန်မ ကျရှုံးခဲ့ပြီ။ ကျွန်မရဲ့ခံစားချက်တွေ လုယူခံလိုက်ရတယ်။ ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ဓာတ်တွေ အဓမ္မပြုကျင့်ခံလိုက်ရတယ်။ ကျွန်မ သူ့ကို ယုံခဲ့မိတယ်။"

အဲဒီနောက် အိဇဘဲလ်ဟာ သူနဲ့ စကားပြောခဲ့တဲ့ ရုပ်ပုံနောက်ကွယ်ကလူ ဘယ်သူလဲဆိုတာ ဖော်ထုတ်ချင်လာပါတယ်။ အဲဒီလူနဲ့ နောက်တကြိမ် ဗီဒီယိုကောလ်နဲ့ ပြောဖို့ ကြိုးစားပါတယ်။ ရတဲ့အခါမှာတော့ ....

"ကျွန်မက သူ့ကို 'ရှင် ဘယ်သူလဲ'လို့ မေးတယ်။ 'ရှင်ဟာ မူရက်မဟုတ်ဘူး'ဆိုတာ ကျွန်မ သိနေပြီလို့ ပြောလိုက်တော့ သူက စကားမပြောဘဲ အကြာကြီး ငြိမ်သွားပြီး နောက်တော့ ဖုန်းချသွားတယ်။"

အဲဒီနောက် မူရက်ဆိုသူက သူ့နာမည်က ဒေးဗစ်ဖြစ်ပြီး သူဟာ အသက် ၂၀ အရွယ် နိုင်ဂျီးရီးယားက ကွန်ပျူတာ ဟက်ကာ ဖြစ်တယ်လို့ မက်ဆေ့ချ်ပို့ပြီး ပြောပါတယ်။ သူဟာ ဒီအလုပ်ကို ပိုက်ဆံအတွက်လုပ်တာဖြစ်ပြီး သူတို့အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လှုပ်ရှားနေတဲ့အဖွဲ့လို့ ပြောပါတယ်။ သူဟာ ဒီလုပ်ငန်းကနေ ချမ်းသာလာပြီး ကနေဒါမှာ ကျောင်းသွားတက်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

အိဇဘဲလ်ဟာ သူအလှည့်စားခံရတာကို ရာဇဝတ်မှုအဖြစ် တိုင်တန်းခဲ့ပေမဲ့ အရေးယူလုပ်ဆောင်နိုင်ဖို့ကိစ္စမှာတော့ နောက်ထပ်အဆင့်တွေ အများရှိနေပါသေးတယ်။

အသည်းကွဲခဲ့တဲ့ အိဇဘဲလ်က အပြင်မှာ သူ့လို လူတွေ အများကြီး ရှိနိုင်တဲ့အတွက် သူလိုမဖြစ်အောင် သတိထားဖို့ ပြောပါတယ်။

"ကျွန်မတို့ ဒီအလိမ်အညာတွေကို တိုက်ဖျက်ရမယ်။ ကိုယ်ပျောက်ချစ်သူအတုတွေကို ရှာဖွေ ဖော်ထုတ်ရမယ်။ တချို့က သူတို့ လိမ်ညာခံခဲ့ရတယ်ဆိုတာ ထုတ်ပြောဖို့ ရှက်တဲ့အတွက် ထုတ်မပြောချင်ကြဘူး။

"ကျွန်မတို့ ဒီ အက်ပ် တွေကို သုံးတယ်ဆိုတာက ကျွန်မတို့က အချစ်ခံချင်လို့၊ ချစ်ချင်ကြလို့ သုံးကြတာပါ။ ဒါဟာ မူးယစ်ဆေးစွဲသလိုပဲ။ တစ်ခါသုံးမိရင် ထပ်ထပ် သုံးချင်တယ်။ ဒါပေမဲ့ အပြင်ဘဝဆိုတာ မရှိတော့ဘဲ ဒီပုံရိပ်ရောင်ကမ္ဘာထဲမှာ ကျွန်မတို့ဘဝတွေ ဆုံးရှုံးသွားကြတယ်။"

မှတ်ချက် - မူရက်ဆိုတဲ့ နာမည်ဟာ ခွဲစိတ်ဆရာဝန်ကြီးရဲ့ နာမည်အစစ်အမှန်မဟုတ်ပါ။ ဆရာဝန်ကြီးရဲ့ မေတ္တာရပ်ခံချက်အရ နာမည်လွှဲထားပါတယ်။

Catfishing - ဒီလို အွန်လိုင်းမှာ အကောင့်တုဖွင့်ပြီး အချစ်ရှာတဲ့သူတွေဆီကနေ ငွေလိမ်လည်ယူတဲ့သူတွေကို အင်္ဂလိပ်လိုတော့ catfishing လို့ခေါ်ပါတယ်။ ဒီလို အလိမ်မခံရဖို့ဆိုရင် ပရိုဖိုင်းမှာ တင်ထားတဲ့ အချက်အလက်အပြင် နောက်ထပ်မေးခွန်းတွေ ထုတ်ဖို့ ၊ ကိုယ်နဲ့စကား‌ပြောတဲ့သူ ဘယ်သူလဲဆိုတာ အင်တာနက်ပေါ်မှာ ရှာကြည့်ဖို့၊ အစစ်အမှန်ဟုတ်မဟုတ် စစ်ဆေးနိုင်အောင် သူငယ်ချင်းတွေ မိသားစုဝင်တွေဆီက အကြံဥာဏ်ယူဖို့၊ တကယ်မသိကျွမ်းသေးဘဲ ဖုန်းနံပါတ်၊ အီးမေးလ်နဲ့ တခြားကိုယ်ရေးအချက်အလက်တွေ မပေးမိဖို့၊ ပိုက်ဆံတောင်းလာရင် မပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားကြပါတယ်။