အမေရိကန်-ရုရှား တွေ့ဆုံမှုမှာ ရရှားဘက်က ခြိမ်းခြောက်မှုလျှော့သွား

ရေးသားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ ရုရှားနဲ့ အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တွေ တွေ့ဆုံပွဲ အပြီးမှာ သူတို့အနေနဲ့ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရုရှားက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ကျင်းပခဲ့တဲ့ ခုနစ်နာရီကြာ ဆွေးနွေးပွဲမှာ တင်းမာမှုတွေ လျှော့ချသွားဖို့အတွက် ဆက်ကြိုးစားဖို့ နှစ်နိုင်ငံကြား သဘောတူညီမှုခဲ့ကြပါတယ်။

ဒါပေမယ့် အဲ့ဒီ ဆွေးနွေးပွဲကနေ ကြီးကြီးမားမား အောင်မြင်မှု ရလဒ်ထွက်ခဲ့တဲ့ ပုံစံမျိုးတော့ မတွေ့ ခဲ့ရပါဘူး။

ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းခန့် ယူကရိန်းနယ်စပ်အနီးကို ရောက်နေတယ်လို့ သတင်း တွေ ထွက်လာအပြီး ယူကရိန်းနိုင်ငံထဲကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်မှာ စိုးတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ သတိပေးချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ရုရှားက ယူကရိန်းကိုဝင်ရောက် တိုက်ခိုက်မယ်ဆိုရင် ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ အမေရိကန်ဘက်က သတိပေး ထားပါတယ်။

အလားတူ ရုရှားဘက်ကလည်း ရုရှားနဲ့ အနောက်အုပ်စု ထိပ်တိုက်တွေ့ရင် ဖြစ်လာမယ့် အန္တရာယ်တွေကို လျှော့မတွက်ဖို့ အမေရိကန်ကို ပြန်သတိပေးခဲ့ ပါတယ်။

"ကျွန်တော်တို့မှာ အစီအစဉ် မရှိပါဘူး။ ယူကရိန်းကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့လည်း ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေကို ရှင်းပြထားပါတယ်" လို့ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့ဗ် က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"ရုရှားအနေနဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်ရေး လေ့ကျင့်ရေး ကိစ္စ အားလုံးကို ကျွန်တော်တို့ ပိုင်နက် နယ်မြေအတွင်းမှာပဲ လုပ်ဆောင်နေတာပါ။ အဲ့ဒါကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်စရာအကြောင်းမရှိပါဘူးလို့ " အစည်းအဝေးမှာ ရုရှားဘက်က လူတွေက အမေရိကန်တွေကို ပြောကြားခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောတာကတော့ ဆွေးနွေးတဲ့ကိစ္စတွေဟာ နှစ်ဖက်စလုံးက စိုးရိမ်နေတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ပိုမို နားလည်သဘောပေါက်ဖို့ ရည်ရွယ်ထားတဲ့အတွက် အစည်းအဝေးက ပွင့်ပွင့်လင်းလင်း ရှိတယ်လို့ ဆိုပါတယ်။

အဓိက သဘောမတူညီချက်တွေ ကျန်နေသေး

ဂျိမ်းစ် လန်ဒေးလ်၊ သံတမန်ရေး သတင်းထောက်ရဲ့ သုံးသပ်ချက်

ဒါဟာ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ အမေရိကန် သံတမန်တွေ မျက်နှာချင်းဆိုင် ဆွေးနွေးခွင့်ရတဲ့ ပထမဆုံး အခွင့်အရေးဖြစ်ခဲ့ပါတယ်။ ရုရှားရဲ့ တောင်းဆိုမှုတွေက နေတိုးအဖွဲ့ကို ဥရောပအရှေ့ပိုင်းကနေ ဆုတ်ခွာဖို့ ဖြစ်ပါတယ်။

သဘောတူညီချက်အနည်းအကျဥ်းပဲ ရရှိခဲ့တဲ့ ပုံပေါ်ပေမဲ့ နှစ်ဖက်စလုံးက သူတို့မှာရှိနေတဲ့ စိုးရိမ်မှုတွေကို ထုတ်ပြောခဲ့ကြပြီး အနည်းဆုံးတော့ အနာဂတ်မှာ ဆက်လက်ဆွေးနွေးနိုင်ခြေရှိတဲ့ တောင်းဆိုချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နှစ်ဖက်ကြားမှာတော့ ကွာဟချက်တွေက ကြီးကြီးမားမားရှိနေဆဲ ဖြစ်ပါတယ်။ ယူကရိန်းနယ်စပ်မှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေ ဖယ်ရှားဖို့နဲ့ အခြေအနေကို အရှိန်လျော့အောင် လုပ်ဖို့ ရုရှားကို အမေရိကန်က တိုက်တွန်းခဲ့ပေမဲ့ တိကျသေချာတဲ့ အာမခံချက်တော့ မရရှိသေးပါဘူး ။

ယူကရိန်းကို အဖွဲ့ဝင်အဖြစ် ဘယ်တော့မှ ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ နေတိုးအဖွဲ့ က အာမခံပေး သင့်တယ်လို့ ရုရှားက တောင်းဆိုထားပေမဲ့ ဒါကို အမေရိကန်ဘက်က လုံးဝ ပယ်ချခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဒုံးကျည် ဖြန့်ကြက်မှုတွေကို နှစ်နိုင်ငံစလုံးက ကန့်သတ်ဖို့ အမေရိကန်က အကြံဉာဏ်အချို့ပေး ကမ်းလှမ်းခဲ့ပေမဲ့ အဲ့ဒီကိစ္စကို ရုရှားလက်ခံလာဖို့အဆင့်တော့ မရောက်နိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ အကောင်းမြင်သမားတွေဘက်ကတော့ ဆွေးနွေးတဲ့ အချက်တွေက အလုပ်သဘောဆန်တယ်၊ ခက်ခက်ထန်ထန်မရှိဘူး ပြေပြေလည်လည်ဆွေးနွေးကြတယ်၊ ရုရှားကလည်း ယူကရိန်းကို ကျူးကျော်ဖို့ ရည်ရွယ်မရှိဘူးဆိုတဲ့ အချက်တွေကို ထောက်ပြကြပါလိမ့်မယ်။

ဒါပေမယ့် အဲဒီလို အာမခံချက်ပေးပြီးတဲ့အချိန်မှာတောင် ဒီအကျပ်အတည်းကို သံတမန်နည်းလမ်းနဲ့ အဖြေရှာဖို့ ရုရှားက အလေးအနက်ထားသလားဆိုတာ မသေချာသေးဘူးလို့ အဆိုးမြင် သမားတွေကတော့ ထောက်ပြကြမှာပါ။

နေတိုးအဖွဲ့ က သူတို့ မဟာမိတ်အဖွဲ့ထဲမှာ ယူကရိန်းကို ဘယ်တော့မှ မထည့်ဖို့ ရုရှားရဲ့ တောင်းဆိုမှု အပါအဝင် အမေရိကန် အစိုးရက စတင်တာမဟုတ်တဲ့ ရုရှားရဲ့ အဆိုပြုတောင်းဆိုချက်တွေကို အမေရိကန်ဘက်က လက်မခံခဲ့ဘူးလို့ မစ္စ ရှားမန်းက ပြောပါတယ်။

"နေတိုးမဟာမိတ်အဖွဲ့ရဲ့ အဓိကအချက်ဖြစ်တဲ့ နေတိုးရဲ့ တံခါးဖွင့်ဝါဒကို ဘယ်သူမှ ပိတ်ဆို့ ဆန့်ကျင် ခွင့်မပြုနိုင်ဘူး" လို့ သူက ဆို ပါတယ်။

ယူကရိန်းလက်ထဲကနေ ခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄တုန်းက ရုရှား ကျူးကျော်ဝင်ရောက်ခဲ့တုန်းက ကြုံခဲ့ရသလိုမျိုး ကျူးကျော်သိမ်းပိုက်တဲ့ကိစ္စတွေအားလုံးရဲ့ အကျိုးဆက်နဲ့ ရလဒ်ကို ရုရှားက ရင်ဆိုင်ရမယ်လို့ အမေရိကန် ကိုယ်စားလှယ်တွေက ရုရှားတွေကို ပြောခဲ့တဲ့အကြောင်း မစ္စရှားမန်းရဲ့ အဆိုအရ သိရပါတယ်။

အထက်မှာ ဆိုလိုတဲ့ ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ရင် ရုရှားအနေနဲ့ ကြုံလာနိုင်တဲ့ ကိစ္စထဲမှာ အဓိကဘဏ္ဍာရေးအဖွဲ့အစည်းတွေ အပေါ် ပိတ်ဆို့အရေးယူမှု၊ ပို့ကုန်ထိန်းချုပ်မှုတွေ ၊ မဟာမိတ်နယ်မြေတွေမှာ နေတိုးတပ်ဖွဲ့ရဲ့ စစ်အင်အား တိုးမြှင့်တာနဲ့ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီတွေ တိုးမြှင့်တာတွေပါဝင်ပါတယ်။

ဒီဆွေးနွေးမှုတွေဟာ စီးပွားရေးအလုပ်သဘောဆန်ပြီး ပရော်ဖက်ရှင်နယ်ကျတယ်လို့ ပြောနေပေမဲ့ တင်းမာမှုတွေရဲ့ အန္တရာယ်ကို လျှော့မတွက်ဖို့ အမေရိကန်ကို ဆာဂျီရက်ဘ်ကော့ဗ်က သတိပေးခဲ့ပါတယ်။

ဂျနီဗာဆွေးနွေးပွဲဟာ အခုသီတင်းပတ်အတွင်း အမေရိကန်၊ မဟာမိတ်နှင့် ရုရှားအရာရှိတွေအကြား ပထမဆုံးတွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး၊ ဘရပ်ဆဲလ်မြို့မှာရှိတဲ့ နေတိုးဌာနချုပ်နဲ့ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြဲတမ်းကောင်စီတို့လည်း တွေ့ဆုံကြဖို့ရှိပါတယ်။

ဒါပေမယ့် တနင်္လာနေ့က အစည်းအဝေးဟာ ယူကရိန်း အပါအဝင် အမေရိကန်ရဲ့ ဥရောပ မဟာမိတ်တွေ မပါဘဲ ကျင်းပခဲ့တာဖြစ်ပြီး ဘယ်လိုမျိုး ဆုံးဖြတ်ချက်ချတဲ့ကိစ္စမျိုးမှာဖြစ်ဖြစ် ယူကရိန်း၊ ဥရောပနဲ့ နေတိုးတို့ ပါဝင်မယ်လို့ မစ္စရှားမန်းနဲ့ အခြား အမေရိကန် အရာရှိတွေက အာမခံချက် ပေးထားပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘိုရယ်က ရုရှားရဲ့ ကျူးကျော်မှုဟာ ဖြစ်လာနိုင်သေးတယ်လို့ သူယုံကြည်ကြောင်း တနင်္လာနေ့အစောပိုင်းက ပြောကြားထားတာရှိပါတယ်။

"နယ်စပ်တစ်ဖက်မှာ ရုရှားတပ်ဖွဲ့ဝင် ၁၀၀,၀၀၀ ရှိနေသေးတယ်။ သူတို့ အဲဒီကို ကော်ဖီသောက်ဖို့ သွားကြတာတော့ မဟုတ်ဘူးထင်တယ်"လို့ သူက ပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ "ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပူးပေါင်းညှိနှိုင်းမှုနဲ့ ပူးပေါင်းပါဝင်မှု" မပါဘဲ ဘယ်အရာကိုမှ သဘောတူမှာ မဟုတ်ကြောင်း မစ္စတာဘိုရယ်က ထပ်ဖြည့်ပြောထားပါတယ်။

ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားက အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ယူကရိန်းဟာ နေတိုးအဖွဲ့မှာ ဘယ်တော့မှ မပါဝင်ဘူးလို့ ကတိပြုချက် အပါအဝင် ရုရှားအစိုးရက တောင်းဆိုချက်အများအပြားကို ပြီးခဲ့တဲ့ လက ထုတ်ပြန်ခဲ့ပါတယ်။