ပိတ်ဆို့ကန့်သတ်မှုအသစ်တွေလုပ်ရင် ဆက်ဆံရေး ပျက်စီးစေလိမ့်မယ်လို့ ဘိုင်ဒန်ကို ပူတင်ပြော

ရေးသားခဲ့သည်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ပိတ်ဆို့ကန့်သတ်မှုအသစ်တွေ ချမှတ်မယ်ဆိုရင် ဆက်ဆံရေး လုံးဝပျက်စီးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ အမေရိကန် သမ္မတဘိုင်ဒန်ကို ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က သတိပေးလိုက်ပါတယ်။

ကြာသပတေးနေ့ နှောင်းပိုင်းက တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့ရာမှာ အဲဒီလို ပိတ်ဆို့ကန့်သတ်မှုတွေဟာ "ကြီးမားတဲ့ အမှားကြီး" ဖြစ်သွားနိုင်တယ်လို့ ရုရှားသမ္မတက ပြောပါတယ်။

အမေရိကန် သမ္မတ ဘိုင်ဒန်ဘက်ကတော့ ယူကရိန်းကို ထိပါးတဲ့ ဘယ်လိုကျူးကျော်မှုကိုမဆို အမေရိကန်နဲ့ မဟာမိတ်တွေက ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားဘက်က တောင်းဆိုမှုအရ ပြုလုပ်ခဲ့တဲ့ ဒီတယ်လီဖုန်းကတစ်ဆင့် ဆွေးနွေးပြောဆိုမှုဟာ ဒီလအတွင်း ဒုတိယအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး တစ်နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

ဒီဆွေးနွေးမှုဟာ ယူကရိန်း အရှေ့ပိုင်း နယ်စပ်အရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ကြိုးပမ်းတဲ့ လတ်တလော ကြိုးပမ်းမှု ဖြစ်ပါတယ်။

အဲဒီယူကရိန်း နယ်စပ်မှာ ရုရှား တပ်ဖွဲ့ဝင် တစ်သိန်းကျော် ရောက်ရှိနေတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီတပ်ချမှုကြောင့် အနောက်နိုင်ငံတွေဘက်က စိုးရိမ်မှုတွေ ဖြစ်လာပြီး အကယ်၍ ယူကရိန်း တိုက်ခိုက်ခံရရင် ပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ အမေရိကန်ဘက်က ပူတင်ကို ခြိမ်းခြောက်ခဲ့တာပါ။

ဒါပေမဲ့ ရုရှားဘက်ကတော့ ယူကရိန်းကို ကျူးကျော်ဖို့ အစီအစဥ် မရှိဘူးလို့ ပြောဆိုထားပြီး အဲဒီမှာ ရှိတဲ့ တပ်တွေဟာ လေ့ကျင့်ရေးအတွက် ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရုရှားပိုင်နက်မြေမှာ သူတို့ တပ်တွေကို လွတ်လွတ်လပ်လပ် ပြောင်းရွှေ့ချထားနိုင်တယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးမှုမှာ နှစ်ဖက် အပြန်အလှန် သတိပေးမှုတွေ လုပ်ခဲ့ကြပေမဲ့ ဒီဆွေးနွေးမှုကို ရုရှား သမ္မတ ပူတင်က "ကျေနပ်" တယ်လို့ ရုရှားနိုင်ငံခြားရေး မူဝါဒ အကြံပေး ယူရီ အူရှာကော့ဖ်က သတင်းထောက်တွေကို ဆွေးနွေးမှု အပြီး မကြာခင်မှာ ပြောပါတယ်။

အမေရိကန်ဘက်က အမည်မဖော်လိုတဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ နှစ်ဖက်ဆွေးနွေးမှု အခြေအနေဟာ "လေးနက်ပြီး လက်တွေ့ကျ" ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေဟာ လာမယ့်လမှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ လူချင်းတွေ့ဆုံကြဖို့ ရှိနေပြီး ဘိုင်ဒန်ဘက်က ပူတင်ကို သံတမန်နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားတယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်းတင်းမာမှုဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း ယူကရိန်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ဝင်ရောက်ခဲ့ပြီးနောက် ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကို ရုရှားက ထောက်ခံခဲ့လို့ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူ တစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ပါတယ်။

ယူကရိန်းဟာ နေတိုး အဖွဲ့ဝင် နိုင်ငံမဟုတ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိပါတယ်။

ဒါကြောင့် နေတိုး အဖွဲ့ဝင် အမေရိကန်နဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေက တကယ်လို့ နောက်တစ်ခါ ယူကရိန်းမြေထဲ ရုရှား တပ်ဖွဲ့တွေ ဝင်လာရင် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုပြီး ရုရှားကို သတိပေးထားပါတယ်။