ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တွင်းနက်ကြီးထဲ ကျနေတဲ့ ၅ နှစ်သား ကလေးငယ်ကို စက်ယန္တရားကြီးတွေသုံးပြီး ကယ်ထုတ်နေ
မော်ရိုကိုနိုင်ငံ မြောက်ပိုင်း ရှက်ဖ်ရှောက်ဝိန်ဆိုတဲ့ မြို့အနီးက တွင်းကြီးတခုထဲကို ငါးနှစ် ကလေးတဦး ကျနေခဲ့တာ လေးရက် ရှိပြီ ဖြစ်ပေမယ့် ကယ်နိုင်ဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။
ရေရန် ဆိုပြီး ဒေသခံသတင်းဌာနတွေက ရေးသားဖော်ပြနေကြတဲ့ အဲဒီ ကလေးငယ်ဟာ ၁၀၄ ပေ အနက်ရှိတဲ့ အဝကျဉ်းပြီး နက်ရှိုင်းတဲ့ ကျင်းကြီးထဲကို ကျနေခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေ အနေနဲ့ အဲဒီ ကလေးငယ်နဲ့ ၂ မီတာ အကွာလောက်အထိ ရောက်ရှိနေပြီလို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဒါပေမယ့် အခုလို ကယ်ဆယ်ရေးလုပ်ရတဲ့ မြေနေရာက ကျောက်လွှာနဲ့ သဲဆန်တဲ့ မြေအလွှာတွေ ရှိတဲ့ နေရာ ဖြစ်တဲ့ အတွက် မြေမပြိုသွားစေဖို့ အထူးသတိထား လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
အခုလို အနေအထားကြောင့် ဒီကလေးငယ်ကျသွားတဲ့ တွင်းဝကို မချဲ့တော့ဘဲ တွင်းအနီးမှာ ကယ်ဆယ်ရေးသမားတွေက ကျင်းနက်နက် ထပ်တူးပြီး ကလေးငယ် ကျနေတဲ့ နေရာကို အလျားလိုက် တူးသွား နိုင်အောင် ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။
ရေရန်က ဒီတွင်းထဲ ဘယ်လို ကျသွားခဲ့တာလဲ
ရေရန်ကျသွားတဲ့ တွင်းဟာ ရေတွင်းဟောင်းတခုဖြစ်ပြီး ရေတွင်း ပြုပြင်သူတဦးဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူက ဒီရေတွင်းကို ပြန်လည်ပြင်ဆင်နေတဲ့ အချိန်မှာ အနားရှိနေတဲ့ သူ့သားက မတော်တဆ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ရေရန်ရဲ့ မိခင်ဖြစ်သူကတော့ သူတို့မိသားစုဟာ ဖြစ်စမှာ အခုလို တွင်းထဲပြုတ်ကျသွားတာကို မသိဘဲ တမိသားစုလုံး လိုက်ရှာ နေခဲ့ကြတာလို့ ဆိုပါတယ်။
အခုလို ရေရန်ပြုတ်ကျသွားတာကို သိရှိသွားကြတဲ့ ဒေသတွင်း အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းကတည်းက အခုလို ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေ ဘယ်လိုကြိုးစားနေရသလဲ
ရေရန်ကျသွားတဲ့ တွင်းအကျယ်ဟာ ဆယ်လက်မ လောက်သာ ကျယ်တဲ့ အတွက် ကယ်ဆယ်ရေးသမားတွေ အစဦးပိုင်းကတည်းက အခက်တွေ့ခဲ့ရပြီး ပေ ၉၀ လောက်အနက်မှာတော့ တွင်းက ပိုကျဉ်းလာလို့ ကလေးကို လှမ်းမမှီခဲ့ဘူးလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
အဓိကအားဖြင့် တွင်းဝကို ချဲ့ရင်း ကလေးပေါ်ကို မြေပြိုကျမှာ စိုးရိမ်တဲ့အတွက်လည်း ဘေးမှာ ကလေးကျသွားတဲ့ အနက်လောက်ရှိတဲ့ ကျင်းထပ်တူးပြီး ဘေးတိုက်အနေအထား ဆက်လက် တူးယူမှုနဲ့ ကယ်နိုင်အောင် နည်းလမ်းပြောင်းပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ တုန်းကတော့ တွင်းထဲချတဲ့ ကင်မရာကျေးဇူးနဲ့ အဲဒီကလေးငယ်ကို တွေ့ခဲ့ရပြီး ခေါင်းဒဏ်ရာ အနည်းငယ်ရှိပုံရပေမယ့် သတိလည်း မေ့မနေဘဲ အသက်ရှင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ဖေဖော်ဝါရီ ၅ ရက်နေ့ ယူကေ စံတော်ချိန် မွန်းလွဲ ၂ နာရီ အထိမှာတော့ အဲဒီကလေးငယ်ကို မကယ်တင်နိုင်သေးပါဘူး။